Saturday, May 4, 2013

ရင်အံဝှက်ကိုဖွင့်လိုက်တဲ့သော့ချက်တွေ ( B )

အလွမ်းအပိုင်းအစများ ( ဋ )
******************
စိတ္တဇအိမ်မက်များ
ရုတ်တရက်
သူ..ခါချထားခဲ့တဲ့မြို့ပျက်ကြီးထဲ
နိုးတစ်ဝက်ညတိုင်းမြင်မက်လို့ ။

ညနက်ကြီး..ရေ..
အမှောင်တွေထစ်ချုန်းပေးစမ်းကွယ်
ရုန်းကြွလာတဲ့ ခါးသက်မှုအာရုံများ
လွင့်ပါး ပျောက်ကွယ်သည်အထိပေါ့ ။

တရိရိ ၀ါးမျိုခံနေရတဲ့ စိမ်းတောက်ခြင်းတွေ
ဘယ်တော့များမှ ကျေအေးနိုင်မလဲ
ရင်ထဲရှိတဲ့အတိုင်းသာ
သူ.နားလည်လာရင် ကောင်းမယ်..။

လမ်းဟောင်းလေးဆီ
မျှော်ရည်တမ်းတစိတ် ဖြစ်တဲ့အခါ
လိပ်ပြာတမ်းချင်းဟောင်းတစ်ပိုဒ်
သူ..နှုတ်တိုက်ရွတ်ဆိုဖြစ်ပါစေ..
"အေးမြပါစေ..အချိန်တိုင်းပါပဲ " ။

ဖွင့်ထားဆဲ ရင်ခွင်မှာ
သူတစ်ယောက်သာ ခိုနားခဲ့ဖူးမှန်း
ငါ့ အခန်းဆက် ဒိုင်ယာရီက
သက်သေပြဖို့ အဆင်သင့်ဖြစ်နေပြီ..။

အလွမ်းအပိုင်းအစများ ( ဌ )
******************
လက်တံမှားနေတဲ့ နာရီဟောင်းတစ်လုံးလို
အချိန်ကို သုံးမရတော့ဘူး
အတိတ်ကပန်းစည်းလေးထဲမှာ
မျှော်လင့်ခြင်းများစွာ နေရစ်ခဲ့ ။

စေးပျစ်နေတဲ့ အလွမ်းတွေ
မျက်ရည်နဲ့ရောပြီးမွှေနေရပေါ့
သောကတွေ တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း
ရင်မြစ်ကျဉ်းလေးဟာ
ဝေဒနာတွေ ပြည့်လျှံဖိတ်ကျလို့ ။

မဖိတ်ခေါ်ပဲ ရောက်ခဲ့တာလား
အနုသယ ၀တ်ရုံကြားမှာ
သူ့ အပြုံးလေးများသာ ချိတ်တွယ်ထားရဲ့ ။

စကားနဲ့မလုံလောက်တော့တဲ့အခါ..
ဒီမှာ...
သေချာမြင်အောင်ကြည့်
ထိကရုံးအိပ်မက်မှာ
မျက်တွင်းဟောက်တစ်စုံနဲ့လူသား
နှလုံးသားကိုထုတ်ပေးဖို့ရင်ဘတ်ဖွင့်ထားတယ် ။


အလွမ်းအပိုင်းအစများ ( ဍ )
*******************
သူ့ အကြည့်ဝေေ၀လေးမှာ
မှော်ဆန်နေတဲ့ စာသားတွေပါတယ်
ကျိုးကြေပြီးသား ရင်ဘတ်တစ်ခုလုံး
သူ့ အပြုံးဟောင်းတွေနဲ့ရက်လုပ်ထားရ ။

အဆမတန်သိုသိပ်ထားတဲ့တမ်းမက်ခြင်းထဲ
လွမ်းဆွတ်မှုတွေ တ၀ဲဝဲလွင့်ခဲ့

အဆင်သင့်ပြင်ဆင်မထားမိသူ
ရင်ဝေး ချူတံဖျားမှာ
မျက်ရည်ပွင့်များ အခိုင်လိုက်ပါသွားတယ် ။

သူက ချန်ပစ်ထားခဲ့ပေမယ့်
လူပဲကျန်ရစ်ခဲ့
ပွင့်သစ်စ သည်းဦးပန်းရယ်
လန်းဆန်းစ ချစ်မိခြင်းတွေရယ်
ရှာဖွေတွေ့ရှိကာစ ကမ္ဘာဦး ဂီတ ရယ်
အစားထိုး မရတဲ့ နှလုံးသားရယ်
ပစ်ခွါသွားတဲ့ သူ့အရိပ်တွေနောက်
တကောက်ကောက်ပျံထွက်သွားကြပေါ့ ။

ညှို့ချက်မိထားတဲ့ သတ္တ၀ါတစ်ကောင်လို
ဘယ်သောအခါမှ..
ရင်ပွင့်ကြွေတောတန်းကခွါနိုင်မှာမဟုတ်တော့ဘူး ။ ။

အလွမ်းအပိုင်းအစများ ( ဎ )
******************
ညနက်လာရင်
ကောင်းကင်ကိုမော့မကြည့်ရဲဘူး
လွင့်ဝဲကြွေကြလာမယ့် ကြယ်ပွင့်လေးတွေ
အစိမ်းခြွေခံရတာ မမြင်ရက်လို့ ။

တဖက်သတ်
ကိုယ်တိုင် မွန်းကြပ်အောင်လုပ်နေမိခဲ့
ထွက်ပေါက်မရှိတဲ့ ကမ္ဘာသစ်ကိုမှ
အကုန်ပုံပြီး ပစ်ဝင်ခဲ့တဲ့ သူပေါ့ ။

နစ်ချင်နစ်
ကျွံချင်ကျွံ
ဒီ နွံပြာလဲ့လဲ့ထဲမှာ
ရင်ကွဲတေးဆက်ဆိုနေမယ်
သူ..မဆယ်ယူ မချင်း ။ ။

အလွမ်းအပိုင်းအစများ ( ဏ )
*******************
ချစ်မိသူက အရှုံးဆိုလည်း
ပြုံးပြီးကျေနပ်နေခဲ့မိ
သူ့ရဲ့ ဥပေက္ခာ မျက်ဝန်းကတော့
ခုထိ..အစိမ်းရောင်တွေမွန်းနေတုန်း ။

"ချစ်ထုံးတွေ ဖြည်ပါတော့"
မရေရာခြင်း /မတည်မြဲခြင်းများအကြောင်း
သူ..မသိလို့လား ..မေးချင်ရဲ့ ။

အဝေးကမြင်ရုံပျော်ခဲ့ရသူမို့
မခေါ်ချင်လို့ထားခဲ့လည်းအပြစ်မမြင်ဘူး ။

သူ..
ကြင်နာသူ အစစ်တွေ့ပါစေ
မေတ္တာစစ်စစ်နဲ့ ဆုခြွေနေမိတယ်
ကံကြမ္မာကြီးရေ...
သူ့ဆီက ဆိုးကျိုးရှိသမျှ
ငါ့ အပေါ် ပစ်ချပေးခဲ့ပါ ။ ။

အလွမ်းအပိုင်းအစများ ( တ )
******************
တစ်ကိုယ်ရေ ကြေကွဲခြင်းများ
စာသားတွေနဲ့မလုံလောက်တော့ဘူး
အတိတ်က ဆူးတစ်ချောင်းအတွက်
အိပ်မက်တွေ သွေးစက်စက်ကျဆဲ ။

မကျင်လည်ပဲ ကစားပွဲဝင်နွှဲမိသလို
ဒိုင်လူကြီးကိုလည်း ကြောက်ရွံ့ရ
ပရိသတ်ကိုလည်းမ၀ံ့မရဲဖြစ်ရပေါ့
မရှုမလှရှုံးနိမ့်သွားတာတောင်
သူ့ကစားကွက်တွေကို
တမ်းမက် ဦးညွတ်နေမိဆဲ
အသည်းမှာ မှတ်ဉာဏ်မရှိတော့ဘူး
သူ..ခူးဖို့ ပန်းတစ်ပွင့်ပွင့်ထားရုံမျှသာ.... ။ ။

အလွမ်းအပိုင်းအစများ (ထ )
******************
ကိုယ့်ကိုယ်ကို မလိမ်ညာပါနဲ့
ငါ့ ကို ညာချင်ညာပါ
နှလုံးသားကို သင်္ချာတွက်တွက်နေရလို့
အဖြေမှန်မ ထွက်တတ်ဘူး ။

ရလဒ်ရှိပြီးသားအမှန်တရားမို့
ကံတရားရဲ့ စီရင်ချက်ကို
လက်ခံချိုမြိန်ထားခဲ့ရ
ညီမျှခြင်းနောက်ကွယ်က အဖြေအတွက်
ဆင်ခြေပေးဖို့ အားမှ မရှိတော့တာ ။

ခဏလေးပါပဲ
ယာယီအဖြစ် သူ စခန်းချခဲ့ရာ
ငါ့ ရင်ဘတ်တစ်ကြောလုံးတလွင့်လွင့် ၀ါတယ် ။

ဘာကိုမှနားမလည်ချင်တော့ဘူး
ဆည်းဆာဖျော့ဖျော့မှာ
လေပြည်ဆော့တိုင်း လွမ်းတယ်
လရောင်တွေ ရွာချတိုင်း
သူ့ဆံနွယ်မှာ အုပ်ဆိုင်းတတ်တဲ့
ပွင့်ဖတ် ဖြူဖြူလေးတွေလည်း လွမ်းတယ် ။

နေ့နေ့ ညည အလွမ်းက
ရင်ဘတ်နဲ့တောင်မမျှတော့တဲ့အခါ...
ကံကြမ္မာကို တောင်းပန်လိုက်မိရဲ့
"ခပ်မြန်မြန် အမိန့်ချမှတ်ပေးပါတော့... " ။ ။

အလွမ်းအပိုင်းအစများ ( ဒ )
*****************
အလွမ်းနဲ့ထိုးဖွင့်လိုက်တဲ့အခန်းမှာ
ခန်းဆီစလေး တောင် တဖျတ်ဖျတ်ခါခဲ့
ငုံအာနေဆဲ နွေရိုးတံဆီ
ကံဆိုးခြင်းတွေ အဆုပ်လိုက်ပွင့်တယ် ။

မျောလွင့်ရာတိမ်တိုက်များကြား
အားငယ်မှုတွေ ကွယ်ဝှက်ထားရ
ရွာချလာလေမလား စိုးစိတ်နဲ့
တိုးတိတ် ကြောက်ရွံ့ဆဲပေါ့
ရင်ဘတ်အကွဲကြီးမှာ
ဆုတောင်းအလွဲတွေသည်းသည်းမဲမဲ ပျို့အန်လို့ ။

မငြင်းဆန်နိုင်ခဲ့ကြဘူး
တို့ ခူးမိတဲ့ သစ်သီးထဲ
ချိုမြမှုနည်းလွန်းခဲ့တဲ့အကြောင်းတရားကို
သူ့ နှုတ်ခမ်းပါးက
အလိုလို ပြုတ်ကျခဲ့ဖူးတဲ့စကားတွေထဲ
ဓားသွားထက်ထက်တွေမပါဘူး
ဒီလောက်ထိ
ရူးရူးသွပ်သွပ်ယုံကြည်မိသူလေ ။

နင်းချေထားခဲ့ပါ
ခူးခြွေပစ်ခဲ့ပါ
ကျန်ရစ်သူရဲ့ ဆန္ဒအမှန်အတိုင်းဆို
သူ..နစ်နာစေလိုစိတ်မရှိခဲ့
လိပ်စာမှားပြီးရောက်လာတဲ့ ဖူးစာအလိုကျ
ဘ၀က..
လွမ်းနာကျနေတဲ့အချစ်ငတ်မှင်စာတစ်ကောင်လိုဖြစ်တုန်းပဲ ။ ။

အလွမ်းအပိုင်းအစများ ( ဓ )
*******************
လေးဖက်လေးတန်နံရံထဲ
သူ့ပုံရိပ်တွေပဲရစ်ဝဲနေတယ်
အစိမ်းလိုက်ခွဲခံထားရခြင်းမှာ
အသည်းက
နာမည်တစ်ခုကိုမှတ်သားနေမိဆဲပေါ့ ။

လွဲမှားမှုအပြစ်ဒဏ်ချက်တိုင်း
ပင်လေသေရင်ဘတ်ကြီးကလှိုင်းထန်တတ်ခဲ့
ငြင်းဆန်နေကျဝါကျတမြုံနဲ့
မလုံတဲ့ရင်ဘတ်ကဖွင့်မကြည့်လည်း မြင်နိုင်တယ် ။

အလဲအလှယ်မလိုတဲ့နားလည်မှုမှာတောင်
သမုဒယတွေမှောင်ခိုဈေးဖြစ်ခဲ့ရ
သူပေးသွားတဲ့ ပွင့်တူ ရွက်တူဝေဒနာများ
ငါ့ ရင်ဘတ်မှာ
အကန့်လိုက်ပေါက်ဖွားကျန်ရစ်သေးရဲ့ ။
တဖြည်းဖြည်း
သူက အေးခဲသွားတဲ့ ရေခဲတစ်တုံး ဖြစ်တယ် ။

ဝေးကွာနှုန်းဘယ်လောက်များများ
အမုန်းတရားဆိုတဲ့ဝေါ ဟာရ
ငါ့ အဘိဓာန်မှာလာ လာမရှာနဲ့
မေတ္တာဘောင်ကွပ်ထားတဲ့ စာမျက်နှာ စ- ဆုံး
သူ့ နာမည်လေး တစ်လုံးပဲ
ငါ့..အဘိဓာန်...။       ။

ရတုသစ်

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks