Monday, December 17, 2012

မျက်မှန်တပ်ရမယ့် ခြေထောက်များ

အဆင်းလမ်း အတက်လမ်း ခပ်ကြမ်းကြမ်းပဲ ဒီဘ၀မှာ
မာယာနဲ့သစ္စာကို ကြိုးညှိရင်းခြေချော်ချင်မိ လျော့တိလျော့ရဲ
လျှောက်ဆဲရှေ့ခြေတစ်လှမ်းအတွက်နောက်ခြေနဲ့ထောက်ကန်ပေးထားရ
နောက်ခြေအားနဲ့ရှေ့ကိုတစ်လှမ်းချင်း ဆက်လက်ချီတက်ချိန်
အပျက်ပျက်နဲ့နှာခေါင်းသွေးမထွက်ချင်ဘူးဆိုရင်
သက်လုံကောင်းတဲ့ခြေထောက်တော့လိုမယ်..။

ကတောက်တဆသိပ်များတဲ့ဟောဒီလောကကြီးထဲ
ခြေမျက်စိကိုပြူးပြဲပြီး ရှင်ရှင်ဖွင့်ထားရပေါ့
ပြန်နှုတ်လို့ရတယ် ဆိုတိုင်း ကြမ်းကျွံလို့ တော်/မတော်
တောင်တန်းကိုကျော်မယ့်ခြေထောက်ဟာအသွားတော်နေမှဖြစ်မယ်..။

ရှပ်တိုက်/ ဖိ /ဖွ /ပြင်းထန်/ညင်သာ မှုများထဲ
ခြေကုပ်မြဲနေမှ အဆင်အပြေဆုံးထင်ရဲ့
တုံးတိုက်တိုက်ဆိုပြီး ဇွတ်တိုးရန် လို /မလို
နဂို ကမှားချင်နေတဲ့ခြေလှမ်းကမလဲပြိုရင်အကောင်းဆုံးပေါ့
တစ်တောင်ဆုံးပေမယ့် နောက်တစ်လုံး..နောက်ထပ်တစ်လုံး
တောင်ကုန်းများစွာ ကျန်နေသေးတယ်
ဝေးဝေးလျှောက်ဖို့ဆုံးဖြတ်ထားမှတော့ဝေးဝေးရောက်အောင်အားစိုက်နေရ
လမ်းမှားမ၀င်အောင်ထိန်းကွပ်ပေးနေရ
ဘ၀ တိုပေမယ့် လမ်း များ /ရှည် တယ် ။

သွားလိုရာခရီးရောက်ပြီလား
သတိတရားကိုခြေထောက်မှာကပ်ချည်ထားလိုက်
တိုက်ခိုက်ဒေါက်ဖြုတ်မယ့်ရန်ခလုတ်အတွေ့မှာ
ခြေအသိမ်း အနှုတ် ပါးနပ်မှ အကျသက်သာရာရပေါ့
အကျအပေါက်များလွန်းတဲ့လမ်းများထက်
ခြေပန်း မကျအောင်အားသွန်ထားရတယ်..။

သွားခဲ့ပြီး သွားနေဆဲ လမ်းများကြားက
သွားရမယ့်လမ်းကိုမြင်ရပြီလား
ကြိုးစားအားတင်းထားတဲ့ခြေထောက်ရဲ့အရွှေ့ကို
မေ့မနေအောင်သတိထားမှဖြစ်မယ်..
ခြေထောက်များရဲ့မျက်စိကိုဖွင့်ထားမှဖြစ်မယ်..။

ခပ်ညစ်ညစ်လမ်းဟောင်းထဲတိုးဝင်မိတိုင်း
ဒီခြေထောက်ကိုပြန်ဆေးကြောဖြစ်ဖို့အရေးကြီးရဲ့
ကျွံနေတာကိုဆက်မကျွံအောင်ပြန်နှုတ်လိုက်
ဆက်တိုက်ကျွံနေတဲ့နွံမှာခြေဆင်းထိုင်နေလို့မဖြစ်သေး
အားသစ်မွေးပြီးပြန်ထ..ဒါဘ၀ပဲ..။

လဲနေသူထူပေးမယ့် လူစစ်စစ်ရှားလာတဲ့လောကထဲ
လဲချပြနေလို့ကောင်း/မကောင်း တွေးကြည့်
အသိနဲ့ခြေလှမ်းကို ထိန်းသိမ်းရင်းမတိမ်းမစောင်းမောင်းနှင်နိုင်ဖို့
ချို့တဲ့နေတဲ့စိတ်အားကိုပြန်ဖြည့်ရင်း
မေ့လျော့တတ်လွန်းတဲ့ခြေမျက်စိကို
သတိ မျက်မှန်တပ်ထားမှဖြစ်တော့မယ်။

                     ရတုသစ်

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks