နာသူများ
__________
ဘုရားစကားတိုင်း လိုက်နာရမယ်လို့
ဘုရားက အာဏာရှင် မဆန်ခဲ့ ၊
ဆန့်ထားတဲ့ လက်ရှေ့မှာ
ရေစက်ခွက်လေးဟာ မမီ့တမီ
ကွေးထားတဲ့ ခြေထောက်တွေနားမှာ
နိဗ္ဗာန်ဆိပ်ဦးဟာ မဆိုက်တဆိုက် ၊
ယေဓမ္မာ ဟေတုပ္ပဘဝါ …ကို ကြားဖူးပြီ
သဗ္ဗေ သင်္ခါရာ အနိစ္စာ…ကိုလည်း ကြားဖူးပြီ
တရားဟာ မိုက်ခရိုဖုန်းတွေထဲက ထွက်လာတယ်
တရားဟာ စီဒီခွေထဲက ထွက်လာတယ်
တရားဟာ ဟန်းဆက်တွေထဲထိ စိမ့်ပျံ့လို့
တရားဟာ မှန်သားပြင်တွေပေါ်မှာ အရိပ်ထင်လို့ ၊
မနက်ဖြန်ဆိုတာ မျှော်လင့်ချက်ပါလို့ ပြောသူ ပြောမယ်
ဘဝကူးကောင်းဖို့ စိတ်ကောင်းလေး မွေးသူ မွေးမယ်
သေပြီးရင် အေးရောလို့ တွေးသူ တွေးမယ်
အခု ဖြစ်ပျက်နေတဲ့ ရုပ်နဲ့နာမ်မှာ
ဘာမှ မသိရှိလိုက်ရလေသော နာရီအသေတွေ…၊
ဘုရားစကားထဲမှာ တရားတွေ ရှိတဲ့အကြောင်း ပြသဖို့
တရားတွေထဲကနေ ဘုရားကို ပြန်ရှာဖွေရတယ်
ပြုံးတော်မူနေသော ရုပ်ပွားတော်ကိုပဲ တွေ့ခဲ့ရပါတယ် ။
#ရတုသစ်
03032017
6:36PM
( တစ်ခုခု ဖြစ်ခဲ့သလို...ကဗျာစာအုပ် /နှာ -၆၀)
