မနက်ခင်းဟာ
အလင်းစတွေနဲ့မနက်အောင်ဖွင့်လှစ်ထားရ
အသားစတစ်ဖတ်ကိုကိုက်ဝါးရင်း
လဖက်ရည်တစ်ဂွပ်ကျိုက်ချရင်း
အတိအလင်းပြောမယ် နွေးနေခြည်ဝိုင်
ငါ့ အရိပ်ကို လာမချုပ်ကိုင်နဲ့
မလိုင်များတဲ့လက်ဖက်ရည်ဆို ငါငြင်းတယ်
ပြန်ကြော်ဆီတဝင်းဝင်းနဲ့ ပလာတာလည်း ငါမစားဘူး
သကြားဖြူးထားတဲ့နံပြား ငါ မကြိုက်ဘူး
အလိုက်အထိုက်လောကထဲ
တစ်ကိုယ်စာအတိုက်အခံများနေခဲ့
အသားသုပ်တစ်ပွဲကုန်တော့မယ်
မော့ချစရာလက်ဖက်ရည်အနည်းငယ်ကျန်သေးရဲ့
ဂျုံနဲ့လုပ်တဲ့မုန့်တွေဟာ
ဘာ့ကြောင့်လက်ဖက်ရည်နဲ့လိုက်ဖက်နေတယ်ဆိုတာ
မတွေးဘူး
ဘယ်သူအစပျိုးပေးခဲ့တာလဲ
အနာနဲ့ဆေးက
တည့်အောင်ပေးတိုင်းလည်းမတည့်တတ်တော့
လက်ဖက်ရည်လက်ကျန်လေးထပ်မော့တယ်
အသားဖတ်လေးတစ်စ ကောက်ဝါးတယ်
တမူထူးခြားလိုက်တာ မဟုတ်ပါဘူး
မင်းနာမည်ပြန်ရွတ်ကြည့်မိကတည်းက
ငါ့မှာ မြင်မြင်ရာဝိရောဓိတွေနဲ့
လူသိမခံတဲ့စိတ္တဇတွေကိုက်ခဲခံရ
စုန်းမတစ်ကောင်ထက်
မင်းပါးစပ်က အစွန်းအထင်းများတယ်
ငါ့တရားနဲ့ငါ မလုံတော့တဲ့အခါ
မျက်လုံးအစုံမှိတ်စင်းထားရ
မင်း အကြောင်းသိရသလောက်
ဘယ်အရာမှ သတင်းမပေါက်တော့ဘူး
ငါ့ရေဒီယံဦးနှောက်မှာ ။ ။
ရတုသစ်
25062013

No comments:
Post a Comment