Thursday, October 4, 2012

အစဉ်လှစေချင်ပါသည်


အကြည့်
ရင်ထိဝင်ဆူး ၊ ငါယစ်မူးပြီ
အထူးဆန်းပဲ ၊စိတ်ထဲတွေးမိ
ဖြေ မရှိသည် ၊ နတ်မိမယ်မို့လေပဲလား

အပြုံး
ရစ်ထုံးနှောင်ဖွဲ့ ၊ ၀င်လာခဲ့ပြီး
တကယ့်ရင်တွင်း ၊ ချဉ်းနင်းမွှေကာ
ခိုနားလာသည် ၊ ကလျာနတ်နွယ်လေပဲလား

နှုတ်ခမ်း
ခေါင်ရမ်း သွေးနီ ၊ နှင်းဆီနီလို
နီနီစွေးစွေး ၊တွန့်ကွေးလေးကိုင်း
ပုံခိုင်းနှိုင်းမည် ၊ နတ်တိုင်းပြည်ဖွားလေပဲလား

အသံ
ထိမှန်ရင်တွင်း ၊ စောင်းသံညင်းလို
တိုးညင်းငြင်သာ ၊ သာယာဝေစည်
ချိုအေးကြည်သည် ၊ ဒေ၀ီမယ်မို့လေပဲလား

ကိုယ်ဟန်
နန်းဆန်ယဉ်ကျေး ၊ လှပဂေးမို့
ကြည့်ငေးမောရ ၊ အလှဂုဏ်ရောင်
မှူးထိပ်ခေါင်သည် ၊ သူယောင်မယ်မို့လေပဲလား

နတ်ပြည်ဖွားသူ ၊ မြင်သူထင်ရ
သူ့အလှကို ၊ပိုင်ဆိုင်လိုလည်း
နဂိုရ်လှပ ၊ပန်းဘ၀လို
နုရွလန်းဆန်း ၊ အမြဲတမ်းသာ
ရွင်လန်းမြူးကြွ ၊ လှမြဲလှ ဖို့
ဝေးက သာငေး ၊ပိုင်ဆိုင်ရေးကို
မတွေးတောမိ ၊ အလှကြည့်လျှက်
ကြွေမည့်ချိန်ခါ ၊ မမြင်ပါလို
ရင်မှာနေ့စဉ် ၊ ဆုတောင်းယှဉ်သည်
အစဉ်လှစေချင်ပါသည် ..။

                        ရတုသစ်
    ( ၅-၁၀-၂၀၁၂  == မနက်  ၃း ၄၀ မိနစ်)

3 comments:

အိပ်မက်ကောင်းကင် said...

ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားသွားတယ်နော်
ကဗျာဆရာလေးက အတွေးကောင်းလှချည်လား
ရေးလည်းရေးတတ်လှပါဘိ
လင့်လည်းယူသွားပြီနော်
နောက်လည်းသည်ထက်မကကဗျာတွေကိုရေးသားနိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

Yoemyaykya said...

ကဗျာလေးက တမျိုးချစ်စရာကောင်းတယ် ရတုရေ။

မိုးနတ်ကြယ်စင် said...

သြော်..သြော်..ကောင်မလေးကတော့ တော်တော်ကိုလှမဲ့ပုံ...
ဒါထက် မိုးနတ်ထက်များလှလို့လားဟင်....အဟက်...စတာပါ
ကောင်းတယ်...သိလားရတု..
ခင်မင်နေတဲ့...မိုးနတ်

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks