Tuesday, January 22, 2013

အသုရကာယ်တေးသွား


ငါတို့ နေသားတကျဖြစ်ချင်တယ်
ငါတို့ ထမင်းနပ်မှန်ချင်တယ်
ငါတို့ အိမ်စစ်စစ်လေးနဲ့ နေချင်တယ်
ငါတို့ ကျောပြင်တွေ အိပ်ရာနံ့ရှူပါရစေ
ငါတို့ ခေါ်င်းတွေ ခေါင်းအုံးစစ်စစ်မှာတင်ထားချင်တယ်
ငါတို့ စိတ်ချလက်ချ တစ်ရေးလောက်အိပ်ပါရစေ
ငါတို့ အိပ်မက်တွေက လန့်လန့်မနိုးထပါရစေနဲ့
ငါတို့ မွေးတုန်းကအတိုင်း အင်္ဂါခြေလက် စုံနေချင်တယ်
ငါတို့ အင်္ကျီ လုံချည် လုံခြုံအောင် ၀တ်ပါရစေ
ငါတို့ နေရောင်ခြည်စစ်စစ် လှုံချင်တယ်
ငါတို့ လေပြည်ညင်း ၀၀ ရှိုက်ချင်တယ်
ငါတို့ မျက်စိတွေ အမြင်ပြန်တည့်ပါရစေ
ငါတို့ နားဝမှာ ပြတင်းတံခါး လုပ်ပေးပါ
ငါတို့ မျက်ရည်တွေ ခြောက်သွေ့ခွင့်ပေးပါ
ငါတို့ လမ်းကောင်းကောင်းလျှောက်ပါရစေ
ငါတို့ ခြေထောက်က ကြိုးတွေ ပြန်ဖြုတ်ပေးပါ
ငါတို့ အကြောက်တရားကို နှစ်သိမ့်ပေးပါ
ငါတို့ ဦးနှောက်တွေအားသွင်းပါရစေ
ငါတို့ အသိစိတ်တွေ ပြန်လွှတ်ပေးပါ
ငါတို့ အဆုတ်တွေ လေတိုက်ပါရစေ
ငါတို့ နှလုံးသားတွေ ဆေးခွံ့ပါရစေ
ငါတို့ စိတ်အနာတွေ ဆေးထည့်ပေးပါ
ငါတို့ မိသားစုပန်းချီမှာ ဆေးရောင်စုံပါရစေ
ငါတို့ ကောင်းကင်ကြီးတွေ ပြိုမကျပါရစေနဲ့
ငါတို့ ယမ်းနံ့တွေ မရှူချင်တော့ဘူး
ငါတို့ ကွဲရှ ပြိုလဲသံတွေ မကြားချင်တော့ဘူး
ငါတို့ လရောင်အေးအေးမှာ တေးသီချင်းဟစ်ကြွေးချင်တယ်
ငါတို့ မြေမှာ ငါတို့ ပျိုးကြဲပါရစေ
ငါတို့ ပြည်မှာ ငါတို့ ရင်ဖွင့်ပါရစေ
ငါတို့ သစ်ရိပ် ၀ါးရိပ်မှာ ငါတို့ အရိပ်ခိုပါရစေ
…………….လိုချင်တယ်
…………….ပါရစေ
တောင်းဆိုမှုတွေဟာ ငါတို့ ဂီတလား
ရလိုမှုတွေဟာ ငါတို့ကဗျာလား
ပေးဆပ်နေရတာတွေဟာ ငါတို့ သမိုင်းလား
အမြင် အကြား အတွေးတွေ ဆေးမတိုးသေးသရွေ့
ငါတို့ မွေ့လျော်ချင်တဲ့ ဘ၀ဟာ…
ညည်းသံတအူအူကြားမှာပျောက်ဆုံးခဲ့ရ
မညီမျှတဲ့ အမျှအတန်းမှာ အမျှသံတွေဟာဆိတ်ငြိမ်တယ်  ။

                 ရတုသစ်
    (22-01-2013 /12:41pm )

 ***ရဲရင့်လမင်း ပေးထားတဲ့ခေါင်းစဉ်အောက်မှာ ညည်းတွားမိခြင်း***

3 comments:

Yoemyaykya said...

ကဗျာလေးက ရင်ထဲထိတယ်။ မရောက်တာနဲနဲကြာသွားတယ်။ ဒီနေ့လာအားပေးခဲ့တယ်နော် ရတု

roseayemaung said...

ဖြစ်ချင်တာလေးတွေ..ဖြစ်နိုင်ပါစေ..ကိုရတု

မိုးနတ်ကြယ်စင် said...

ကိုရတုရဲ့ ညည်းသံလေးတွေ လာခံစားသွားတယ်ဗျို့:)
ဆန္ဒတွေ ပြည့်ပါစေ ကိုရတုရေ...
ခင်တဲ့....မိုးနတ်

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks