Saturday, March 30, 2013

စိတ်လုံးပွဲ

အပူဖွာရရာ နွေ၀တ်ရုံထဲ
ဖက်စွတ်မိုး ခိုးရွှဲခဲ့ပေါ့
တစ်ပွဲတိုး ထုံးမန်း နဲ့ ရှိန်းမပြီးတဲ့အခါ
နွေဒဏ်ရာက တဆစ်ဆစ်နာတယ် ။

ဘယ်လောက်ဖြာကျကျ
မျက်ရည်က အိုင်မဖြစ်ဘူး
အထူးပြုလုပ်ချက် ပွဲစဉ်မှာ
ငါ့အတွက်
အနိုင်ဆိုတာမရှိ
သေရဆိုတာမသိ ။

အနီကတ် ငြိ ငြိနေတဲ့ ပြကွက်ဟာ
ခုချိန်ထိ
ဒိုင်လူကြီးရဲ့ မျက်နှာသာပေးမှုနဲ့ ဝေးခဲ့ရ ။

သက်လုံမဝဘဲ ပစ်ချခံထားရသူမို့
"ထိပ်ဆုံးသို့.. " ကဗျာလေးနဲ့အားသွင်းမိရဲ့
နွေမိနေတဲ့ စိတ်က
တရိပ်ရိပ် အားကျနေတုန်း
အပြုံးအခွံတွေကြားမှာ...။ ။

ရတုသစ်
30032013
ည10:10နာရီ



Friday, March 29, 2013

လူနာတစ်ကောင်ကြွေတဲ့အလွမ်း

မဟာရာမ်တံတိုင်းကြီးလောက်ဆို
ကျော်ဖြတ်ပစ်ဖို့ ကိုယ်မတွေေ၀ပါဘူး
ခုတွေ့နေတဲ့ တံတိုင်းကမလွယ်မှန်း
ရင်ပြတင်းခန်းစည်း လေးလှပ်ပြီးမော့ကြည့်ပါ ။
မာယာတွေလို့ မင်းယူဆထားသမျှ
ကိုယ် စောဒက မတက်ချင်ခဲ့
မင်း ထင်တဲ့ဖက် က စြပ္စြဲပါ
ကိုယ့်ရင်နာ ကိုယ္သာ အသိဆုံး ။
ရင်ခုန်နှုန်းကို စကားထာမ၀ှက်ဘဲထားကြည့်
မင်းသိသလို ကိုယ်လည်းသိနေတဲ့ ရင်ခုန်သံ
ကိုယ် မငြင်းဆန်ခဲ့ဘူး
ဒီဆူးက နေရာမှားပြီး ဆူးခဲ့သလား
ဒဏ်ရာရတဲ့ကြားက ကိုယ်ပျော်တယ် ။
မငြိတွယ်ခဲ့ကြရင်အကောင်းသား
ခုတော့..
ကိုယ့်နှလုံးသား ကိုယ် ပြန် ပြန်ညာနေခဲ့
ဖိအားပြင်းလာတဲ့ ရင်ဘတ်က
ကြက်ခြေခတ်ရုံနဲ့မလုံခြုံတော့ဘူး
ကိုယ့်ကို မေ့ဆေးတစ်ဘူးပေးပါ ။
မင်းမကြိုက်တာမှန်သမျှ ကိုယ်လုပ်မယ်
ကိုယ့် ကိုနားလည်မပေးပါနဲ့
အဖြေလွှာတစ်ခုထဲထွက်မယ့် မေးခွန်းအတွက်
ကိုယ့်အိပ်မက်တွေ လက်ပန်းကျနေတယ်
အလွမ်း + အချစ် = ? ။
ကိုယ်ပြောခဲ့ဖူးသမျှစကားများ
လိမ်ညာတယ်ပဲ မှတ်ထားလိုက်ပါ
စကားဟာ စကား
နှလုံးသားဟာ နှလုံးသား
ဒီမျဉ်းနှစ်ခုကြား ကိုယ် ငရဲကျပါစေတော့ ။
မဖြစ်နိုင်မှန်းသိလေလေ
ပိုဖြစ်ချင်လေ လောကရဲ့သဘောမှာ
အမောအပန်းမခံချင်ပါနဲ့
ဆန့်ကျင်တာတွေကိုယ်လုပ်တိုင်း
ကိုယ့်ကိုယ်အနိုင်နဲ့ပိုင်းသွားစေချင်တယ် ။
တံတိုင်းနောက်ကွယ်ကအမှန်ဇာတ်မြစ်ကို
မင်း တူးမြှုပ်ပစ်လိုက်ပါ
ရုပ်သိမ်းမရတဲ့ ပန်းတစ်ပွင့်နဲ့
လွင့်နေအောင် ကိုယ်ရူးသွပ်မယ် ။
ရင်ထဲထိအလွတ်ရနေတဲ့နာမည်တစ်လုံးနဲ့
အရှုံးမှန်သမျှ ကိုယ်လည်စင်းခံမယ် ။
နေ့ခံ ညခံ ဗိမာန်ကျဉ်းလေးထဲ
အသည်းကွဲနေမယ့်အကြောင်းလေး
မင်း မတွေးခဲ့မိရုံနဲ့
ကိုယ့်ဘ၀လုံလောက်ခဲ့တယ် ။
တကယ်ဆို ကိုယ်က
၀ဋ်နာ ကံနာ ရင်နာတွေမှာ
အလွမ်းနာဖိစီးနေတဲ့ လူနာတစ်ယောက်ဖြစ်ခဲ့ရ
ဒီမချိုမြခြင်းတွေထဲ
ကိုယ် တစ်ယောက်တည်း ကြွေမယ်
မင်း မျက်ရည်တွေ သိမ်းပေးပါ ။ ။

ရတုသစ်
29032013
10:25PM

Wednesday, March 27, 2013

သနပ်ခါးပွင့် တမ်းချင်း

ရယ်ဒီမိတ်အလှကုန်တွေများလာတော့
သနပ်ခါးပွင့်လေးရဲ့အအေးဓာတ်ကို
လွမ်းတယ်
အရမ်းအိုက်စပ်တဲ့ညဆို
ပိုတမ်းတမိပေါ့

အဆင်ဆန်း အသွင်ဆန်းတွေကြား
အမြင်တွေပင်ပန်းသွားရ
ချည်သားစစ်စစ်လေးနဲ့
ရိုးသားမှုလေးတွေအခိုးခံရမှာစိုးထိတ်မိရဲ့

မျက်လှည့်ပြချင်တဲ့အထဲ
ယဉ်ကျေးမှုကိုဆွဲမထည့်ပါနဲ့ကွယ်

ရနံ့ပြယ်နေတဲ့ပန်းတစ်ပွင့်ကို
ဘယ်သူမွှေးချင်မလဲ
တွေးကြည့်နေမိ
ငေးကြည့်နေမိ

အခုလောလောဆယ်တော့
သနပ်ခါးနံ့ပြယ်တဲ့ပါးပြင်တွေတွေ့တယ်
နောက်....ဆို..... ။

ရတုသစ် 



Monday, March 25, 2013

ဖျားနာနေသောပိရမစ်တစ်လုံး


အပြုံးမှာဓားသွားတွေတပ်မလာရ
မျက်၀န်းနှင့်နှလုံးသားချိတ်ဆက်မှုအားကောင်း၏
အပြုံးတုများသည် ပျားရည်ရောသောအဆိပ်
တိတ်ဆိတ်နေသောအခန်းတစ်ခု၀ယ်
ထုထည်ကြီးသောအမှောင်တွေလိမ့်။

ကံထမ်းလာတာ မမြင်ရ ဟု ဆိုသူဆို
လှံထမ်းလာတာ မမြင်ရ ဟုပြောသူပြော
ကံကိုယ်တိုင် လှံထမ်းလာသောအခါ ငုတ်တုပ်မေ့ကျန်ရစ်ခဲ့ရ
လောက ကြီးအား ဘားနဒ်ရှော ထံအပ်နှံပစ်၍
ဂစ်တာတစ်လက်ကီးကြောင်နေသံကို နားထောင်အံ့
လေမလောင်ပဲ ကြွေသောသစ်ရွက်တစ်ရွက်၀ယ်
မရဏကို ခွဲစိတ်ကြည့်မိသောအခါ..
အမှောင်သည်ဖျတ်ကနဲ တံခါးဖွင့်ထွက်လာ ။

ရမ္မက်၀ိုင် အရသာကို မသိသေး
ကျဆိမ့်သည် အိပ်ဆေးကို ပြယ်စေတတ်ရဲ့
စားပွဲထိုးမလေးလာပေးသောဆေးပေါ့လိပ်မှာ
အဆိပ်အနည်းငယ်ရောထွေးပါ၀င်ကြောင်း
ထောင်းထောင်းထသွားသောအငွေ့များကြား
တောင်ပံခတ်သံမှားသောခြင်တစ်ကောင်က
လတ်လတ်ဆတ်ဆတ် သက်သေပြနေတယ် ။

ခဏလေး နေပါဦးခင်ဗျာ..
ဦးငှက်ကြီးရဲ့သီချင်းသံဆုံးရင်ကျွန်တော်ပြန်မယ်
မနက်ဖြန်ရောက်ဖို့ကွမ်းတစ်ယာညက်ခန့်ကျန်သေးရဲ့
လက်ကျန်အလွမ်းလေးတော့ ဆေးစိမ်ထားပါရစေ
ကျွန်တော့်နှလုံးသားမှာပိရမစ်တည်ထားပြီ
ပလီပလာ ပြောခြင်း သည်းခံပါ
သန်ဘက်ခါထိ
ကျွန်တော်ဖျားနာနေမိပါဦးမည် ။ ။

ရတုသစ်
25 /03 /2013




Thursday, March 21, 2013

ခွင့်တောင်းခြင်း အမှတ်စဉ် ( ၂ )


တစ်ခုခုကို ပြောပြဖို့ကြိုးစားတိုင်း
ဒီ တံတိုင်းကြီးက လာလာခံတယ်
ဆန္ဒရှိသလောက်ပြောခွင့်မရတဲ့အခါ
အရာရာ က ညံ့သက် ဆွံ့အ
ခါးရှရှအိပ်မက်တွေပဲ မက်နေရပေါ့
လျော့လျော့သွားပြီလား သံယောဇဉ်
မမြင်နိုင်တဲ့ တစ်နေရာမှာ လူးလှိမ့်ရင်း
လေညင်း တိုးတိုက်ရင်တောင် ရှခံနေရတဲ့အကြောင်း
သတင်းမကောင်းပေမဲ့ ပါးလိုက်ပါရစေ..မမဝေ ။

အရေခွံလဲလို့ရစတမ်းဆို
ကျွန်တော့် ရင်ဘတ်အခန်းကို ပြန်သစ်ချင်ရဲ့
မဖြစ်နိုင်တာကို တမ်းတရတဲ့အခါ
ရင်မော တာပဲ အဖတ်တင်ကျန်တတ်သလား
ဒီ စောင့်စားခြင်းများနဲ့ ဘ၀
ကျွန်တော် ဘယ္လို ရုန်းထ ရမလဲ
လဲကျနေတဲ့အတိုင်းလေးပဲ ကြွေမယ်
နောက်တစ်ခါ ဝေဖို့စဉ်းစားရင်
ကျွန်တော့် ရင် ကို ဓားတင်ပစ်ခဲ့ပါ
မမအကြောင်းလေးတွေးရင်း လွင့်စဉ်ချင်လို့ ။

မရင့်ကျက်သေးတာ အျပစ္လား မမေ၀
အမှားတွေ ထပ်ထပ်လုပ်မိတိုင်း
ကျွန်တော် ရိုင်းတယ်ချည်း မထင်ပါနဲ့
ပတ်၀န်းကျင်ရဲ့ အစွေအစောင်းက
ရင်ဘတ်ကို လာလာရှလို့ပါ
ဖြစ်နိုင်ရင် ညတိုင်း ရူးချင်တယ် ။

မိုက်ရူးရဲအပေအတေကောင်တစ်ယောက်မို့
ကိုယ်ယောင်ဖျောက်မရတဲ့ စိတ်ဆတ်ဆတ်နဲ့
အချိုမသတ်တတ်တဲ့ဗီဇတွေ ဖျောက်နိုင်ဖို့
ကျွန်တော့် လျှို့၀ှက်ပညာရေးမှာ
မမပဲ ဂိုက်လုပ်ပေးပါ မမဝေ..။ ။

               ရတုသစ်
           18-03-2013
              1:26 AM

Sunday, March 17, 2013

ခွင့်တောင်းခြင်း အမှတ်စဉ်-၁


ဖုံးထားတဲ့ ရင်ဘတ်ကိုဖွင့်လိုက်တော့
သော့ ပျောက်သွားတဲ့ တံခါးတစ်ချပ်ကိုထပ်တွေ့ရ
လွလွပပ ကျန်ရစ်မယ့် အမာရွတ်ကိုထုပ်ထားဆဲ
ဒီ တစ်နွေထဲ ပိတောက်တွေ ငိုဦးမယ် ။
အလိုလိုကြွေပါတယ်ဆိုမှ
ဒီနွေက အရှိန်ပြင်းပြင်း ၀င်လာခဲ့
တည်နေလို့မရတော့တဲ့အခါ
ကြွေချလိုက်ပစ်လိုက်ရတာ အကောင်းဆုံးပဲ
ဒီ အသည်းရဲ့ နောက်ဆုံး စက္ကန့်မှာ
တစ်ချက်လောက် ရပ်တန့် ကြည့်ပေးပါ..မမဝေ ။
နွေ နေ ဆိုမှတော့ ပူပြီးသားပဲ
ဒီကြားထဲ ကျွန်တော်က မီးမွှေးမိသူလား
စကားပြောမတတ်တိုင်း ကျွန်တော့်ကို မဆူပါနဲ့
လူကြားသူကြား လူပေါင်းရှားလာတော့
ကျွန်တော့်စကား ခါးချင်ခါးမယ်
မှားချင်စရာများတဲ့လောကကြီးထဲ
ဘယ်သူ့လက်တွဲပြီး ကျွန်တော်ချိုပြရမလဲ
ဒီအဆိုတင်သွင်းဖို့နောက်တွန့်နေခဲ့တာ
ဟော..ဟိုမှာ..ပိတောက်တွေခြေချလာခဲ့ပြီ ။

အရာရာ အကောင်းအတိုင်းမြင်တတ်ဖို့
ကျွန်တော့်မျက်၀န်းတွေ ချို့တဲ့ပါတယ်
လွယ်လွယ်ကူကူ ပျော့ညံ့ပြတတ်ဖို့
ကျွန်တော့် ခေါင်းက သံချပ်ကို ခွါပေးပါ
ကျိန်စာစူးခဲ့တဲ့ နှလုံးသွေးအိုင်မှာ
ထောက်တိုင်ပျောက်သွားမယ့်လူတစ်ယောက်အဖြစ်
ကျွန်တော်တစ်ယောက်တည်း နစ်နေရစ်ပါရစေ ။။။

                         ရတုသစ်
              ( 12/3/2013 ။ 2-45 )

Monday, March 11, 2013

လွမ်းသ၀ဏ်...စေ..

နွေရိပ်မူသော ၊ ပင်အိုကြောမှ
ဥသြငယ်သည် ၊လွမ်းစိတ်တည်၍
ပလီနွဲ့နှောင်း ၊နွေးတေးဟောင်းဖြင့်
လွမ်းကြောင်းကျုးရင့် ၊ အလွမ်းလွှင့်သော်
ပျံ့လွင့်စိတ်တွေ ၊ မျက်ရည်ကြွေလျှက်
ဝေးနေသူ့ထံ ၊စိတ်လည်ပြန်ပြီ..
ဖွင့်အန်လွမ်းချင်း ဆိုမိသည် ။

လွမ်းစိတ်နှိုးသော ၊ ငှက်ဥသြငဲ့
ငါပြောစကား ၊ သူလေ ကြားရန်
သင့်အား တောင်းဆို ၊ ပြောစေလို၏
ရင်ပြိုကြေမွ ၊ ဤေသာက ကို
ဌာနကွာဝေး ၊ သူ့ဆီပြေး၍
မနှေးမြန်စွာ ၊ တေးထံတျာဖြင့်
သီကာကျူးရင့် ၊ နှုတ်ခွန်းဆင့်လော့

ရင်နင့်သူကို ၊ ကူညီလိုလျှင်
ပင်အိုမှဆင်း ၊လေကိုခွင်းလျက်
လွမ်းချင်းသူ့ထံ ဆက်ပါလေ ။ ။
 
                 ရတုသစ်
(10-3-2013 ) ၁နာရီ ၊ ၅၃မိနစ် ။)



Friday, March 8, 2013

ထာ၀ရ ကဗျာ

                         (၁ )
ထိုနေ့ကကဗျာတစ်ပုဒ်ကြောင့်အမေကသူ့ကိုသိရှိသွားသည်။ကဗျာကိုအတန်အသင့်ခံစား
နိုင်သောအသိုင်းအ၀ိုင်းမှသူ့ကိုတံဆိပ်ကပ်လိုက်ကြ၏ ။တံဆိပ်ကြောင့်သိသည်လား ။ကဗျာကြောင့်သိသည်လား ။သူမသိ ။အမေကတော့သိရှိသွားပြီဖြစ်
ဖြစ်သည်။သူသည် အမေ့အတွက်တစ်ခြားသူ မဟုတ်ခဲ့ပါ ။

                                             ( ၂)
သူတစ်ခုခုလုပ်တိုင်းအမေအကုန်သိလိမ့်မည်မဟုတ်။အမေသိနေနှင့်သောသူ့
အကြောင်းကိုလည်းသူမသိ။သိဖို့လည်းမလို။တစ်ခါတစ်ရံလောကကြီးကိုစိတ်
တိုသည်။အမေမျက်နှာညိုအောင်သူမလုပ်ချင်။ ဖြစ်နိုင်လျင်အမေ့အပြုံးကို
ဘောင်ခတ်ပုံသွင်းထားချင်သည်။အမေဟုသူထင်ထားသောအမေသည်သင်္ခါရအတိုက်
အခိုက်ကိုမတွန်းလှန်နိုင်။ကျောက်တိုင်ကျောက်ရုပ်များသည်ပင် နှဲ့ဖန်များလာသောအခါ နဲ့လာတတ်ကြောင်းရှေးကပြောခဲ့သောစကားများသူကြားဖူးထားခဲ့သည်။တရားအကြာကြီး
နာသောအခါနားဆူတတ်၏။ခါးပူတတ်၏။တရားသည်နာရုံနာရမည့်အရာမဟုတ်။အမေ
ဟောသောတရားများ၌သူ နားမဆူခဲ့။ခါးမပူခဲ့။မွတ္သားမိသမွ် အမေသည်တရားကိုစကားဖြင့်မဟောခဲ့ပါ။

                                           ( ၃ )
သူကခံစားချက်ကိုစာစီတတ်သည်။ကဗျာဖြစ်သည်၊မဖြစ်သည်အထိသူမစဉ်းစား။
ကဗျာသည်ကဗျာထက်တစ်မူးပိုခွင့်မရှိ။ကဗျာသည်ကဗျာထဲမှာရှိသည်။ကဗျာ၌တံဆိပ်
အမျိုးမျိုးရှိကောင်းရှိနိုင်သည်။တံဆိပ်ကိုဖယ်လိုက်သောအခါမည်သည့်အရာကျန်မည်နည်း။ တံဆိပ်သည်တံဆိပ်သာဖြစ်သည်။ထို့ကြောင့်..သူသိသည်။သူသိသလိုအမေကော
သိနိုင်ပါမည်လား။စိတ်အားငယ်တတ်သောအကြောင်းများ၌ ကဗ်ာဆရာ မဖြစ်သောကြောင့်ဟူသောအကြောင်းမပါခဲ့။သေချာသည်။သူကဗျာဆရာမဖြစ်နိုင်ပါ။ အမေကရောသူ့ကိုကဗျာဆရာဟုမြင်နိုင်ပါမည်လား။ သူတွေးမိသည်။အမေကသူ့ကို
ဘယ်အခါမျှမပြောင်းလဲသောအမြင်ဖြင့်သာမြင်နေလိမ့်မည်..ဟု ။

                                              ( ၄ )
အမေထုဆစ်ခဲ့သောအချိန်ကဘယ်လိုအတွေးမျိုးရှိလိမ့်မည်နည်း။သူမသိ။အမေကောတိိတိ
ကျကျမှတ်မိနေပါသေးရဲ့လား။အမေသည်အကောင်းဆုံးပြယုဂ်တစ်ခုဖြစ်၏။အမေထုဆစ်ခဲ့
သောအရုပ်တစ်ခုကအမေ့ကိုပြန်၍ထုဆစ်နေခြင်းသည်လူသိမများသော ကမ်ဘာ့ရယ်စရာအကောင်းဆုံးပြက်လုံးတစ်ခုဖြစ်သည်။အမေသည်အထုဆစ်ခံ၊ပုံဖော်ခံ၊ရေးဖွဲ့ခံ
စသည်များထက်ကျော်လွန်၏။ထို့ကြောင့်သူသည်အမေ့ကိုအမေထက်ပို၍မခေါ်ေဝါ်တတ်ခဲ့။
အမေပြုံးပါသည်။ထိုအပြုံး၌သူလောကအလယ်မှာရုန်းကြွဖို့အားအင်တွေပါ၀င်၏။သူအမြဲတမ်း
ငတ်မွတ်တောင့်တချင်မိသည်။အမေ..အမြဲတမ်းမပြုံးတတ်ခဲ့ပါ။

                                              ( ၅ )
မှတ်မိသေးသည်။ကျန်ခဲ့သောပြက္ခဒိန်ဟောင်းများထဲမှတစ်ရက်တွင်ဖြစ်၏
။ထိုနေ့ကအမေမျက်ရည်ကျခဲ့၏။ငိုနေသည်လား ။သူမေးသောအခါအမေခေါင်းခါသည်။ သူတစ်ခုပိုသိခွင့်ရခဲ့ပြီ။မျက်ရည်သည်ငိုခြင်း၏သငေ်္ကတသက်သက်သက်မဟုတ်ပါ။သူ
လက်ခံထားလိုက်၏။မျက်စိနာသောအချိန်ကသူလည်းမျက်ရည်ကျဖူးသည်။သရုပ်ဆောင်
များလည်းမျက်ရည်ကျကြ၏။မျက်ရည်ကတစ်ခြား၊ငိုခြင်းကတစ်ခြားဖြစ်ကြောင်းသူသိအောင်
အမေကကျောက်သင်ပုန်းပေါ်မှာရေးခြစ်မပြခဲ့။စာရွက်လွတ်ပေါ်၌စာစီမပြခဲ့ပါ၊။အမေသည်
ဘာဘွဲ့မျှမရဖူးသောသူ၏ဆရာမတစ်ယောက်ဖြစ်သည်။

                                             ( ၆ )
ငယ်စဉ်ကစာသင်ခန်းထဲမှာသူရန်ဖြစ်ဖူးသည်။သူ့ထက်ငယ်သောအတန်းဖော်တစ်ယောက်
နှင့်ဖြစ်၏။အတန်းဖော်၏လက်ကောက်၀တ်ကိုခဲတံချွန်ဓားနှင့်လှီးခဲ့သည်။အတန်းပိုင်ဆရာမ
၏ကြိမ်စာမိခဲ့၏။ခြေသလုံးပေါ်၌အရှိုးရာများထပ်ခဲ့သည်။ဖူးယောင်နေသောအရှိုးရာများကို
ကြည့်ကာအမေတုတ်(ဒုတ်)တစ်ချောင်းထပ်ကိုင်၏။လမ်းမလျှောက်နိုင်သောကြောင့်သူကျောင်း
တက်ပျက်ခဲ့သေးသည်။ခုထိသူရန်မဖြစ်တတ်တော့ပါ။အမေသည်ရန်ဖြစ်ခြင်းကိုမုန်းတီးစ
က်ဆုပ်ကြောင်းသူ့နှလုံးသားထဲ၌အရှိုးရာတွေအပြည့်ခပ်နှိပ်ပေးခဲ့သည်။ထိုအရှိုးရာများကို
သူဆေးမလိမ်းဖြစ်ခဲ့ပါ။

                                             ( ၇ )
ငှက်ကလေးတစ်ကောင်ဖမ်းမိသောအခါကအမေမသိအောင်လှောင်အိမ်လေးနှင့်ထည့်ထား
ခဲ့ဖူးသည်။အမေသိသွားသောအခါကက်ဆက်ထဲ၌စိုင်းထီးဆိုင်၏သဘာ၀သီချင်းကိုထည့်၍
ဖွင့်ပြသည်။လှောင်အိမ်တံခါးကိုဖွင့်ခိုင်း၏။၀ဋ်နာ၊ကံနာတွေအကြောင်းအမေစီကာပတ်ကုံး
မပြောခဲ့ပါ။ သဘာ၀သီချင်းကိုစကားပြေလိုတော့ပြန်ပြောပြခဲ့သည်။သူ့ရင်ထဲမှာသဘာ၀ ကိုသဘာ၀အတိုင်းနေစေချင်သည့်စိတ်ကိန်း၀ပ်ခဲ့၏။မည်သူ့ကိုမျှသူချုပ်နှောင်ချင်စိတ်မရှိ
တော့ပါ။အမေသည်သူ့အတွက်လွတ်လပ်ရေးစိတ်သွင်းပေးခဲ့သူသာဖြစ်သည်။အမေသည်သူ
ပုန်မဟုတ်ပါ ။

                                                    ( ၈ )
အတန်းတင်စာမေးပွဲ၌သူဆုရသောအခါတွေရှိဖူးသည်။ဆုရကြောင်းအမေ့ကိုသတင်းမပို့ခဲ့။
အမေသိသွားသောအခါအနမ်းခံရသည်။အမေ့အနမ်းကိုလိုချင်သောကြောင့်သူဆုရသည့်အခါ
တိုင်းသတင်းမပေးဖြစ်တော့။အမေသည်ဘ၀ကိုရိုးသားစွာဖြတ်သန်းခဲ့သူဖြစ်သည်ဟု သူသိထားခဲ့၏။အမေပေးသောအနမ်းကဆုရသောကြောင့်ပေးသောအနမ်းမဟုတ်မှန်းသူ
သိသောအခါသူကလည်းဆုကိုအမေ့အနမ်းလောက်မမွတ်သိပ်တတ်တော့။သူရိုးရိုးသား
သားနေချင်သည်။

                                                        ( ၉ )
ကျောင်းပိတ်ရက်များ၀ယ်အမေကထမင်းအိုးတည်ထားသည်ကိုကြည့်ခိုင်း၏။ဆန်အပျော့
အမာကိုယောက်မနှင့်ခပ်ကာစမ်းကြည့်ခိုင်းသည်။ထမင်းရည်ငှဲ့သောအခါဘေးမှကြည့်နေ၏ ။အရမ်းပျော့သွားသောကြောင့်ဆန်ပြုတ်အဖြစ်သောက်လိုက်ရသောတစ်ကြိမ်မှလွဲ၍သူထမင်း
ချက်တတ်သွားသည်။ထမင်းချက်ခြင်းသည်အမျိုးသမီးများ၏အလုပ်သက်သက်မဟုတ်ကြောင်း
အမေမပြောခဲ့ပါ။ထမင်းစားသောသူသည်ထမင်းချက်တတ်ဖို့လည်းလိုမည်ဖြစ်ကြောင်းအမေ
မမိန့်ကြားခဲ့ပါ။သူထမင်းချက်တတ်ခဲ့၏။အမေသူ့ကိုထမင်းချက်သင်ပေးသောအခါကထ
မင်းပေါင်းအိုးများခေတ်မစားသေးပါ။လျှပ်စစ်မီးလည်းခဏခဏမလာသေးပါ။တောရွာ
ဇနပုဒ်လေးမှာသူသင်တန်းဆင်းခဲ့သည်။

                                                   ( ၁၀ )
တစ်ကြိမ်တွင်ကျောင်းစာသင်ခန်းထဲမှခဲတံတစ်ချောင်းကောက်ရခဲ့၏ ။ပိုင်ရှင်မည်သူမှန်းမသိ၍ပြန်မပေးခဲ့။လွယ်အိတ်ထဲမှာပါလာသည်။အိမ်ပြန်ရောက်သောအခါ
အရိုက်ခံရသည်။ခဲတံကိုအတန်းပိုင်ဆရာမထံမအပ်ခဲ့သောကြောင့်ဟုအမေပြောသည်။အမေ
သည်အကြောင်းမဲ့မရိုက်တတ်ပါ။ထိုနေ့မှစ၍ကျောင်းဆင်းအိမ်ပြန်ချိန်ရောက်တိုင်းသူ့လွယ်
အိတ်ကိုအမေစစ်ဆေးဖို့မပျက်ကွက်ခဲ့ပါ။သူ့အတွက်အမေသည်စစ်ဆေးရေးဂိတ်တစ်ခုဖြစ်ခဲ့
သည်။ယခုအချိန်တွင်သူ့လွယ်အိတ်ကိုအမေစစ်ဆေးမိလျှင်ဘယ်လိုခံစားရမည်နည်း။သူသိ
ချင်နေမိ၏။သူ့လွယ်အိပ်ထဲ၌စာရွက်အပိုင်းအစများနှင့်စာအုပ်အချို့၊ဘောလ်ပင်န်အချို့သာ
ရှိသည်။ရင်းနှီးသောမိတ်ဆွေအချို့ပေးသောစာအုပ်များတော့ရှိပါ၏။နာမည်တပ်ထားပြီးသား
ဖြစ်သောကြောင့်ပြန်ပေးခိုင်းတော့မည်မထင်။ထိုစာအုပ်များသည်အမေ့စစ်ဆေးရေးဂိတ်
ကိုကျော်ဖြတ်နိုင်ပါလိမ့်မည်။သူများမပေးပဲယူလာသောပစ္စည်းများကိုသာအမေကန့်
ကွက်သည် ။

                                                    ( ၁၁ )
သူအမေနှင့်ငြင်းခုန်ခဲ့ဖူးသည်။ဗေဒင်အကြောင်း ။ သူကမယုံကြည်ကြောင်းပြောခဲ့၏။ အမေကပဉ္စ၀ဂ္ဂီငါးဦးထဲမှအရှင်ကောဏ္႑ညအကြောင်းပြောပြသည်။ယခုအရှင်ကောဏ္႑ည
မရှိတော့ဟုပြောသောအခါအမေကသူ့ခေါင်းကိုလက်ဆပြင်းပြင်းဖြင့်ခေါက်ခဲ့၏။သူမငိုခဲ့။
အမေပြုံးနေသည်။အမှတ်မဲ့ဆိုလျှင်ချော့မော့သည်ဟုထင်ရသောစကားကိုအေ
မပြောလာခဲ့၏ ။ ခေါင်းလေးက မာလိုက်တာ..ကျောက်ခဲကျနေတာပဲ..ဟူ၍ ။ယခုပြန်တွေးသောအခါထိုစဉ်ကတည်းကသူခေါင်းမာသည့်အကြောင်းအမေလက်ခံခဲ့ပြီးပြီမှန်းသိလိုက်ရ၏။မလုပ်ချင်သောအရာကိုမလုပ်ပဲနေ၍လုပ်ချင်မှလုပ်သောစိတ်ကိုအမေသတိထားခဲ့မိဟန်တူသည်။သူဂျစ်ကန်ကန်လုပ်တိုင်းခေါင်းခေါက်ခံရသည်။ထိုသို့အခေါက်ခံကာမာလာခဲ့သောသူ့ခေါင်းသည် ပြန်မပျော့ခဲ့။ကျောက်ခဲသည် ရွ့ှံတုံးမဟုတ်ပါ ။

                                                 ( ၁၂ )
တစ်ခုရှိသေးသည်။အချိန်ကာလအတော်ကြာသည်အထိပိုက်ဆံကိုသူမသုံးတတ်ခဲ့။ကလေး
ဘ၀တုံးကအမေမုန့်ဖိုးမပေးခဲ့ပါ။အဆင်သင့်၀ယ်ထားသောမုန့်များကိုသာအမေကျေွးခဲ့၏။
တစ်ခါတစ်ရံမုန်းပျားသလက်၊မုန့်ဖက်ထုပ်စသည်ကိုလည်းလုပ်ကျေွးတတ်သည်။ပိုက်ဆံနှင့်
အထိအတွေ့နည်းသောကြောင့်ထင်သည်။ပိုက်ဆံကိုသူမြို့ မရောက်ခင်အထိမသုံး
တတ်ခဲ့။ယခုအချိန်တွင်အမေပေးလိုက်သောပိုက်ဆံများသည်စာအုပ်ဆိုင်များ၏ရေရှည်
တည်တံံ့ရေးအတွက်တစ်ထောင့်တစ်နေရာသို့ရောက်သွားကြသည်ထင်၏။သူ့ဆီ၌စာအုပ်
တွေများလာသည်။ပိုက်ဆံအိတ်ပြားလာသည်။ အသုံးနှင့်အဖြုန်းကိုခွဲခြားထား ဟုဆုံးမခဲ့သောအမေ့ကိုစာအုပ်ပုံကြီးပြကြည့်ချင်သည်။အမေမည်သို့ဆုံးဖြတ်မည်နည်း။
အသုံးလား၊အဖြုန်းလား။သူသွားနေသောလမ်းမှာစာအုပ်များသည်သာအဖော်ဖြစ်နေကြောင်း
သိလျှင်အမေခွင့်လွှတ်နိုင်လိမ့်မည်ထင်ပါသည်။ငယ်ငယ်ကအမေသည်သူ့ကိုစာဖတ်ဖို့တ
ဖွဖွပြောခဲ့ဖူး၏ ။

                                                 ( ၁၃ )
ပြာသိုလ်လပြည့်နေ့တစ်ခုဆီကအမေ့အကြောင်းသူရေးဖူးသည်။ကဗျာ(ဖြစ်မည်ထင်ရသော)
တစ်ပုဒ်ရေးခဲ့၏။ထိုစာကိုအမေ့မဖတ်ဖူးသေး။ထိုစာထဲ၌အမေပြောခဲ့ဖူးသောစကားတွေပါသည်။
ဖတ်မိလျှင်အမေပြုံးပေလိမ့်မည်။သူမလိမ္မာသောကြောင့်တောင်းပန်ထားသောစာဖြစ်၏ ။ အရမ်းလိမ္မာဖို့မလိုဘူး..မိုက်တော့မမိုက်နဲ့..ဟုပြောဖူးသောအမေ့စကားကိုအမေပြန်အမှတ်
ရပါလိမ့်မည်။တကယ်လည်းသူအရမ်းမလိမ္မာခဲ့ပါ။လောက၀တ်လည်းမကျေတတ်ခဲ့ပါ။သူ
မှားကောင်းမှားနိုင်သည်။လောကကြီးသည်လည်းအမြဲမမှန်တတ်ခဲ့ကြောင်းအမေသိနေနှင့်
မည်ဟုသူထင်၏။ကမ်ဘာကြီးသည်ပင်(၂၃၁/၂)နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်းနေ
ကြောင်းသူ့သင်ရိုးညွှန်းတမ်းပထ၀ီ၀င်စာအုပ်ထဲမှာပါဖူးသည်ကိုအမေဖတ်ခဲ့ဖူးပါသည်။

                                               ( ၁၄ )
အမေ့အကြောင်းကိုသူသိပ်မသိပါ။အမေကလည်းအကုန်အစင်မပြောနိုင်ပါ။အမေသည်ပင်
သူ့အမေအကြောင်းအကုန်သိပါမည်လား။တကယ်ဆိုအမေသည်အမေသာဖြစ်သည်။အမေ့
အတွက်သီးခြားခေါင်းစဉ်ဖြင့်လည်းသူမခေါ်တတ်။အမေဟုခေါ်ရသည်ကိုခံတွင်းတွေ့သည်။
အေမ..အေမ..ဟုခေါ်ခေါ်ပြီးအမေ့အိမ်ကို၀င်ရတာအရသာရှိလွန်းသည်။အမေသည်သူ့ကို
အမြဲတမ်းအပြုံးဖြင့်ကြိုနိုင်လိမ့်မည်မဟုတ်။အမေဟုအခေါ်ခံ၊အသတ်မှတ်ခံထားရသောသူ့
အမေကတော့အမြဲတည်မည်မဟုတ်။သို့သော်အမေဟုအသတ်မှတ်ခံနိုင်ခဲ့သောအမေ့ကိုသူ
မြတ်နိုးသည်။အမေသည်သတ္တိရှိသူဖြစ်သည်။သူ၏အပျိုစင်ဘ၀ကိုလည်းစွန့်လွှတ်ခဲ့၏။သေ
မင်းနှင့်စစ်ခင်း၍သူ့ကိုလောကထဲလက်တွဲခေါ်ခဲ့သည်။လူ့လောကထဲကပုံဆောင်ခဲတစ်ခု
အဖြစ်ထုဆစ်ခဲ့၏။အမေသည်ကဗျာဆန်အောင်လှနေသည်။ကဗျာဆန်ပြီးသားအမေကို
ကဗျာဖွဲ့ရလျှင်ကဗျာမမီ၊စာမမီတွေချည်းထွက်လာပေလိမ့်မည်။ပြီးပြည့်စုံသောကဗျာ၊စာ
တွေတော့ဖြစ်လိမ့်မည်မထင်။သူလည်းမဖွဲ့တတ်။အဘယ့်ကြောင့်ဆိုသော်အမေသည်
ပင်ပြီးပြည့်စုံနေသောကဗျာတစ်ပုဒ်ဖြစ်သောကြောင့်ဟုဖြေရမည်။ထို့ထက်ပို၍လည်း
မဖြေတတ်တော့။သူ့အတွက်အမေသည်ဘ၀ကဗျာ ၊ ဘ၀မီးအိမ် ။

                                              ( ၁၅ )
အမေ့အကြောင်းကဗျာ(ဖြစ်မည်ထင်ရသော)တစ်ပုဒ်ရေးရန်သူကြိုးစားကြည့်မိသေးသည်။
ကဗျာတွေထက်အမေကကဗျာဆန်နေကြောင်းသိရသောအခါကဗျာရေးရန်စိတ်ကူးကိုသူ
လွှတ်ချလိုက်ရသည်။အမေကျေနပ်ပါလိမ့်မည်။အမေ့အတွက်သူ့မှာပြန်လည်ဖြေဆိုရန်
အဖြေရှိပါသည်။အမေသည်ပင်သူ့အတွက်ကဗျာတစ်ပုဒ်ဖြစ်နေသောအကြောင်း။
အေမဟူသောစာလုံး၊အသံလေးများကပင်ထာ၀ရပြီးပြည့်စုံသောကဗျာတစ်ပုဒ်ဖြစ်ပြီ
ဆိုသောအကြောင်း။သူသိပါသည်။
အမေမျက်ရည်ကျလိမ့်မည်။အမေငိုလိမ့်မည်မထင်ပါ။သူလည်းထိုမျက်ရည်မျိုးတော့ကျချင်
ပါသေးသည်။ထိုမျက်ရည်သည်အပူမဟုတ်။ထိုမျက်ရည်သည်ဆေးပေါင်းခသောမျက်ရည်
ဟုတင်စားလျှင်ဘယ်သူစောဒကတက်မည်နည်း။အမေသည်ထို့သို့မျက်ရည်ကိုပင်ကဗျာ
ဆန်အောင်ကျတတ်သူဖြစ်သည်။အမေ့အတွက်အမေဟူသောေဝါဟာရဖြင့်သာပြည့်စုံ၏။
အေမ..အေမ..အေမ..ကမ်ဘာကျေလျှင်ကျေလိမ့်မည်။အမေသည်မကျေပါ။အမေသည်
အမေဖြစ်နေသ၍အမေ့အကြောင်းမသေပါ။အမေကဗျာသည်အချိန်တိုင်းလှပနေမည်
သာဖြစ်ပါသည်။


                                                        ရတုသစ်


Thursday, March 7, 2013

ကမ္ဘာပျက်တေးသွားနဲ့သီဆိုမိတဲ့ နွေကြိုတေးရဲ့ အလွမ်းသံစဉ်


တွေးမထားပါနဲ့ ချစ်သူ
ဒီကမ္ဘာဟာ
ဒီကဗျာအဆုံးမှာ ပျက်ခဲ့ရင်တောင်
ငါဆိုတာ
မင်းလက်ထဲက ရွှေငါးလေးတစ်ကောင်။
အများယောင်လို့ ထအော်ရတဲ့
အလန့်တကြားတွေထဲမှာ
ငါ့နှလုံးသားက
ပွင့်သစ်စယုန်ငယ် လေးလည်း ဖြစ်ပြန်တယ်။
နေထွက်ရာ အရပ်ကို မျက်နှာမူပြီး
အနောက်ရပ်လို့ လူတွေယုံကြည်လာတဲ့အခါ
ငါ့မေတ္တာကို မျက်ကွယ်ပြုလိုက်ပါ
ဟိုမှာ
ဒလိမ့်ကောက်ကွေး ရွက်ကြွေတွေက
ငါ့အတွက်ဆိုပြီး
အလွမ်းတွေကို သယ်ဆောင်လာတော့
ငါ သေသေချာချာ ရူးခဲ့ပြီပေါ့။
ဒီနွေဦးလည်း အရင်နှစ်တွေလိုပါပဲ
နှလုံးသားကိုပဲ အပူဟပ်စေခဲ့တယ်
ဖျတ်ခနဲ လူးလိုက်တဲ့ ငါ့ရင်ခုန်သံမှာ
နင့် လိပ်ပြာလေး လှဖို့
ငါနေ့နေ့ညည သတိတရ ဆုတောင်းမိတယ်
ဒီကမ္ဘာဟာ ဒီကဗျာအဆုံးမှာ
ပျက်မသွားချိန်လေးအထိပေါ့။

                    ညီမင်းဝေ ၊ ရတုသစ်
                         3.3.2013
                    တော်ဝင်ကဗျာဝိုင်း


Monday, March 4, 2013

ထပြန်သွားတဲ့ အတိတ်မှာ အသည်းကိုင်းလေး ဆတ်ဆတ်ခါ


တယုတယမွေးမြူထားရတဲ့အလွမ်းမို့
မှင်ရည်ခမ်းတဲ့အထိဆက်ရေးနေမိတယ်
အလှည့်ကျရောက်လာမယ့် အချိန်ပြညွှန်းကိန်းတွေကြား
ပဝါပါးနောက်ကွယ်က ပုံရိပ်လေးကို လွမ်းတယ် ။

စိတ်ကူးထဲမှာတောင်တကယ်မဝေးရဲခဲ့သူပါ
လောကမျက်လှည့်တစ်ကွက်မှာ
ကျွန်တော့်ကိုထားရက်ခဲ့ပေါ့
အပြုံးမဲ့အောင်သင်ပေးသွားခဲ့တာလား ..မမဝေ

ဖြေဆေးရှိနေတာတောင်
ဒဏ်ရာကယောင်တယ်

အမှောင်တွေတလွင့်လွင့်ကြဲတဲ့ကတ္တီပါညဆို
လရောင်လွမ်းချင်းနဲ့ ငိုဆဲပေါ့ ။

အချော့ခံချင်တာ မဟုတ္ဘူး မမဝေ
မျက်ရည်မှာ အလွမ်းတွေ
တစိမ့်စိမ့်ကြွေတာပါ

လေပြေတိုးသံကြားရင် မခံနိုင်ဘူး
လွမ်းဖူးတဲ့ရင်က နင့်နင့်နေလို့
ခွဲခွာရန် အဆင်သင့်မဖြစ်သေး
ရင်ခွင်ကို
ဘယ်သံစဉ် ၊ ဘယ်ရာသီတွေနဲ့ ပြင်ဆင်ရမလဲ
နည်းလမ်းလေး ကြွေချပေးခဲ့ပါ။


                  ရတုသစ်


Sunday, March 3, 2013

အသံတိတ် အတ္တ


မျက်လုံးကလေးပင့်ကြည့်လိုက်တာ
မေးလေးငေါ့ပြလိုက်တာ
မျက်စောင်းလေးခဲ ပြလိုက်တာ
အံလေးကြိတ်ပြလိုက်တာ
ပါစပ်လေးတင်းတင်းစေ့ပြလိုက်တာ
ဖနောင့်လေးစောင့်ပြလိုက်တာ..စသည်.. ။

 အဲဒီအမူအယာတွေကြား
ဘယ်သူက ဝေဝါးခိုင်းလို့လဲ
ကိုယ့် ခမဲနဲ့ကိုယ် ကြိုးကွင်းစွပ်လို့
မလွတ်လပ်သေးတဲ့ စိတ်ကူးအိမ်ထဲ ။

တိမ်မယောင်နဲ့ နက်နက်လာတဲ့ ရင်ဘတ်ဟာ
အသံစာစာမမြည်နိုင်တော့လောက်အောင်ဖြစ်ခဲ့ရ
အဲဒါ ရင်ကွဲနာကျတာလား ..မေမေ ။

အဖြေရှိပြီးသားမေးခွန်းကို ပြန်ပြန်မေးခံရတဲ့အခါ
လွယ်တာပေါ့..ရယ်တာပေါ့ နဲ့ပဲ ဖြေခဲ့ကြ
အကျအနများတဲ့ မေးခွန်းကို ခဏခဏပြန်မေးတတ်ကြမှန်း
စာမေးပွဲခန်းအပြင်ရောက်မှ သိခဲ့ပေါ့ ။

ချော်တောငေါ့ ခဲ့တဲ့ အတိတ်ဟာ ဆိတ်သားရေ
အောင်မြင်မှုဆိုတဲ့ဆင်သေကအရင်အတိုင်းအောင်မြင်မှုခေါင်းစဉ်အောက်မှာ
ဘယ်လောက်ကြာကြာစောင့်ရမှာလဲ..
မဖြေဘဲနေလို့မရတဲ့ ပုစ္ဆာတွေထဲ
ကိုယ့် အတ္တကို မဲပေးခဲ့ပါတယ်..။

                   ရတုသစ်

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks