ပင်လယ်အော်ဆီက တောင်ပံခတ်သံကို ကြားဘူးလား
လားတစ်ကောင်ရဲ့ ဂျက်လေယာဉ်ထက်မြန်တဲ့ အမြန်နှုန်းကိုမြင်မိလား
လားရာ ရောက်ရာ ဆိုက်ကပ်ရာမှာ ဘာတွေကြိုနေတယ်ဆိုတာ သိပြီပေါ့
ပေါ့ပေါ့တန်တန်တွေးထားတာတွေက လေးနက်နေတတ်တာ တွေ့ဘူးမှာပါ
ပါဆယ်ထုပ်တစ်ထုပ်ရဲ့အလေးချိန်က ချိန်ခွင်ထဲမှာပဲ ရှိတာမဟုတ်
ဟုတ်သလိုလိုနဲ့ မဟုတ်သလိုလိုဖြစ်သွားတာတွေ အများကြီး
ကြီးကြီးကျယ်ကျယ်ပြောမှ လူရာဝင်မယ်လို့တော့ မထင်ခဲ့မိ
မိထားတဲ့အတွေးတွေလွတ်သွားမှာပဲ စိုးရိမ်စိတ်တွေ လွန်ကဲ
ကဲသာကဲ ဆိုပြီးမြှောက်ပေးနေတဲ့ လက်တွေက ကြောက်စရာ
ရာရာစစဘာမှမဟုတ်တဲ့ အပိုင်းအစတွေကြားမှာ ပျော်မွေ့နေ
နေသာချိန်ဆိုတာညအခါမှာလည်း ရှိတတ်တယ်လို့ပြောတာ မမှား
မှားနေတဲ့ရှေ့နေတွေ နောက်နေရင် သတိပြု
ပြုစားခံထားရတဲ့အသိကိုပြန်ဖြေဖို့ ၀ိညာဉ်တွေ ရှင်းထားလိုက်
လိုက်ရင်းဝေးဝေးနေတဲ့ ရေသေမြောင်းတစ်ခုဟာ ပြားချပ်ချပ်
ချပ်ကပ်လာတဲ့လောကပါလတရားမှာ ဖောင်းပွနေတာဘယ်သူ ပြုပြင်မလဲ
လဲယိုင်လာတဲ့ခေတ်ကို ထောက်တိုင်ကူဖို့ လွယ် လွယ်လေး မထင်နဲ့
နဲ့တဲ့တဲ့ပြေးနေတဲ့ ဘ၀ဘတ်စ်ကားကြီးက ဘရိတ်ပေါက်
ပေါက်ပေါက်ရှာရှာတွေးနေတဲ့ အတွေးအမြင်မှာ အစောင်းလိုက်ဒေါင်လိုက်
လိုက်ရင်းပြေးရင်းနဲ့ပန်းတိုင်ဟာ ရွြှေ့ပည်တော်မျှော်တိုင်း ဝေး
ဝေးဝေးကပဲဖြေသိမ့်နေလို့ သက်သာမယ့်ဝေဒနာ ရှိ /မရှိ
ရှိတာလေးနည်းနည်းကိုမသိတာများများနဲ့ ဆိတ်ကိုဆင်သားရေ ဖုံး
ဖုံးကွယ်ထားတဲ့အမှားဝင်္ကပါဟာ အကွေ့အကောက် မျက်လှည့်
လှည့်ကြည့်တိုင်းမြင်နေတော့ သမင်လည်ပြန်ကိုမတ်မတ် ထူထား
ထားခဲ့တဲ့ပုံသေကားချပ်မှာ အဓိပ္ပါယ် ဘယ်ရွေ့ဘယ်မျှ
မျှမျှတတတွေးတတ်ရင် နေပျော်စရာပါ ဆိုတဲ့အဆိုကို ထောက်ခံဖို့
ဖို့ထားတဲ့အိပ်မက်တွေ မှောက်လိုက်လှန်လိုက် ကတိုက်ကရိုက်
ရိုက်စစ်မှပေါ်တာမဟုတ်တဲ့ တရားခံကိုရိုက်စရာ လို /မလို
လိုနေတာကိုလိုနေမှန်း သိအောင်ဖြည့်ကြည့်မှ အားလုံးအလိုဖြစ်
ဖြစ်နေတာကဖြစ်သင့်တာထက်နောက်ကျနေတော့ ဖြစ်ချင်တာတွေ ပျက်
ပျက်သွားတဲ့လမ်းကြောင်းကို သဲဖြူးပြီးခြေရာရှာဖို့ အနံ့ခံ
ခံနေရတာများတော့ခန္တီ ဆိုတာ ရသေ့ကြီးတစ်ယောက်ရဲ့ ဘွဲ့နာမည်
မည်ကာမတ္တမဟုတ်တဲ့ လောလောဆယ်တွေဆီမှာဘ၀ကို မြှုပ်ထားရ
ရထားထွက်သွားတာတောင် လက်မှတ်ဖြတ်ဖို့မေ့ကျန်ခဲ့တဲ့ လူ
လူထဲမှာ အဲလိုလူတစ်ယောက် အမှန်ရှိခဲ့တယ်ဆိုတာ ပုံပြင်တစ်ပုဒ်
ပုဒ်စပ်ပုဒ်ဖြတ်မှားနေတဲ့ကဗျာတစ်ပုဒ်ကို ဘယ်လိုဖတ်ရမှန်း မသိတတ်
တတ်သိတာလေးနည်းနည်းနဲ့ငင်နေရတော့ အမြင်တွေ ကပ်လွန်းတယ်။
ရတုသစ်
( 5-12-2012 )
No comments:
Post a Comment