ပေးပို့ခြင်းဆီ မဆက်သွယ်နိုင်တဲ့ တံဆိပ်ခေါင်းတွေ…
____________________________________________
ငါးမျှားဖို့ ငါးမျှားချိတ်လိုတယ်
အိပ်မက်မျှားဖို့ ဘာတွေ လိုအပ်မလဲ
အသက်ရှူဖို့ ဦးနှောက်ကိုလည်း သုံးရမယ်
ပေါင်မုန့်တွေ စျေးတက်သွားခြင်းဟာ
ချိစ်တစ်ဖတ်အတွက် ရင်ခုန်ချင်စရာ ဖြစ်နိုင်မလား
အိမ်မပြန်နိုင်သေးတဲ့ တိမ်လေးတစ်အုပ်ကို
ဝေဒနာထုထည်လေးလို့ နာမည်ပေးမိတယ်
စာတိုက်တွေဆီ မရောက်ဖြစ်တဲ့အခါ
ပေးပို့သူတွေရဲ့ လိပ်စာကို မမှတ်မိတော့
တယ်လီဖုန်း ယဉ်ကျေးမှုဟာ
နှလုံးသားတွေကို နီးပြီး ဝေးစေသလိုလို
အသံချင်းကြားလျက်နဲ့ နွေးထွေးမှု လိုအပ်နေသလိုလို
စာအိတ်ထောင့်က တံဆိပ်ခေါင်းလေးအတွက်
ဘာနဲ့ အစားထိုး နာကျင်ပေးရမှန်း မသိတော့ဘူး
တနင်္ဂနွေလည်း တနင်္ဂနွေမို့
ဆန်းဒေးစကူးလ်လေး အဝေးကနေ လွမ်းကြမယ်
ကမ္ဘာက ဖြစ်ပြီးရင် ပျက်မယ်မှန်း သိပါတယ်
ကျန်နေသေးတဲ့ မနက်ဖြန်တွေကို လောဘတက်မိတဲ့အခါ
မရေးဖြစ်တဲ့ ဒိုင်ယာရီလေးဟာ အလွမ်း ဖြစ်ပြီး
အိပ်မပျော်တဲ့ညဟာ အဆွေး ဖြစ်ပါတယ် ။
#ရတုသစ်
17092017
3:33AM