Wednesday, August 29, 2012
မနက်ဖြန်တွေသာ...သီးပွင့်မလာကြ စတမ်း..ဆိုရင်...
*တေးသီချင်းများ...အရေးသီတင်းများ...
  အတင်းအဖျင်းများ...ငြင်းခုံထိုးနှက်ခြင်းများ...
  ခြင်းကြားနဲ့ဖားကောက်ခဲ့တဲ့...ဝေလီဝေလင်းများ...
*ဆွံ့အ ဆိတ်ငြိမ်..နှုတ်ခမ်းများ...
  အိပ်မွေ့ချ..ရေခဲစိမ်ခံရတဲ့..ဒေါသများ...
*ဖြစ်တည်မှု အချို့..အချို့..အတွက်
  ကိုယ်တိုင်..ရှို့မြှိုက်ခဲ့ရတဲ့...အချိန်ပြလက်တံများ...
*ပလက်ဖောင်းဘေးကို...မကြာ ခဏ
  ပြန်ပစ်ချနေမိတဲ့...စိတ်နယ်လွန်ခြေလှမ်းများ...
*နောင်တ ရ, ရကောင်းမှန်းမသိလောက်အောင်
  ဆွဲဆောင်ခြင်းခံခဲ့ရတဲ့...နောင်တများ...
*လျော့ရဲ ရင့်အိုလာတဲ့...သပြေညိုများ...
  ဟိုး..အဝေးဆီမှာ..မှိုင်းပျပျ..
  ခပ်ဟဟ လေးဖွင့်ထားတဲ့...အလင်းတံခါးချပ်များ...
  + ..- ..×..--ံ့..များ...
  ...........................များ...
  ............များ စွာ...
  ဘာသာဗေဒ တစ်ခု...တစ်ခုချင်းစီအတွက်
  ငါ့ မှတ်ဥာဏ်က မထုံတက်တေး...ငေးရီ..
  အရေးမကြီးဘူး...ထင်ပြီး..လွှတ်ချထားတဲ့..အတိတ်တချို့တလေက
  မံမီတွေလို...ပိရမစ်ထဲမှာ...အခိုင် အမာ
  ပုန်းအောင်းစရာမရှိမှတော့...အိမ်တွင်းပုန်းနေဖို့မလို
  လူပျိုလှည့်သလို...လမ်းဟောင်းများထဲ
  အသဲနှလုံးချနင်းလို့...ခေါက်တုံ့..ခေါက်ပြန်..
  အိမ်နံရံမှာချိတ်ထားတဲ့...ရွက်ဆုတ်ပြက္ခဒိန်လေးပဲ ပါးလာတယ်...။
*တရားရှာ..ကိုယ်မှာတွေ့မယ်ထင်ပြီး
  ကိုယ်မှာ ရှာရင်း..တရားမတွေ့ခဲ့သမျှ
  ငါ့..၀ိညာဉ်က အသိခေါက်ခက်..အ၀င်နက်ခဲ့ပေါ့...။
*တစ်ရက်တလီ.. တစ်ရက်
  စိတ်ချိုးရေတွက်ဆဲ..ငရဲခန်း ထ အပွက်..မှာ..
  ရုတ်တရက်...
  နားယဉ်စပြုနေတဲ့လေးညှို့သံက....
  ငါ့..ဦးခေါင်းတည့်တည့်ရောက်နေပြီ...။
*မနက်ဖြန်တွေသာ...သီးပွင့်မလာကြစတမ်း..ဆိုရင်..
  မက်မန်းဝိုင်..ချိုရှရှ တစ်ခွက်နဲ့...
  အရှက်ပြေရုံလေး...၀တ်ဆင်ပြီး...
  ပစ္စုပ္ပန်ကို..ခေါင်းမြီးခြုံအိပ်နေချင်တော့တယ်...။
***Yatu Thit***(29/8/2012...9:20 PM)
Tuesday, August 28, 2012
ဒီနေ့..အဖေ အိမ်ပြန်တာ..စောလွန်းတယ်...
* "ဘ၀ဆိုတာ ဖြောင့်ဖြောင့်သွားလို့မရရင်..
   ကွေ့ကောာက်ပြီးသွားရတယ်...
   ဘယ်တော့မှ ဘ၀ကို တသမတ်တည်းမမှတ်နဲ့" တဲ့့
   အဖေ  ပြောခဲ့ဘူးတယ်...။
*အဖေ ဘယ်လိုသွားတယ်ဆိုတာ ကျွန်တော်မမြင်လိုက်ရ
   ဖြောင့်ဖြောင့်တန်းတန်းလား ?
   ကွေ့ကွေ့ကောက်ကောက်လား ?
   ဘ၀ကိုတသမတ်တည်း မမှတ်ခဲ့တဲ့ အဖေ.
   လောကရဲ့ တသမတ်တည်းသောနောက်ဆုံးလမ်းပေါ်မှာ...။
* ဆူညံသံတွေတိတ်ဆိတ်..သက်ငြိမ်
   ခပ်ကြိတ်ကြိတ် ငိုကြွေးနေတဲ့ အမေနဲ့..
   အမေ့ရဲ့သား သမီးများ..
   အဖေကိုယ်တိုင်လက််တွဲခေါ်ခဲ့တဲ့ အဖေ့ရဲ့လက်ရုံးများပေါ့..
* ပြောရဦးမယ်..အဖေ
   အခုတလော..မိုး ခဏ ခဏ ရွာနေတယ်...
   မိုးရေလည်း ချိုးဖြစ်တယ်..အရင်လိုပါပဲ..
   အဖေ သင်ပေးခဲ့တဲ့ ကိုင်ဇာရဲ့" မိုး "သီချင်းကိုမဆိုရုံလေးပါပဲ...
   ဒီမှာလေ..အဖေ
   ဓားတစ်လက်နဲ့ အုန်းသီးတစ်လုံး
   ကျွန်တော်တို့ကိုပြုံးကြည့်နေတယ်..
   အုန်းသီးခွဲပေးမယ့် အဖေက ဘယ်မှာလဲ?တဲ့
   ကျွန်တော်တို့ဘာမှ မပြောနိုင်ခဲ့...
   အဖေမရှိတဲ့ အိမ်ထောင်တစ်ခုဟာ..ဒီလိုပဲ..
   မထီမဲ့မြင်ပြုခံရတတ်သလား.?.အဖေ...။
* အခုတစ်လော..ကျွန်တော် သီချင်းတွေကို ကြောက်တတ်လာတယ်..
   ကိုလေးဖြူရဲ့ "အဖေ" သီချင်းကြားရင်သိမ်ငယ်တယ်..
   ဓီရာမိုရ်ရဲ့ "အိမ်"သီချင်းကြားရင် မချင့်မရဲဖြစ်မိ
   ရဲလေးရဲ့ ရှိုက်သံသဲ့သဲ့နဲ့ "အိမ်"သီချင်းကိုလဲ မကြားရဲဘူး...အဖေ
   အဖေဟာ ဖီးနစ်ငှက်လိုမျိုး မဟုတ်ဘူးဆိုတာ သိလေ
   အေဖ့ ကို ပြန်လာစေချင်လေပဲ...။
* သခင်ပျောက်သွားတဲ့ အိမ်ဦးခန်းလေးဟာ
   အဖေ့အငွေ့အသက်နဲ့လဲလျောင်းနေပေါ့..
   ချော့ချော့မော့မော့နဲ့ပြောနေတဲ့ နောက်ဖေးခန်းကအမေ့ရဲ့အသံတွေ
    ကြားနေရတာ ရင်ဘတ်နဲ့မဆန့်တော့ဘူး..
    ညီလေးကကျောင်းမတက်ချင်တော့ဘူးတဲ့
   ညီမလေးကလည်းအရယ်အပြုံးမဲ့နေတာ ကြာပြီ
   ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ မသိခဲ့လို့လား.?..အဖေရယ် ။
* အဖေ့အပြန်ကိုစောင့်ရင်း အဖေ့လက်တစ်ဖက်စီမှာ ခိုဆွဲဖို့
   အိမ်အ၀င်ပေါက်ဆီကြည့်ကြည့်နေတတ်တဲ့မျက်၀န်းလေးများ
   ဘယ်လို အင်အားနဲ့လင်းလက်တောက်ပစေရမှာလဲ?
   ဘ၀သင်္ခန်းစာတွေ မနိုင်မနင်းနဲ့ကျွန်တော်တို့ကို
   လောကအလယ်မှာ လူအ အိပ်မက်မက်သလိုအဖြစ်မျိုးနဲ့ထားရစ်ခဲ့
   စိတ်ချနိုင်ခဲ့လို့လား.?..အဖေရယ်...။
* ကကြိုးပျောက်သွားတဲ့ရုပ်သေးရုပ်လေးများလို
   ကစဥ့်ကလျား ယိမ်းထိုးလို့နေတဲ့ ကျွန်တော်တို့..
   ဘယ်လိို ကကွက်နဲ့ရှေ့ဆက်ကပြရမှာလဲ?
* ခဏ ခဏ ငိုရလွန်းလို့မျက်ရည်ရဲ့စီးဆင်းရာလမ်းကြောင်း
   ရင်ဘတ်မှာ ပြောင်းခဲ့ ပြီ..အေဖ..
* ရီေ၀ေ၀နဲ့ အိမ်ပြန်ချိန်နောက်ကျတိုင်း
   "ဒီနေ့ ..အဖေ အိမ်ပြန်တာနောက်ကျတယ်ကွာ "လို့ ပြောတတ်တဲ့ အဖေ.
   အခုတော့.....
   လောကရဲ့ဧည့်သည် တစ်ယောက်အဖြစ်
    ခြားနားခြင်း မြစ်တစ်ဖက်ကမ်းဆီ ကူးခပ်သွားခဲ့
   ဦးခင်၀မ်း ရဲ့" နှုတ်ဆက်ခဲ့ပါတယ်"သီချင်းလေးညည်းနေမလား..မသိ...။
* မျက်ရည်ပြည့်နေတဲ့ရင်ဘတ်နဲ့
   ၀မ်းနည်းပက်လက် ကျွန်တော်ပြောနေမိတယ်...
   "ဒီနေ့..အဖေ အိမ်ပြန်တာ စောတယ်..
   အိမ်ပြန်တာ စောလွန်းပါတယ်."..အဖေရယ်...။
-----------------------------------------------------------------
***အဖေမရှိတော့တဲ့ သား /သမီး များအတွက်ရည်ညွှန်းပါသည်...။
ရတုသစ်
( 28/8/2012...9:04 Pm)
Sunday, August 26, 2012
အိမ်ဝေးလူရဲ့..ဖြောင့်ချက်
* လောကရဲ့မာယာရောင်စုံတွေကြားမှာ
   ပြေးလွှားရုန်းကန်ရင်း
   အချစ်ပြတင်းတံခါးလေး ဖွင့်ကြည့်မှ
   ခလုတ်ထိခဲ့ရပြီ...အမေရယ်
* ပုခက်လွှဲပေးခဲ့တဲ့ လက်ချောင်းလေးတွေရဲ့
   အဝေးကမ္ဘာမှာ ရောက်ရှိနေလည်း
   အမေက(ကျွန်တော့်ကို)လှမ်းပြီး လွှဲနေတုန်းပေါ့.။
* အမေ့ရဲ့အေးရိပ်ကို ခွာချ
   အတ္တနဲ့ကြိုးတစ်ချောင်းကျစ်လို့
   သမုဒယသစ်ပင်ဆီတွယ်တက်ကြည့်
   အဆိပ်မိလို့ မိမှန်းမသိအောင် ဆွံ့အခဲ့တဲ့ သားပါ..အမေ
* အိပ်မက်အသေတွေကိုအသက်ပြန်သွင်းလို့ရရင်
   ခဏလောက်ပြန်လိုချင်မိရဲ့..
   တကယ့် လက်တွေ့မဆန်တဲ့အဖြစ်မျိုး
   တည့်တည့်..တိုး..တိုး လာတာဆိုးတယ်..
   အဖိုးမဖြတ်နိုင်တဲ့အမေ့မေတ္တာရိပ်အ​ဝေးက
ကျွန်တော်ဟာ
   ဒေးဗစ်ကော်ပါဖီးရဲ့လက်ထဲက
   ပဉ္စလက်စီးကရက်လေးတစ်လိပ်လို
   အလိုလို လောင်ကျွမ်းနေခဲ့ပြီ...။
* ခေါင်းစဉ်ပျောက်နေတဲ့အိပ်မက်တွေပဲ
   ထပ်တလဲဲလဲ နမ်းရှိုက်မိမှ
   လမိုက်ညတွေကိုကြောက်တတ်လာတယ်..။
   ကိုယ့်မာနနဲ့ကိုယ် ပြန်မာပြီး
   ကဗျာတွေနဲ့ ဘ၀ကိုထုဆစ်နေမိ
   အခုထိ ရုပ်လုံးကြွမလာသေး..
   ခပ်ရေးရေး..မှုန်ဝါးဝါးပါပဲ အမေရယ်...။
* လမင်း မရှိ.ကြယ်စင် မရှိ
   အလင်းရဲ့ တမန်တော်တွေ..မေ့ဆေးမိနေတဲ့ ညတွ
   လေညင်း မရှိ..ရနံ့သင်း မရှိ
   ညရဲ့အလှကို ထိန်းနေတဲ့ ကိုယ်ရံတော်တွေ..
ရီ​ဝေနေတဲ့..ညတွေကြောင့်
   မိုင်တိုင်ရှည်လာတဲ့ သက်ပြင်းမောတွေနဲ့
   လေထဲက အိမ်လေးလည်း တစ်စစီပြိုလဲ..
   ထုဆစ်ဆဲ ရုပ်လုံးတွေလည်း
   အရည်ပျော်လုနီး ဆဲဆဲပါပဲ..အမေ။
* ဖြစ်ချင်တာထက်..ဖြစ်သင့်တာကိုတည်ဆောက်ကြည့်နေဆဲ
   ဖြစ်နေတာတွေက ကာရန် မညီဘူး..
   အရူးတစ်ယောက်ဆိုတဲ့သီချင်းလို..
   ဟို..တစ်စ..ဒီ..တစ်စ ပြန့်ကျဲရှုပ်ပွနေလေရဲ့..။
* အောင်မြင်မှုတွေလိုက်ရှာရင်း
   လူပါလွင့်လွင့်သွားတတ်တဲ့
   စိမ်းဆတ်ဆတ် သားဆိုးလေးကို
   နွေးထွေးနေဆဲ..ဆိုတာသိလေ..
   အ​​မေ့ကို ပို ပိုချစ်လေပဲပေါ့...။
* ဒုက္ခကို ဒုက္ခလို့ သိဖို့မကြိုးစားဘဲ
   ပျားသကာလို ချိုမြိန်ရင်း
   မျက်ကွင်းတွေပဲ ညိုလာတယ်..
   ရေတွင်းထဲက လမင်းကိုဆယ်ယူကြည့်တဲ့
   ငတိလူမိုက်တစ်ယောက်လိုဖြစ်နေပြီလား..
   မစဉ်းစားတတ်တော့ဘူး..အမေ။
* နေ့လည်းလွမ်း..ညလည်း လွမ်းနဲ့
   ​​ရော်ရမ်း ..တမ်းတ မိ
   အငမ်းမရအိမ် ပြန်ချင်နေတဲ့စိတ်ကို
   ဖြေသိမ့်စရာလိုက်ရှာရင်း
   ကဗျာတွေနဲ့..အိပ်..
   ကဗျာတွေနဲ့..စား..
   ကဗျာတွေနဲ့.. နှစ်ပါးသွားရင်း
   ကဗျာသမားတစ်ယောက်အဖြစ်..ရှင်သန်ဖို့
   ကျွန်တော်ရုန်းကန်နေဆဲပါပဲ..အမေရယ်..။
+++++++++++++++++++++++++++
( P.S ) အမေ့အတွက်အောင်မြင်မှုတစ်ခုလောက်တော့ သား လွှင့်ထူချင်သေးတယ် အေမ ။
      သားရဲ့ အောင်မြင်မှုဟာ အေမ့ရဲ့ ဆံချည်မျှင်ဖြူဖြူလေးတစ်ပင်လောက်တောင်
      အဖိုးမတန်နိုင်ဘူး ဆိုတာ..သိနေပေမယ့်..အမေရယ်...သား.......................။
 ရတုသစ်
(26/8/2012...9:20.pm)
Friday, August 24, 2012
လွမ်းတတ်လာတဲ့..တစ်နေ့
* မိုးတစ်စက်ဖြစ်ဖို့..မိုးတိမ်ဘယ်နှအုပ်စတေးခဲ့ရသလဲ ?
   ​​ဝေခွဲမရဖြစ်မှုများနဲ့ ခေါင်းစားတယ်...
   ဟောင်းမသွားတာဆိုလို့..အလွမ်းများသာ...
   ဒိုင်ယာရီစာအုပ်လေးကတော့ဝါကျင့်ကျင့်ဆိတ်ငြိမ်ဆဲ..။
* အချစ်တစ်ခုတည်းနဲ့ အသက်ရှင်ချင်တဲ့သူတွေထဲ
   ငါ့ကိုဆွဲဆွဲ မထည့်ပါနဲ့...
   ငါ့ အလွမ်းနဲ့ ငါ လိပ်ပြာလုံချင်လို့ပါ...။
* ရင်တွင်းမှာ ဗလာခံစားချက်နဲ့
   အေးစက်နေသူတွေ ဘယ်လောက်ရှိမှန်း..ငါ..မသိ
   ပြန်ကြည့်မိတိုင်း ငါ့ရင်မှာအလွမ်းတွေဖျတ်ဖျတ်လူးဆဲ
* " မလွမ်းဘူးသူ..မလာရ"
   ငါ့ဧည့်ခန်းက သူစိမ်းဆန်ကောင်းဆန်လိမ့်မယ်..
   ခေါင်းငြိမ့်/ ခေါင်းခါခြင်းနှစ်ခုကြားမှာ
   ေ၀ဝါးလာတဲ့စိတ်နဲ့ ငါ..ခေါင်းမာတတ်ခဲ့ပြီ...။
* မာယာတွေကစက်ဆုတ်စရာကောင်းသလောက်
   ပြောင်မြောက်တဲ့ပရိယာယ်ဖြူဖြူတွေက
   ချစ်သူကိုဘယ်လောက်အေးမြစေမလဲ ?
   ငါ..ခွဲခြမ်းစိတ်ဖြာကြည့်တတ်ခဲ့
   လွမ်းတတ်တဲ့ ရင်ခွင်ဟာနူးည့ံမှန်း သူမသိမှာစိုးမိပေါ့..။
* အနီရောင်ဖျော့နေတဲ့အရုဏ်ဦးသစ်များတိုင်း
   နားကြားမလွဲတတ်ဘူး..ဆိုရင်..
   ငါ့ အလွမ်းကို နားဆင်လှည့်ပါ...။
* တကယ့် အလွမ်းမှာ အဆိပ်မရှိမှန်း
   လွမ်းတတ်လာတဲ့ တစ်နေ့
   လက်တွေ့သိရပါလိမ့်မယ်...။
* တကယ့် အလွမ်းဟာ သိမ်မွေ့တတ်မှန်း
   လွမ်းတတ်လာတဲ့ တစ်နေ့
   ကိုယ်တွေ့ကြုံရပါလိမ့်မယ်...။
ရတုသစ်
  (24/ 8 / 2012/ 9:53 PM )
Thursday, August 23, 2012
တိမ်တွေ..ငိုနေပြန်ပြီကွယ်...
* ဖလှယ်ပေါင်းစပ်မရတဲ့ မျဉ်းပြိုင်နှစ်ခုအဖြစ်
  ထုဆစ်ခံထားရတဲ့..ဘ၀က..ခါးသီးစရာ..
  မာယာမပါတဲ့ အလွမ်းတွေထိုးသိပ်လို့
  ခပ်တိတ်တိတ်ကြေကွဲရင်း..
  ငို ပွဲနွှဲနေတဲ့ ငိုချင်းသည် တစ်ယောက်အတွက်
  ရက်စက်ခြင်းတွေပဲပေးလာခဲ့
  အမှတ်တမဲ့တိုင်းကိုတောင် အမှတ်တရဖြစ်လွန်းသူက
  ရင်ပူနေရတာ မဆန်းတော့ပါဘူးကွယ်...။
* နှလုံးသားဗလာနဲ့..ရင်ခွင်
   အမုန်းတရားပါတဲ့..ရင်ခွင်
   မတွေ့မြင်ရပါလို..တောင်းဆုဆိုခဲ့မိ..
   အဆိပ်မရှိတဲ့..နှလုံးသွေးနဲ့..တိုင်တည်ကြည့်ခဲ့တယ်...။
* ဆုတောင်းတိုင်းမပြည့်တတ်တဲ့ လောကသဘောက
   တို့တွေရဲ့နောက်ကျောမှာ..လွယ်ပိုးပြီးသား
   တရားမမြင်တတ်သေးတဲ့ အသိစိတ်ကိုပဲ အားမလိုအားမရဖြစ်မိပါရဲ့..။
* ပြိုလဲချင်တဲ့..အလွမ်း
  ငိုပွဲ၀င်တဲ့..အလွမ်းနဲ့
  စမ်းတဝါးဝါးလောကအလယ်မှာ..လည်ပတ်ရင်း
  အတိတ်တွေကို..အသက်ပြန်သွင်းနေတတ်သူ...
* ပြုစားထားသမျှ..အတိတ်
  ကုစားမရတဲ့..စိတ်ကို
  ကြိတ်မှိတ်ဖြေသိမ့်ဆဲ
 အသဲပိုလေးတစ်ခုလောက် လိုချင်နေမိသူ...
* လွမ်းစိတ်ဖြေတဲ့..နှလုံး
  နွမ်းရိပ်ဝေတဲ့..အပြုံး အတွက်
  အိပ်မက်ကဗျာ တစ်ပိုဒ် ရွတ်မိသွား
  ခံစားချက်တူသူတစ်ယောက်ကိုရှာနေမိခဲ့သူ...
* ဒီလူ..ဒီအလွမ်း နဲ့
  ဒီအပန်းတွေ မပြေသေးသရွေ့..
  တငွေ့ငွေ့ ..တလိပ်လိပ် တက်
  ဟိုး.......မိုးထက်၀ဠာ ဆီကနေ
  တိမ်တွေ ငိုနေကြပြန်ပြီကွယ်...။
ရတုသစ်
  (23 /8 /2012 ) 8:50 pm ..thursday
Tuesday, August 21, 2012
ကဗျာ
နောက်ဘ၀ထိ..မျှော်လင့်တယ်
* နှလုံးသားကတီးတိုးငိုရှိုက်..
   ဖိုလှိုက်တဲ့ရင်ခုန်သံရဲ့အဆုံး..
   နှလုံးသားပဲ့ကြွေသံ..
   လွင့်ပျံနေတာ..အခုထိပါပဲ..
   မင်း..သိပ်ရက်စက်ခဲ့တယ်..။
* မှုန်ရီဝိုးတ၀ါး လရောင်အောက်
   တို့နှစ်ယောက်ရဲ့ တွေ့ဆုံခြင်း
   နောက်ဆုံးည လမင်း က
   မိုးကုပ်စက်ဝိုင်းမှာ ..မေးတင်လို့ပေါ့..။
* မနီးနိုင်တော့တဲ့ ဆုံမှတ်တွေကြား..
   ခွဲခွါခြင်း နဲ့လှုပ်ရှားခဲ့ကြတဲ့
   တို့မျာှးရဲ့..အသက်မဲ့ပုံရိပ်တွေကိုကြည့်ရင်း
   တစ်ခြမ်းပဲ့ လမင်းရဲ့ မျက်ဝန်းညို့မှာ
   မျက်ရည်စို့နေပြီး..
   လွမ်းရောင်သမ်းလို့..အို..
   ခံစားရင်း..ငိုနေသလိုပါပဲ..။
* နှလုံးသားနဲ့ ရင်းခဲ့ပြီးမှ
   အမုန်းတရားတွေ..အြ့ပည့်
   ငါ့ ရင်ဘတ်ထဲမှာ..မင်းဖြည့်ပြီး
   ရုတ်တရက် အဆက်ဖြတ်..
   လုပ်ရက် ခဲ့တယ်နော်...။
* ဘာ့ ကြောင့်လဲ? ဆိုတာ..
   မင်း အကြောင်းမပြသေး သရွေ့တော့..
   ငါ  မမေ့ နိုင်သေးဘူး ကွာ..။
   တမြေ့မြေ့နဲ့ကြေကွဲ
   အသေအလဲ ထိုးနှက်ခဲ့ ကြတဲ့
   အမုန်းခံနေ့ရက်များရဲ့..နာရီ..မိနစ်..စက္ကန့်တိုင်းဟာ
   ငါ့ အတွက်..အပြင်းစား  သေမိန့်ကို
   တလိမ့်ချင်းချနေသလို ထင်မိခဲ့ပေါ့..။
* ကြေကွဲခြင်း ကိုမျိုသိပ်..
   အမုန်းစိတ်လဲ မရှိခဲ့တော့..
   ချစ်စိတ်နဲ့ပဲ ရင်နာမိ
   မင်းကို..နောက်ဘ၀ထိတောင်မျှော်လင့်မိပါရဲ့..။ 
====YATU   THIT====
...သို့...တောင်းပန်ခြင်း
နှုတ်မဆက်ကြေး
လွမ်းတေးမဆို
ရင်ပြိုမခံ
လွမ်းဒဏ်မခ
ရင်မှဖြူစင်
အကြင်နာများ
သူ...သိသွားခဲ့လေပြီလားကွယ်..။
ထာဝရပဲ
ရင်ထဲ သိမ်းဆည်း
မနီးပေမယ့်
ဝေးခဲ့ပါဘူး
မေ့ဘူးတကယ်
ရင်ဝယ် လှုပ်နှိုး
သူ...စိုးမိုးထားခဲ့ပြီလားကွယ်..။
မုသားချိုချို
မဆိုခဲ့ပါ..
မာယာ စကား
မများခဲ့ပါ..
ကြင်နာဖြူစင်
ယူငင်လှည့်ပါ
သူ...ပစ်ခွါမထားပါနဲ့ကွယ်..။
မလွမ်းရဲသူ
ရင်ပူစေရန်..
လွမ်းဒဏ် မျက်ရည်
ဝေ့သီ စေရန်..
လွမ်းသံစဉ်တေး
ဟစ်ကြွေးစေရန်..
သူ...မဖန်ဆင်းလိုက်ပါနဲ့ကွယ်..။
..............သို့
*ဆောင်းအိပ်မက်..
  လွမ်းရက်ရယ်ရှည်...
  လွမ်းငွေ့ဝေတော့
  လွမ်းတွေစုကာ
  လွမ်းကဗျာနဲ့
  လွမ်းနာကျရင်း
  လွမ်းစီးဆင်းမှ
  လွမ်းချင်း..ဖြစ်ကာ
  လွမ်း..လွမ်း..လာသည်..
  လွမ်းတာ..နေ့တိုင်းဖြစ်နေပြီ..။
*ထာ၀ရ..
  ရင်မှရစ်တိုး
  ရင်ခွင်ကြိုးက
  ရင်ကျိုးမတတ်
  ရင်မှာပတ်လဲ
  ရင်မှတ်တမ်းဖြစ်
  ရင်ခွင်စစ်မှ
  ရင်နှစ်အသဲ
  ရင်မလွဲပြီ...
  ရင်ထဲသစ္စာ..ကမ္ဘာတည်..။
*ဆောင်းသစ္စာ..
 ဝေးရာဆုံမှတ်
  ဝေးနေရပ်က
  ဝေးတတ်သည့်ကံ
  ဝေးအောင်ဖန်လဲ
  ဝေးရန်မမြင်
  ဝေးရင်ခွင်မှာ
  ဝေးချင်ဝေးစမ်း
  ဝေးက..မှန်းရည်..
  ဝေးလွမ်း..လွမ်းရင်း..ဖြေသိမ့်မည်..။
ရတုသစ်
***********************************
******Yatu Thit********
ဆရာသစ္စာနီ..ပြောတဲ့ ကဗျာ..အဖြေ
ကဗျာဆိုတာ ဘာလဲ။
ဒီမေးခွန်းကိုဖြေတဲ့ ကျွန်တော့်ရဲ့အဖြေက ခြွင်းချက်မဲ့ပြီး ပြည့်စုံတဲ့အဖြေ မဖြစ်နိုင်လောက်ဘူးဆိုတာကိုလည်းကြိုတင်အသိပေးထားလိုပါတယ်။ ကဗ်ာကို ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်ရှုထောင့်နဲ့ကိုယ် အဓိပ္ပါယ် ဖွင့်ဆိုနေကြ တဲ့အထဲက သမုတိသဘောတစ်ခုလို့သာ သဘောထားကြစေချင်ပါတယ်။
ကဗျာဆိုတာ ဘာလဲ။
ကဗျာဆိုတာ-
၁။ ကဗျာမဆန်ရဘူး။
(ကဗျာမဆန် ဆန်အောင် ဇွတ်လုပ်နေကြတယ်။)
၂။ ဝေါဟာရ ဖက်ရှင်ရှိုး မဟုတ်ဘူး
(စကားလုံးနွံထဲ နစ်နေကြတယ်။)
၃။ နက်ရှိုင်းရမယ်။
(အနှစ်မပါဘဲ အဆံချောင်နေတာ တွေ့ရတယ်။)
၄။ ကြည်လင်ရမယ်၊ သန့်စင်ရမယ်။
(ဖန်တီးမှုမဟုတ်ဘဲ ၀ိုးတိုးဝါးတား ဖြစ်နေတယ်။)
၅။ ရိုးသားရမယ်။
(ဟန်ဆောင်တာတွေ၊ ဟန်လုပ်တာတွေ များနေတယ်။)
၆။ သစ်လွင်ရမယ်။
(မဲပြာပုဆိုး မဖြစ်ရဘူး။)
၇။ ဣနြေ္ဒရှိရမယ်။
(ကလက်တက်တက်နဲ့ ဂုဏ်သိက္ခာကင်းမဲ့နေတယ်။)
၈။ ခွန်အားရှိရမယ်။
(ပျော့ညံ့ချည့်နဲ့မနေဘူး။)
၉။ တီထွင်မှုရှိရမယ်။
(စတန့်လုပ်တာနဲ့ မခွဲတတ်ကြဘူး။)
၁၀။ ကိုယ်ပိုင်ဟန်ရှိရမယ်၊ ဆန်ရဲရမယ်။
(နာမည်ကြီးတဲ့လူနောက်၊ ရေစီးကြောင်းနောက် လျှောက်လိုက်နေကြတယ်။)
၁၁။ အပြည့်အ၀ လွတ်လပ်မှုရှိရမယ်။
(ကဗျာနဲ့ပတ်သက်ပြီး ငွေကြေးမျှောင်လင့်ချက်ထားသူအင်မတန်နည်းပေမဲ့ ကဗျာရေးသူ အတော်များများဟာ နာမည်ကြီးချင်မှု၊ အများကြိုက်ခံချင်မှု စတဲ့ အနှောင်အတည်းတွေနဲ့ ရည်ရည်ရွယ်ရွယ်ပဲ ငြိနေတတ်ကြတယ်။)
၁၂။ အထက်တန်းကျတဲ့ အလှတရားနဲ့ ပြည့်စုံရမယ်။
၁၃။ ကာလနဲ့ ဒေသသဘောက ကင်းလွတ်နေရမယ်။
ဒါတွေက လတ်တလောစိတ်ထဲရှိတာလောက် ပြောလိုက်တဲ့ ကဗျာရဲ့ ယေဘုယျလက္ခဏာ(ဒါမှမဟုတ်) ကဗျာ ဂုဏ်ရည်တချို့ပေါ့။
အဆိပ်သင့်..မြို့ပြ
ညစ်နွမ်းပုပ်အဲ့  အမှည့်လွန်နေတဲ့ အမှိုက်ပုံတွေ
သီတာခုနစ်တန်ကျော်ဖြတ်ရေးထက် ခက်ခဲနေပုံရတဲ့
ပလပ်စတစ် တံတိုင်းကာ ရေနှုတ်မြောင်းက ရေနက်နက်တွေထဲ
ပိုးလောက်လန်းတွေ ငြိမ်းချမ်းမှုရှာတွေ့နေခဲ့ကြ..။
အန္တရာယ်ကိုကာကွယ်ရင်းအဆိပ်သင့်ခံရမယ့် ဖော်မြူလာကို
ဘယ် ပညာရှင်တွေကဖော်ထုတ်ခဲ့လဲ?
နဂိုရ်ကအဆုတ်မသန့်ရတဲ့အထဲ
နူရာဝဲစွဲစေမယ့် ခြင်ဆေးခွေတွေ..ကြော်ငြာအားကောင်းခဲ့တယ်။
အစစ် အစစ် ကိုလိုက်ရှာရတာမလွယ်ပါလား?
တဆစ်ဆစ် နဲ့ နာကျင်ခံခက်လိုက်တာ...
အစစ်ပါလို့အသံကောင်းဟစ်ပြီး ညစ်ကျယ်ကျယ်အစ်နေတဲ့" အစစ်တု "တွေ...
ထုဆစ်ခဲ့တဲ့သမိုင်းနောက်လူတွေအတွက်မရိုင်းရင်တော်ပြီ..။
ရွှေရင်ဖုံးတုံ့ မဖုံးတုံ့ မလုံ့တလုံ မလေးတွေနဲ့
မြို့ပြက ရဲတင်းခဲ့ပေါ့..
တွံ့တေးသိန်းတန် လိမ်းပေးခဲ့တဲ့ အမေ့ပါးကသနပ်ခါး လည်း
မှုန်ဝါးဝါးပဲကျန်တော့တယ်..။
အမေလူထုဒေါ်အမာရဲ့" အမေ့ရှေးစကား "တွေလည်း..စာအုပ်ဆိုင်ထဲမှာ
ရှေးစကား အဖြစ်နဲ့ပဲ လည်းလျောင်း အနားယူနေပြီလား
ဘီကီနီဝတ်မြို့ပြရဲ့ရှန်ပိန်လူးရီဝေနေတဲ့မျက်နှာကို
ဘယ်သူတွေ မိတ်ကပ်လိမ်းပေးလိုက်တာလဲ...။
သီချင်းရဖို့မလိုဘူး..ပန်းကုံးများများစွပ်ရင်ရပြီ အစ်ကို..ဆိုမှတော့
သီချင်းဝါသနာပါသလိုလိုနဲ့ သူဝါသနာပါတာကိုပဲလုပ်သွားတဲ့
အဆိုတော်ယောင်ဆောင်ပြီး မိုက်တစ်လုံးနဲ့ မိုက်လုံးကြီးနေတဲ့လူကြီးကြီးတွေ
အသက်သာကြီးပြီးဦးခေါင်းသေးနေတဲ့ကိစ္စ
ဘယ်ပြုပြင်ရေးမှာပြရမလဲ...
မြို့ပြညချမ်းတွေက ကျောချမ်းစရာတွေပြည့်လာတယ်...။
နိုင်ငံတော်သီချင်းဆိုမှပဲ "တို့ပိုင်တဲ့မြေ" လို့မရဲတရဲဟစ်အော်မိပေါ့
ရေကြည်ရာမျက်နုရာ ရှာလာတဲ့စိမ့်ဝင်မှုတွေကြောင့်
"မြွေပူရာကင်းမှောင်"့သလိုကြောင့်ကြများခဲ့ရ
နောက်ဆုံးတော့...ရေနောက်ရာ..မျက်ခြောက်ရာမှာပဲ ဖြစ်သလိုရွှေ့ပြောင်းလိုက်ရတယ်...။
အမျိုးသားပညာဝန်ကြီးတစ်ဦးရဲ့ ကိုယ်တွေ့တစ်ပုဒ်က
ခလုတ်မနှိပ်ပဲထမြည်လာခဲ့ပေါ့
မှန်းစမ်း.."ဘူးသီးကြော် သရဏံ ဂစ္ဆာမိ "ဆိုပါလား
ဘုရား..ဘုရား အကြိမ်ကြိမ် တ မိသွားခဲ့
အနာဂတ်တစ္ဆေရဲ့ ခြောက်လှန့်မှုက သွေးပျက်ထိတ်လန့်စရာ...
ပလပ်စတစ်..မယ်လမင်း နဲ့ထုဆစ်ထားတဲ့ ရုပ်ဝတ္ထုတွေ...လှိမ့်ချပြီးမှ
တလိမ့်ချင်း တ၀ုန်းဝုန်းအတားအဆီးမဲ့...။
မြစ်ဆုံရဲ့ရယ်သံကိုရိုက်ချိုးမယ့်..အဆိပ်
ဓာတ်ငွေ့စားရမှ အားပြည့်မယ့်..အဆိပ်
တွင်းထွက်..တောင်ထွက်..တောထွက်ပစ္စည်းများ..
ဝါးမျိုရင်း ငြိမ့်နေတဲ့..အဆိပ်..တွေ..
တရိပ်ရိပ် တလိပ်လိပ်ပြန့်ကျဲမှ
အော်ဟစ်ရုန်းကန်ရင်းဗိုင်းဗိုင်းလဲကျမယ့်မြို့ပြကို မကြည့်ရက်ဘူး..။
တကယ်ဆို..ငါတို့ဟာ..
ခြင်္သေ့မင်းရှေ့ရောက်နေတဲ့ ယုန်သူငယ်လို
နှာစေးနေလို့မဖြစ်ဘူး..။
မျက်စိဖွင့်..နားစွင့်ကြရင်း
''အဆိပ်သင့်မြို့ပြ"'ကို ကုစားမှဖြစ်တော့မယ်လေ..။
 (16.8.2012...4:20 am)
· · · Share · Delete
    ငါ့ကို.. တွေ့တဲ့.. အခါ..
    မျှော်လင့်ခြင်းတွေထုပ်ပိုးလို့
    မိုးတိုးမတ်တပ် လျှောက်လမ်းများထက်
    မာနသက်သက်နဲ့ချီတက်ရင်း
    ဆုံးရှုံးခြင်းများကအင်တိုက်အားတိုက်
    ပြိုက်ပြိုက်ကျခဲ့တဲ့နှလုံးသွေးစက်များ...
    အဖြားယောင်းခံ စိတ်ဝိညာဉ်က
    ကန္တာရ လွင်ပြင်တစ်ခုလို..ဟာလာ ဟင်းလင်း..
    သက်ပြင်းတွေပဲ ပွင့်ဖူးခဲ့ပေါ့...။
    ထပ်တလဲလဲ ကျွမ်းမြေ့နေတဲ့ အိပ်မက်တွေ...
    တစ္ဆေတစ်ကောင်လို အလင်းကြောက်နေတဲ့
    လေးတွဲ့တွဲ့ပန်းတိုင်တွေ...
    အရှက်ပြေအပြုံးနဲ့ မျက်နှာဖုံးတပ်ထားတဲ့နှုတ်ခမ်းတွေ...
    လေပြေလာလိမ့်နိုးနဲ့မျှော်ကိုးခဲ့ရတဲ့ မုန်တိုင်းရမ်းကား ညတွေ...
    မကျေမနပ်တိုးဝှေ့ရင်း
    ဝေးလွင့်ခြင်းလမ်းမများကပဲ..
    ရှည်လျားသထက် ရှည်လျားလာခဲ့ပေါ့..
    အလင်းရောင်ဖျော့တော့နေတဲ့
    နွမ်းယဲ့ယဲ့ ဘ၀ကိုစိတ်ကုန်လိုက်တာ...။
    ကြင်နာစွာ ချော့မော့ ချွေးသိပ်
    ငါ့ အိပ်မက်ကို အဆိပ်ဖြေပေးသူလေးရေ...။
    တွေဝေစေမယ့် မနက်ဖြန်တွေကိုရိတ်သိမ်းဖို့
    ရင်ထဲမှာ ကိန်းဝပ်နေတဲ့ ကာရန်များ...
    ရိုးသားစွာ ဖွင့်အန်လိုက်ပါရဲ့..။
    ဒုက္ခနဲ့ သုခဟာ ရင်ချင်းဆက် အမြွှာဆိုတာ
    သေချာသိလိုက်ရတဲ့ ..နောက်ပိုင်း..
    အတိတ်ရိုင်းတွေ နင်းဖြတ်ပြီး
    အနာဂတ်ကောင်းတွေရင်ဆိုင်ထွေးပွေ့ဖို့
    ဒီနေ့ပို့လိုက်တဲ့ ကာရန်တွေ..
    ကဗျာဆန်ချင်မှ ဆန်လိမ့်မယ်..
    မနက်ဖြန် ဆက်ဖတ်ကြည့်ပြီးမှ
    မှတ်ချက်တစ်ခုခု ချလိုက်ပါ...။
    "ဘ၀ဆိုတာ ..ကဗျာတစ်ပုဒ်" လို့
    နှောင်ကြိုးတင်းတင်း တုပ်ထားတဲ့..
    ငါ့အလင်းအိမ်ရဲ့သိမ်မွေ့မှုကို..
    မင်း..ထိတွေ့ပြီးတဲ့..အခါ...။
    "ဘ၀ထဲမှာ..ကဗျာရှိတယ်"လို့
    ဖက်တွယ်ထားတဲ့ ..ငါ့ မဏ္ဍိုင်ရဲ့..
    ခိုင်မာ သိပ်သည်းမှုကို ..
    မင်း..တွေ့ရှိပြီးတဲ့ ..အခါ...။
    ***Yatu Thit***
    (14.8.2012--7:30 PM)
    မိုးရေထဲ..လမ်းလျှောက်ခြင်း
    တစ်စက်ချင်း...တစ်ပေါက်ချင်း..
    လိမ့်ဆင်း..ကြွေသက်..တိမ်မျက်ရည်များ..
    ခါးသက်ပေမယ့်..အေးပါတယ်...။
    ''အပူသည်'' မို့လား ..မသိ
    ထိရှမိတဲ့မိုးရေစက်ကို ထီးမိုးလို့မပစ်ပယ်ရက်ခဲ့..။
    တစ်..စက်..ချင်း..မွမဟုတ္ဘူး..
    အပူရုပ်ပျောက်လောက်အောင် ရွာသွန်းစမ်းပါစေ..
    မိုးရေနဲ့ရောပြီး ငိုရတဲ့ လူမသိ..သူမသိ အလွမ်းများ..
    ခံစားနေမိလို့ပါကွယ်...။
    ေ၀ဒနာအခမ်းအနားက မသားနားပေမယ့်
    မိုးခါးရေနဲ့ရောပြီး အလွမ်းဇာတ်ခင်းရတာ...
    ကဗျာမဆန်သလို ဖြစ်နေပြီလား..
    လွမ်းတာတောင် ကဗျာဆန်ဆန်လွမ်းချင်နေသူအတွက်
    မိုးစက်တွေကပဲ မိတ်ဆွေရင်းဖြစ်လာတယ်..။
    ရွာသာ ရွာပါကွယ် ..မိုးရယ်..
    တိတ်တခိုး ငိုကြွေးနေသူရဲ့ မျက်ရည်တွေကိုဆေးပေးပါ
    ဒဏ်ရာ သက်သာလိမ့်နိုးနဲ့
    ပင်လယ်ပျိုးမယ့် မိုးသည်းထဲမှာ...ငို..
    ဒီအလွမ်းမျိုး ဘယ္သူ ''ချို'' ပါ့မလဲ
    သင်းကွဲတေလေရဲ့ မိုးရေထဲလမ်းလျှောက်မှုဟာ
    ရယ္စရာ..ဖြစ်ကောင်းဖြစ်လိမ့်မယ်..
    တကယ်ရင်တွင်းက အဖြစ်ကိုမသိသူများ..
    ဟားချင်..ဟားပေါ့...မမှုပါဘူး..
    အရူးလို့..ဆိုချင်ဆို..မပြိုလဲဘူး..
    စိတ်ကူးတည့်ရာ..သီချင်းတစ်ပုဒ်ကိုဟစ်ရင်း
    မျက်ရည်မြစ်တွေစီဆင်းသွားစမ်းပေါ့
    အလွမ်းတွေညှိုးနွမ်းမှာ စိုးကြောက်စိတ်နဲ့
    မိုးမတိတ်ဖို့..တိတ်တိတ် ဆုခြွေမိခဲ့
    ''မသေသော..အလွမ်း'' တွေ စိမ်းလန်းနေဖို့
    မိုးရေထဲ မှာလမ်းလျှောက်ရင်း...
    အလွမ်းပျိုးခင်းတွေထွန်ယက်နေမိဆဲပါပဲကွယ်.။
    ရတုသစ်
    (19.8.2012---8:43 PM)
    မိုးသည်းထဲက..အဖြေ..
                       မိုးသည်းသည်းမဲမဲရွာနေချိန်...။
    ကျနော်တစ်ယောက်ထဲအလွမ်းတပွေ့တပိုက်နဲ့ခပ်ငိုက်ငိုက်လမ်းလျျှောက်နေမိတယ်။ကျနော့်ရဲ့အတွင်း စိတ္က ပူလောင်မှုတွေဖိတ်စင်လွင့်ထွက်သွာမလားလို့မျှော်လင့်ရင်းနဲ့ပေါ့။ ဒါပေမယ့်...ကျနော် ရလိုက် တဲ့ အသိတစ္ခုက.....။
                       ကျနော်ကိုယ်တိုင် မသိလိုက်ပဲ အလွမ်းသမားတစ်ယောက်အဖြစ် ပတ်၀န်းကျင်က သတိပြုမိလာခဲ့တယ်ထင် ပါရဲ့။ သူတို့မျက်နှာတွေမှာအပြစ်တင်ချင်တဲ့ အရိပ်အယောင်တွေကိုကျနော် ဖတ်မိခဲ့ရ ။ ကျနော် ဂရုမစိုက်ဖြစ်ခဲ့ပါ ။ ရူးုသွပ်နေကြသူချင်းအတူတူသူတို့က တမူးသာ ချင်နေကြတယ်ထင်ရဲ့ ။တကယ့်ရင်တွုင်းကအဖြစ်ကိုမသိသူတွေပြောချင်ရာပြော။ ကျနော်သဘောကောင်းပြခဲ့မိ။ကျနော့် အလွမ်းကိုမဖျက်ဆီးမချင်းရန်သူလို့မသတ်မှတ်နိုင်ပါ။ တကယ်ဆို...ကျနော်ဟာသားပိုက်ကောင် တစ်ကောင်လိုပဲ၊ အလွမ်းတွေလွယ်ပိုးလို့ မိုးရေထဲမှာလမ်းလျှောက်နေခဲ့တယ်။
                           (တစ်လိမ့်ချင်း ..တစ်စက်ချင်း ..ကြွေဆင်းနေတဲ့မိုးရေထဲမှာ ထီးမပါပဲ ဘယ်နှခါလောက်
    လမ်းလျှောက်ဖူးပါသလဲ..မိတ်ဆွေ..) ပတ်၀န်းကျင် ကထင်ကောင်းထင်လိမ့်မယ်၊ငယ်ငယ်ရွယ်ရွယ်နဲ့သေချင်နေပြီလို့။မဟုတ်ရပါ ။ သူတို့အထင်လွဲမှားကြောင်း ကျနော့်ရဲ့ အဖြေုကိုဖတ်ပြီးမှ မှတ်ချက်ချလိုက်ကြပါတော့...။
               လူတိုင်းမှာ အကျင့်လေးတွေရှိတတ်ကြတာ အားလုံးအသိ ။ အဲဒီထဲမွာမွ ထူးထူးခြားခြားနဲ့ ကျနော်ကအလွမ်းကို လွမ်းပြီးရင်းလွမး်နေတတ်ခဲ့သူ ။ မလွမ်းရရင်မနေနိုင်လောက်အောင်လွမ်းခဲ့မိပေါ့ ။ အလွမ်းကိုခဏ ခဏ လွမ်းရင်း အလွမ်းကိုချစ်တတ်လာခဲ့ ။ လွမ်းရမှာကြောက်တတ်သူတွေထဲမှာ ကျနော်မပါ၀င်ခဲ့ဘူး။ (ဆွေးဆွေးမြေ့မြ့လေးကြေကွဲရင်းအလွမ်းတွေနင့်နေတဲ့ရင်ဘတ်ကြီးနဲ့ မိုးရေထဲမှာ..မိုးရေနဲ့ရောပြီးငိုချလိုက်ရတာ ..
    ဘယ်လောက်ကောင်းလဲ...။ ကိုယ်တွေ့ခံစားဖူးသူတွေသိမှာပါ ။မိုးစက်တွေရဲ့ အကူအညီနဲ့ ပတ်၀န်းကျင်က ကျနော့်မျက်
    ရည်တွေကိုမမြင်ခဲ့ရဘုူူး။ ဟန်ကျလိုက်တဲ့ ဖြစ်ခြင်း..။ကျနော်ငိုချင်တိုင်းမိုးရွာဖို့ဆုတောင်းတတ်ခဲ့တာ အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီလေ။
                  သည်းသည်းမဲမဲ မိုးထဲမှာ အားရပါးရ ..ငို..ကျနော်တစ်ယောက်ထဲ လဲပြိုလို့ ။မိုးနဲ့ပြိုင်ပြီး အသံ၀င်တဲ့အထိ သီချျင်းတွေအော်ဆို
    ရင်း ..။ အလွမ်းတွေစုထားတဲ့ရင်ဘတ်ကြီးကို မိုးအစို ခံထားမိတယ် ။ရင်ဘတ်ထဲကအလွမ်းတွေသွေ့ခြောက်သွားမှာစိုးရွံ့မိလို့ပါ ..။
                  အလွမ်းတွေမရှိရင်..ကျနော်လဲ မရှိချင်ပါ ။ကျနော့်ရဲ့ ဘ၀လ ဲ အဓိပ္ပါယ်ကင်းမဲ့သွားမှာသေချာတယ်။
                  မိုးပြိုမှာကြောက်ပြီး ခြေထောက်နှစ်ချောင်းမိုးပေါ်ထောင်အိပ်တတ်တဲ့တစ်တီတူးငှက်လို ဖြစ်နေပြီလား.. .မသိ ။၀င်သက်ထွက်သက်တိုင်းဟာ အလွမ်းရဲ့ အငွေ့အသက်တွေနဲ့ဆက်နွယ်ရင်းုဖြစ်ထွန်းခဲ့ ။
                   လွမ်းတတ်တာ အျပစ္လား ...
                    သူငယ်ချင်းတွေကတော့ အဖြေ မေပးခဲ့ ။ကျနော်ကိုယ်တိုင်ကလဲ မလိုချင်ခဲ့ပါ ။
    လွမ်းတတ်လို့ အပြစ်သင့်မယ်ဆို..အလွမ််းတွေထုပ်ပိုးလို့ မလွမ်းတတ်သူ..မလွမ်းဘူး သူတွေနဲ့ ေ၀းရာထွက်သွားဖို့ အဆင်သင့်ဖြစ်နေခဲ့
    ပေါ့။ လောလောဆယ်တော့...မိုးရွာထဲမှာ လမ်းလျှောက်လို့..ကောင်းနေဆဲ...။
     မေသေသာ..အလွမ်း တွေစိမ်းလန်းနေစေဖို့ ရင်ဘတ်ကြီးကို မိုးရေစိမ်မိနေဆဲ...။
     အလွမ်းတွေခြောက်ခမ်းသွားရင် ကျနော်ရဲ့ အလွမ်းပြဇာတ်လဲ တစ်ခန်းရပ်သွားမယ်ဆိုတာ...
    ကျနော့်ကိုယ်တွေ့..ကျနော် ရလိုက်တဲ့ အသိတစ္ခုပါပဲ..လို့ အသံတိတ်ဖြေမိနေဆဲပါပဲလေ..။
    ရတုသစ်
    (21/8/2012---9:10PM Tuesday)
    ခြားနားခြင်း
    ပင်မြင့်မှာအစဉ်
    အသွင်တင့်စွာငွေသဇင်က
    ချိုရွှင်လဲ့ပြုံး...။
    မဟီမှာမြေခတဲ့..
    မအီသာ ခရေကတော့
    ကြေမွပျက်သုဉ်း...
    တိတ်တခိုး
    တိတ် ဆိတ်ငြိမ်သက်
            သန်းခေါင်နက်
                အတွေးများနဲ့..ချောက်ခြားလျက်...။
    တ အားလွမ်းတယ်
          မင်းကိုကွယ်
           တမ်းတရင်းနဲ့...ဆွေးရတယ်...
    ခိုး ကာကြည့်ရင်း
          ကြိတ်ဆွေးရင်း
            ရင်ခုန်သံရဲ့...လမင်းတစ်စင်း...။
    *************************************************************************
    တိတ်ဆိတ်ငြိမ်သက်
           သန်းခေါင်နက်
             အတွေးများနဲ့...ချောက်ခြားလျက်..။
    တအားလွမ်းတယ်
        မင်းကိုကွယ်
           စောင့်စားရင်းနဲ့...ဆွေးမပြယ်...။
    ခိုးခိုးလွမ်းရင်း
        ကြိတ်ဆွေးရင်း
           ရင်မှာရှိတာ...မင်းမှမင်း.
    အလွမ်းနှင်လက်နဲ့..ကူလှည့်ပါ
    အလွမ်းတွေသာနေရာယူထားတဲ့
    ငါ့ရဲ့ရင်ဘတ်ကြီးကိုဖွင့်ဖွင့်ပြ
    အိပ်ပျက်ညရဲ့တစ္ဆေတစ်ကောင်နဲ့
    မင်းတွေ့သွားမှာလဲစိုးကြောက်မိပါရဲ့
    ငါ့အလွမ်းနဲ့ငါ နှစ်ပါးသွားရင်း
    မျှော်လင့်ခြင်းတွေပျောက်ပျောက်နေပေါ့
    တစ်ခါတစ်လေ့တော့ငါဟာ..ညပျောက်နေတဲ့ကြယ်
    တစ်ခါတစ်ရံတော့..ငါဟာ..မိုးသောက်ချိန်မဲ့နေတဲ့အာရုဏ်ဦး
    ဘာမှမထူးတဲ့ဘ၀နဲ့ဖြတ်သန်းရင်း
    အခုတော့..အလင်းငတ်လာပြီ
    ငါ့မျှော်လင့်ခြင်းတွေ..
    ငါ့အိမ်မက်တွေ..
    ပြန်နိုးထလာဖို့..
    မင်းရဲ့အလွမ်နှင်လက်နဲ့..ငါ့ကို ဖေးကူလှည့်ပါကွယ်...။   
    ဝေးဝေးကပဲလွမ်းပါရစေ
    မြင်တွေ့ခွင့်တွေပျောက်ဆုံး
    အမှောင်ဖုံးနေတဲ့မနက်ဖြန်တွေနဲ့
    ရီဝေေ၀လမ်းတစ်လျှောက်မှာ
    ငါ..တစ်ယောက်ထဲလွမ်းလို့...
    မှတ်တမ်းမဲ့နေတဲ့ပြဇာတ်တစ်ခုလို
    အလိုလိုမှေးမှိန်နေခဲ့တဲ့
    ခပ်ယဲ့ယဲ့မျှော်လင့်ခြင်းလေးနဲ့
    လမင်းကိုမော့ကြည့်မိတိုင်း
    သက်ပြင်းရိုင်းတွေပဲအန်ထွက်လာခဲ့
    သတိရပေးမယ့်သူမရှိတဲ့ဘ၀လောက်..
    ဘယ်အရာမှအောက်တန်းမကျဘူး...
    ငါ့ရူးသွပ်ခြင်းနဲ့ငါ..
    ဝေးဝေးကပဲလွမ်းပါရစေတော့ကွယ်။
    တစ်ခန်းရပ်..၃-၎
    ရင်ခွင်ချင်းကြိုးမငြိတော့တဲ့
    ငါတို့ရဲ့လက်ရှိဘ၀အတွက်
    စွဲချက်တွေတစ်ပုံကြီးနဲ့
    တုန်ဟီးသံမဲ့ရင်ဗလာတွေပွင့်ထွက်
    ရက်ရက်စက်စက်မှားခဲ့ကြပေါ့..။
    ရနံ့ပြယ်နေတဲ့လိပ်ပြာကိုယ်ငွေ့က
    ဘယ်ဆီကိုရွေ့သွာခဲ့ပါလိမ့်..
    ဘုံပျောက်နေတဲ့ဝိညာဉ်တစ်ကောင်ဟာ
    ဆာလောင်မှုတွေနဲ့..ရစ်ပတ်ခံထားရမှန်း
    အလွမ်းတွေထက်ပိုင်းကျိုးမှ
    စိုးရွံ့စွာသိခဲ့ရတယ်..။
    အဆိပ်ကိုအဆိပ်နဲ့ဖြေတဲ့သီအိုရီအတိုင်း..
    ခုတ်ပိုင်းဖြတိတောက်ထားတဲ့အတိတ်အနွမ်းအတွက်
    အလွမ်းကိုအလွမ်းနဲ့ပြန်ဖြေရင်း
    မြစ်တစ်စင်းကအလိုလို..ခြောက်သွေ့ခဲ့ပြီ..။
    တစ်မြေစီလဲ..မဝေးကွာခဲံ့..
    တစ်နေရာစီလဲ..မခွဲခြားခဲ့..
    တစ်ခြားစီလဲ..မထွက်ခွါခဲ့..
    မျက်နှာချင်းဆိုင်ကမ်းခြေတစ်ခုမှာ..
    လမ်းပျောက်သွားတဲ့ခြေရာတစ်စုံကို...
    တုန်တုန်ယင်ယင်လိုက်ရှာနေခဲံ့တဲ့
    ငါ့ရဲ့ဖော်မစုံအလွမ်းက
    ရူးနှမ်းလွန်းခဲံ့ပေါ့...
    ဒီလိုဖြစ်လာမယ်မှန်း..သိရင်..
    ငါ..မငင်ခဲံ့ပါဘူး..မင်းကို..
    အခုတော့..မင်းနဲ့ငါဟာ..
    နီးနီးလေးနဲ့ဝေးနေတဲ့..
    ၃..နဲ့..၄..။
    ။။။။။။။။။။။ရတုသစ်။။။။
    နှင်းကိုလွမ်းရင်း..ခါးတဲ့လူ
    အတင်းအဖျင်းပြောတတ်လာတဲ့လေညင်းက
    မနက်ခင်းမပီဝိုးတ၀ါးမှာ
    ရင်ကြားစေ့လက်ကျန်အလွမ်းနဲ့
    နွမ်းရော်နေတဲ့ရွက်ဝါတွေအတွက်
    နှုတ်ဆက်ခွဲခွါခြင်းရသကို
    ခပ်ဖွဖွလေးထိုးထည့်လိုက်တယ်..။
    ငိုရှိုက်သံမဲ့အလင်းတံခါးများလည်း
    နာကြားလွဲသွားတဲ့အာရုဏ်ဦးကြယ်နီရဲ့
    ပြီတီတီလမ်းခွဲအနမ်းမှာ..
    လန်းဆန်းခြင်းကင်းမဲ့နေပေါ့..။
    နေရစ်တော့..နှင်းရေ..
    မိုးလင်းဖို့နောက်ကျနေတဲ့..ညတာရှည်မှာ..
    မျက်ရည်နဲ့လမ်းခွဲနှုတ်ဆက်..
    သန်းခေါင်လွန်အိပ်မက်က..နိုးနိုးချင်း
    အလွမ်းသီချင်းသံသဲ့သဲ့...
    ဥသြရဲ့ရင်ဘတ်ကလွင့်ပျံ့လာခဲ့ပြီ..။
    ဆေးလိပ်တစ်တိုနဲ့..ဂစ်တာအိုလေးအကြောင်း...
    ရှေးဟောင်းခေါင်းလောင်းတစ်လုံးက..အမုန်းမဲ့ကျိန်စာလေးတစ်ပိုဒ်အကြောင်း..
    ခေတ်ပြောင်းကာလမှာ..ကြိုက်မိနေသေးတဲ့..တေးဟောင်းတစ်ပုဒ်အကြောင်း..
    ဆောင်းနှောင်းကာလရဲ့..ကြေကွဲဖွယ်လင်္ကာလေးတစ်ပိုဒ်အကြောင်း..
    ဟိုအကြောင်း..ဒီအကြောင်းနဲ့
    အရာရာအကြောင်းကြာင်း..သောင်းပြောင်းထွေလာ..
    အချိုရှာသကာမတွေ့တဲ့..လူခါးခါးတစ်ယောက်ရဲ့
    မတောက်တခေါက်အပေါစားအလွမ်းကို
    ဘယ်အခန်းကစပြီးဆင်ဆာဖြတ်ရမလဲ..မသိ..။
    ပိတောက်နဲ့ဖွင့်မှပွင့်မယ့်နွေတံခါးက
    တွားသွားသတ္တ၀ါတစ်ကောင်လို...
    ရွေ့လျားလို့လာနေပြီ..နှင်းရယ်..။
    ကော်ဖီခါးခါးတစ်ခွက်ကို..
    မက်မက်စက်စက်သောက်လေ့ရှိတဲ့
    အမေ့ခံလူသားတစ်ယောက်ရဲ့
    ရွက်ခြောက်ကြွေရင်ခွင်ဟာ..
    ပျော်ရွှင်ခြင်းကင်းမဲ့နေလဲ
    ဥသြရဲ့အလွမ်းခါးခါးနဲ့
    နွေဦးဆီ..နှစ်ပါးသွားရတော့မယ်..။
    သိမ်းဆည်းထားတဲ့သံယောဇဉ်အကြွင်းအကျန်တွေကို
    ဆောင်းတမန်တို့ကိုယ်ယောင်မဖျောက်ခင်..
    မြောက်ဝင်ရိုးစွန်းမှာ..သွားထားချင်တဲ့စိတ်ကို
    ကြိတ်မှိတ်ဖြေသိမ့်ရင်းပေါ့..နှင်းရယ်..။
    အလွမ်းမကင်းသေးတဲ့ဘ၀မို့..
    ခပ်မျှင်းမျှင်းရှိုက်သံတွေ..ပေကျံနေပါစေ..
    နှင်းကို..လွမ်းတဲ့စိတ်တစ်ခုထဲနဲ့
    ကိုယ့်အသဲကို..ပြန်ကြည့်နေဆဲပါပဲလေ..။
    ....YATU THIT.....
    ရင်ခွင်မဲ့..အလွမ်း
    တမ်းတသူမရှိတဲ့လူတစ်ယောက်အတွက်
    ညနက်နက်တွေဟာ..အဖော်ပဲပေါ့..
    မြှူချော့ချွေးသိပ်..အငိုတိတ်အောင်..
    ဘယ်လိပ်ပြာလှလှလေးတွေက
    တေးဆိုပြမှာလဲလေ..။
    လွမ်းတာတောင်..ပီပီပြင်ပြင်မလွမ်းနိုင်တဲ့
    ရင်ခွင်မဲ့ အလွမ်းသမားတစ်ယောက်လောက်..
    ချောက်ခြားစရာကောင်းတဲ့သူ..ရွိပါ့မလား..။
    အလွမ်းတွေသာ..ရနံ့ရှိခဲ့ရင်
    ငါ့ဥယျာဉ်တစ်ခုလုံး..အလွမ်းနံ့တွေဖုံးနေမှာ..
    အခုတော့...........။
    ရနံ့မဲ့အလွမ်း...
    ရင်ခွင်မဲ့အလွမ်းနဲ့...
    ကမ်းကပ်စရာမရှိတဲ့..လှေတစ်စင်းလို..
    ပျော်ရွှင်ခြင်းကင်းမဲ့နေတာ....
    ဘယ်သူကသိနိုင်မှာလဲကွယ်..။
    အထီးကျန်နေသူတစ်ယောက်အတွက်
    မျက်ရည်ဟာ..ကဗျာတစ်ပုဒ်ဖြစ်မယ်ဆိုရင်..
    ငါ့အတ္ထုပ္ပတ္တိတစ်ခုလုံး..
    ကဗျာတွေနဲ့ဖုံးလွှမ်းနေတော့မှာပဲ..။
    ပျောက်ဆုံးသွားတဲ့..ငါ့၀ိညာဉ်လေးရေ..
    အလွမ်း၀င်္ကပါ ကြီးထဲမှာ..လည်နေသေးသရွေ့
    ငါ..မင်းကို..မေ့လို့မရနိုင်ဘူးကွယ်..။
    တကယ်တော့..ငါ့ အလွမ်းဟာ..
    ရင်ခွင်မဲ့အလွမ်းမို့..
    တမ်းတသူမရှိမချင်း..
    မျက်ရည်မြစ်နှစ်စင်းနဲ့အတူ..
    စီဆင်းနေဆဲပါပဲကွယ်....။
    ရတုသစ်
    (16.6.2012...SAT...2:34 PM)
    ဖြေဆေး
    ဘယ်ရင်ခွင်...မှန်း..လွမ်းရမလဲ..?
    ဘယ်လမ်းကိုလျှောက်..ရောက်ပါ့မလဲ?
    ဘယ်ပျောက်သောသူ...ပူရမလဲ..?
    ဘယ်သူ..ဘယ်ဝါ..ရှာရမလဲ..?
    ဘယ်ဟာ..အစစ်..ဖြစ်ပါ့မလဲ..?
    ဘယ်မေတ္တာကို..ချိုရမလဲ..?
    ဘယ်လို..တောင်းဆု..ပြုရမလဲ..?
    လဲ?ပေါင်းများစွာ..သံသရာ၀ယ်..
    ၀င်ကာရောက်ရှိ..သက်ဆင်းမိလည်း..
    မှားမိ၀န္တာ.. ဝေဒနာဟု..
    ဘယ်ခါမတွေး..ခပ်အေးအေးပဲ..
    ပူဆွေးမနေ..ပျော်ပျော်နေလိုက်..
    တို့တွေတွေ့တာ..အပြင်မှာ..မဟုတ်..
    တို့တွေတွေ့တာ..ON FACEBOOK...'။
    ရတုသစ်
    လမ်းခွဲသူ...သို့
    လွဲမှားတဲ့ခံယူချက်ကိုယ်စီနဲ့
    လမ်းခွဲဖို့ဆုံးဖြတ်ကြပြီမို့
    မျက်ရည်မြစ်တွေရပ်တန့်
    အကန့်အသတ်မဲ့..စီမ်းကားမှုတွေနဲ့
    ရင်ထဲမှာ..မိုးခါးတွေစွေနေတယ်...။
    မင်းစဉ်းစားမိရဲ့လား..?
    နှလုံးသားဟာ..လုံးပါးပါးမှ
    နှုတ်ခမ်းပါးကို..ပျားရည်ဆွတ်
    တိမ်းညွတ်စေမယ့်စကားလုံးတွေနဲ့
    ပုရိသတွေကို..မင်းခြွေတယ်..
    ဒါပေမယ့်..မင်းရဲ့..သစ်ပင်အိုက
    ရွက်ခြောက်ညိုတွေလဲ..ကြွေတယ်..။
    မေတ္တာမပါတဲံ့အချစ်စစ်ပွဲမှာ..
    မာယာသရဖူဆောင်းဖို့
    မင်းကို..ဘယ်သူကောင်းခြီးပေးခဲ့သလဲ?။။
    ''အလူးအလဲနဲ့ ပူးတွဲသရေ''ဆိုတဲ့
    ဒိုင်ပွဲရပ်စစ်မြေတလင်းမှာ..
    ဘယ်သူ့ရင်ဘတ်က ပြောင်တလင်းခါခဲ့သလဲ?..။
    အကြင်န်ာမပါတဲ့အယောင်ဆောင်ချိုမြိန်မှုတိုင်းဟာ..
    ခုနစ်လွာကကွက်ဆန်းတွေလို..
    မာယာခါးခါးတွေနဲ့ရောပြွမ်းနေတယ်..။
    ''ကြာကြာဝါးမှ ခါးမှန်းသိ"'ပြီး..
    နောက်ဆုတ်ဖို့ခြေလှမ်းရွှေ့ကြည့်တော့..
    မင်းရဲ့ ခြေမျက်စိတွေ..
    မေ့နေပြီ မဟုတ်လား..?..။
    (လမ်းခွဲသွားသော..ကောင်မလေး..သို့..)
    ====YATU  THIT====
    မသေ​သော...အလွမ်း
    မင်း..မရှိတော့ဘူးဆိုတာ..လက်ခံလိုက်ဖို့
    ဝေစို့နေတဲ့မျက်၀န်းတွေက
    ဆန္ဒပြနေဆဲပါ..မေ..။။။
    တို့ဆောက်ခဲ့တဲ့အိမ်ကလေးက
    အသေးအကြီးခွဲခြားမရတဲ့..မေတ္တာအိမ်..
    ဘယ်အချိန်ကြည့်ကြည့်..ရှိလို့နေဆဲပေါ့..
    ချော့မော့သူပျောက်နေတဲ့ကလေးတစ်ယောက်လို
    ''ငါ..ငိုနေတာနေ့တိုင်းပဲ''လို့
    ပြောဖို့..မင်းမကြားနိုင်တော့ဘူးလေ...။။။
    ရက်စက်ခြင်းတရား...ရေ
    မင်းမွှေလိုက်တဲ့ ဂယက်က
    လူတစ်ယောက်ရဲ့ မနက်သစ်တိုင်းကို
    အပိုင်းပိုင်းဖြတ်ချွေလို့..
    သေစေအမိန့်ထက်ပြင်းတဲ့..
    ခပ်မျှဥ်းမျှဥ်း...တငွေ့ငွေ့...
    ဆွေးမြေ့နေတဲ့လူတစ်ယောက်ရဲ့..ရင်ထဲကို
    ဖွဲမီး၀င်ထည့်ပေးလိုက်သလိုပါလားကွယ်..။။။
    တစ်ခါတစ်လေယောင်ယောင်နိုးတဲ့
    ငါ့ရဲ့ စိတ္တဇညဆိုးတွေက
    ဘယ်အချိန်မှ..ေ၀းရမှာလဲ.?
    မင်းမပါတဲ့နေ့သစ်တွေက
    လောင်မီးကျနေတဲ့ ဘ၀ငရဲဆိုတာ..
    မင်း သိမသြားတာ ဆိုးတယ်..။။။
    ''အချိန်ဆိုတာ..သမားတော်''တဲ့
    မှန်ခဲ့သလောက်တော့ မှန်ပေမယ့်
    ကျွမ်းမြေ့နေတဲံ့ အလွမ်းသမား..ငါ့ကိုတော့
    လက်လျှော့ရလိမ့်မယ်..။။။
    တကယ်တော့ ..ငါ့အလွမ်းဟာ
    ရာဇ၀င်တွင်အောင်လွမ်းမဲ့အလွမ်းထက်..
    နက်နက်ရှိုင်းရှိုင်း...လွမ်း..
    တမ်းတမ်းတတ...လွမ်နေလို့..
    ကမ္ဘာကြေပေမဲ့..အလွမ်းမကျေ.
    သြော်..ငါ့ရဲ့..အလွမ်းက မသေပါဘူး..မေ..။။။
    ====YATU THIT====
    (20.6.2012...WEDNESDAY..3း01 PM)
    ဥပေက္ခာအလွမ်းသမား
    •  အကန့်အသတ်မဲ့ အလွမ်းတွေနဲ့..
    ပင်ပန်းခဲ့တဲ့နေ့တွေ..များပြီ..
    အစီအစဉ်မဲ့အိမ်မက်မြစ်ထဲ..
    ဝေ့..၀ဲ..မျော..ပါ.. 
    အတိတ်မှာကျန်ရစ်တာက..မရေရာမှုများ...။။။ 
    • ခပ်ပါးပါးအလွှာအောက်က အသဲ..
    ရေခဲ မဖြစ်သေးသရွေ့..
    တွေ့ရဦးမယ့်ဝေဒနာဒဏ်ချက်တွေက
    ကုစားလေ..ပိုဆိုးလေ..ဖြစ်နေရဲ့..။။။
    • ရီဝေေ၀ နေညိုချိန်များ...
    ခပ်မှိန်မှိန် အာရုဏ်ဦးများ..
    အရူးတစ်ပိုင်း အိပ်ပျက်ညများ..
    ခံစားရခက်လွန်းတဲ့ မနက်ဖြန်ခါးခါးများ..
    ကျော်လွှားဖို့ခက်လွန်းလှပေါ့..။။။
    • ငါ..ကခဲ့တဲ့ အလွမ်းဇာတ်က
    ရင်ဘတ်နဲ့ မဆန့်အောင် ခမ်းနားခဲ့..
    နှစ်ပါးသွား မဆုံးခင် ကန့်လန့်ကာချ
    မလှပတဲ့ ဇာတ်သိမ်းခန်းက..
    ငါ့ အလွမ်းကိုအရောင်ရင့်စေခဲ့တယ်..။။။
    • ဆို့..နင့်..ကြေ..ကွဲ..
    ပြို..လဲ..ပျက်..သုဉ်းရင်း
    နိဂုံးမဲ့ ဇာတ်မျော ကြီးထဲမှာ...
    ဆွဲထည့်ထားတဲ့ ငါ့ ကံကြမ္မာကို
    ရင်ပြိုအောင်..မုန်းတယ်..။။။
    • ဗုန်းဗုန်းလဲနေတဲ့  အနာဂတ်..
    သတ်မှတ်ချက် မရှိတဲ့ ဘ၀..
    အနာရနေတဲံ့နှလုံးသားနဲ့..
    အလွမ်းသမားတစ်ယောက်ကို ကယ်တင်ဖို့
    ဘယ်ရင်ခွင်ကမှ လက်လှမ်းချင်မှာ မဟုတ်ဘူးလေ..။။။။
    • ရှိပါစေတော့....
    တစ်ကျော့ပြန် လက်ကျန်အလွမ်းနဲ့
    ငါ့ သင်ခန်းစာတွေနဲ့..ငါ..။။။
    •  ထားလိုက်ပါတော့...
    အကြင်နာဝေးတဲ့အရပ်
    တန့်ရပ်နေတဲ့နှလုံးသွေး အေးအေးတွေထဲမှာ...။။။
    ===Yatu Thit====
    20/06/2012/        8:42 pm   wednesday
    သူငယ်ချင်း
    သူငယ်ချင်း...
    အမှတ်တရ
    တို့ဘ၀မှာ
    ငယ်ကပေါင်းသင်း
    သူငယ်ချင်းသာ
    ရင်မှာတမ်းတ
    လွမ်းဆွတ်ရလို့
    စိတ်ကအောက်မေ့
    တို့မမေ့ဘူး..။
    **သူငယ်ချင်း ရေ...
    မုန်တိုင်းထန်ထန်
    လောကဓံကို
    တွန်းလှန် ချိုးဖျက်
    ရုန်းကန်ထွက်ဖို့
    မပျက်ကြိုးစား ..
    တို့ခွန်အားနဲ့ ..
    တိုးသွားရှေ့သို့
    ချီတက်စို့...။  
    ရတုသစ်
    နတ်မိမယ်
    • မင်း..မျက်ဝန်း
        လဲ့ရွှန်းဝင်းလက်
        ဆွဲညှို့ချက်မှာ
        အသက်ရှူမှား
        စိတ်လှုပ်ရှားသည်...
        ငါ့အား..ဘယ်လို ဖြစ်မှန်းမသိ..။
    • မင်း..အပြုံး
         နှလုံးအသဲ
         ငင်ယူဆွဲသော်
         ရင်ထဲနွေးသွား
         ညှို့ငင်အား ကို
         ဖယ်ရှား..ပစ်ရန် အင်အားမရှိ..။
    • မင်း..အလှ
         တုပမရှိ
         ငါထင်မိသည်
         နတ်မိမယ်လား
         အလှများဖြင့်
    စိတ္တဇ..အလွမ်း
    • တစ်စက်တစ်ပြောက်..ဖြိုးဖြောက်ဖြောက်နှင့်
        မိုးပေါက်ကျသံ..ငါကြားပြန်သော်...
        လွင့်ပျံေ၀၀ါး..စိတ်ထွေပြား၍
         ထင်းမှားတမ်းတ..မှန်းကာဆလျက်
         အလှသက်လျာ..ပြန်၍လာသို့
         စိတ်မှာထင်မိ..ထ၍ကြည့်လည်း
          မရှိ..မရှိ..သူမရှိသည်..
          မချိတင်ကဲ...ခံစားမြဲ..။
    • နှင်းမြူဖြန့်ကြဲ..ပျံကာဝဲသည့်
          အသဲခိုက်တုန်..ဆောင်းညဘုံဝယ်
          လွမ်းခြုံရစ်သိုင်း..နှင်းငွေဆိုင်းမှ
          စိုထိုင်းအေးစက်..နှင်ရည်စက်တို့
          တစ်စက်တစ်ပေါက်..ကြွေကာရောက်၍
           ဖြောက်ဖြောက်မြည်သံ..ငါကြားပြန်သော်..
            ငါ့ထံ ပြန်လာ..ချစ်သက်လျာ၏
            အသာလာရောက်..တံခါးခေါက်သို့
             စိတ်ဖောက်ပြန်ငြား..ထင်မိမှား၍
             တံခါးဖွင့်ကြည့်..သူ..မရှိသည်..
             လွမ်းမိရင်ထဲ...ပူလောင်ဆဲ..။
    • ရော်ဝါရွက်ကြွေ..လွမ်းဖွယ့်နွေမှာ
            ညလေပြည်ညင်း..ဆော်ရိုက်သွင်းသော်
            မှားယွင်းတွေးကာ..ချစ်သက်လျာ၏
            သာယာညင်းညင်း..ရယ်နေခြင်း ဟု
             စိတ်တွင်းထင်ဘိ..ပျော်ရွှင်မိကာ
             ဖွင့်ကြည့်တံခါး..ငါ ရှုစားသော်..
             မှုန်ဝါးရီဝေ..စိတ်ရှုပ်ပွေလျက်
             ညလေပြည်သာ..ထိတွေ့လာ၏
             သူ..မ၇ှိသည်...
             ကြွေမည့်ရင်ထဲ..နွမ်းအသဲ...။
    ******Yatu  Thit****
    ၁၃၆၆ ခုနှစ်..နတ္တော်လဆန်း (၇)ရက်...စနေနေ့။။။။(ည..၁၁း၁၅)
    ကဗျာမရေးဖြစ်တဲ့..ည
    တစ်ယောက်တည်းအထီးကျန်ရင်း
    ခမ်းနားခြင်းမရှိတဲ့သီအိုရီတွေနဲ့
    အမှတ်တမဲ့တွေက အမှတ်တရတွေဖြစ်ဖြစ်လာ..
    ကမ္ဘာငယ်လေးတစ်ခုထဲမှာတောင် ရှာရခက်နေတဲ့
    မနက်ဖြန်ချိုချိုလေးများ...
    ဝေးဝေးသွားတဲ့အကြင်နာတွေကို
    တစ်ကိုယ်ရေလွမ်းဆွတ်ခံစားရင်း
    သက်ပြင်းတွေပဲမိုင်တိုင်ရှည်လာတယ်..။
    အတ္တနဲ့ထုဆစ်ထားတဲ့..မာနတွေက..
    ခဝါချဖို့ခက်နေခဲ့ပေါ့..
    ယိုင်နဲ့နေတဲ့ဘ၀အိမ်လေးက..
    ခဏ ခဏအချက်ပြနေရဲ့..။
    ဘာမှရေရာမှုမရှိတဲ့..အတွေးတွေနဲ့
    ရေးနေကျ ကဗျာတွေလည်း မရေးဖြစ်ဘူး..။
    တိမ်းမူးစေမယ့်..ကာရန်တွေက.
    ငါ့ဆီကနေ ခွာ ခွာသွားကြပြီလေ..။
    ရီဝေဝေ..မေ့မူးမူး..
    အရူးတစ်ပိုင်းအသဲရိုင်းတစ်ယောက်ရဲ့..
    ရူးနှမ်းခဲ့သမျှ အဖြစ်တွေကို..ဘယ်သူတွေနားလည်ပေးလို့လဲ..။
    ငါ့ အသဲငါ ကျိန်ဆဲရင်း..
    ဆွေးမြေ့ခြင်းမကင်းတဲ့ ဘ၀ကို စိတ်ပျက်မိ..
    ခလုတ်ထိမှတော့အမိလဲမတချင်တော့ပါဘူး..
    ယစ်မူးနေကျအလွမ်းသီချင်းတစ်ပုဒ်..
    ကောက်နုတ်ထားတဲ့မှတ်တမ်းတစ်အုပ်နဲ့
    တိမ်မြုပ်နေတဲ့အတွေးတွေ..ဆွဲထုတ်ရင်း
    မိုးလင်းသွားတဲ့...ညတစ်ည
    ကဗျာတွေမှောင်ရိပ်ခိုတဲ့ည..
    ကာရန်တွေတူတူပုန်းတဲ့ည..
    အလှပျက်သွားတဲ့ အထီးကျန်ည
    ငါ့တစ်ယောက်ထဲ..ကဗျာမရေးဖြစ်တဲ့..ည..ပါပဲ..။
                                ရတုသစ်
     (27.6.2012..wed..10:45am)
    ငုပ်တုတ်မေ့နေတဲ့..မျှော်လင့်ချက်
    *ပျောက်- ကွယ်သွားတာလား..
                  ဖျောက်ကွယ်ထားတာလား..
                  အလွမ်းများပေးသွားသူကတော့..
                  ခေါင်းမော့ ..ပြုံးချင်ပြုံးနေလိမ့်မယ်..။
    *သော- ကခြေရာ အထပ်ထပ်နဲ့
                 အလွမ်းဇာတ်ကြီးကို ကနေရတာ..
                 ဘ၀မှာ ဘယ်လိုမှမပျော်နိုင်ပါဘူး..
                 မထူးချင်သူတစ်ယောက်ကိုခေါ်ရတာလောက်
                 စိတ်ပျက်ဖို့ကောင်းတာ..မရှိဘူးထင်ပါရဲ့..
                 အလွမ်းနာကို မခံစားနိုင်တော့ဘူးကွယ်..။
    *    သူ- ကတော့ဘယ်လိုနေမယ်မသိ..
                မချိပြုံးနဲ့ပြုံးတဲ့  အပြုံးလောက်..အကျည်းတန်တာ
                ကမ္ဘာမှာရှာလို့တွေ့နိုင်ပါသလား...
                သူများပျော်လို့မပျော်နိုင်သူတစ်ယောက်အတွက်
                ထိုးနှက်ချက်တွေကပြင်းထန်လွန်းလှပေါ့.။
    *  ရှာ-  လွန်းမက လိုက်ရှာမိပေမယ့်..
               ပိရိသေသပ်တဲ့ ပုန်းရှောင်သူတစ်ယောက်ကို
               ဘယ်လိုအနေအထားမျိုးနဲ့တွေ့ရမလဲ..
               မှင်ရည်ကျဲနေတဲ့ ကံ ကိုပဲ အပြစ်ဆိုရမလား..
               ဟစ်ငိုလို့ရတဲ့ ကလေးတစ်ယောက်သာဆို
               ဟစ်ငို ပစ်လိုက်စမ်းချင်တယ်..။
    *  မ -  တွေ့သူကိုမှတွေ့ချင်နေမိတဲ့ စိတ်ကို
               ဘယ်လိုဖြေသိမ့်ရမှန်း မသိ
               အရှိုက်ထိတဲ့ အလွမ်းတွေကပြေးထွက်ချင်နေပြီ..
               ဒါပေမယ့်.......................................။
    *တွေ့-လိုသူတစ်ယောက်ရဲ့မျှော်လင့်ချက်ဟာ..
               ကွယ်ဝှက်ရှောင်ပြေးနေသူ တစ်ယောက်က
               ကိုယ်ထင်မပြသေးသရွေ့...
               ငုပ်တုတ်မေ့နေဦးမှာ ပဲလေ..။
      *****************************************
      ******ရတုသစ်***28/6/2012 
    ရူးပြီ
    * မင်း အပြုံးလေးက..လှတယ်..
       အနုအလှအပြုံးများကို..
       သမုဒယ နှလုံးသားနဲ့..ခံစားမိတော့..
       ငါ...ရူးပြီ..။
    * မင်း အကြည့်လေးက.. မိုက်တယ်..
       သမင်လည်ပြန် နောက်လှည့် အကြည့်..
       ညှို့ချက်ပြင်းပြင်းနဲ့ ရင်ဘတ်မှာထိခဲ့တော့..
       ငါ...ရူးပြီ..။
    * မင်း  စတိုင်လ် လေးက..မိတယ်..
        အချိုးကျကျ စတိုင်လ် အလှ..
        ငေးမောရင်း တမ်းတ မိတော့...
        ငါ..ရူးပြီ..။
    * မင်း အသံလေး က..ကဗျာဆန်တယ်..
        နားဝင်ချိုတေးသွား တစ်ပုဒ်လို..
        ရင်ခုန်စွာ နားဆင်မိတော့..
        ငါ ..ရူးပြီ..။
    * ရူးပြီ..ဘေဘီ ..
       မင်းကြောင့်..ငါ ရူးရပြီ..
       မင်းနဲ့ပတ်သက် သမျှ အရာအားလုံးကို
       ရူးသွပ်စွာ..ငါ..ရင်ခုန်မိတော့..
       ရင်မောခြင်းနဲ့ပဲ..၀ဲလည်ခတ်..
       အဆုံးသတ်မှာတော့...ငါ..
       ရူးပြီ..။
                         ရတုသစ်
    မေ့ဆေးမိနေတဲ့..ကဗျာရူး..
    * အိပ်မက်မှာလမ်းလျှောက်ရသလို
       ဘာမှပေါက်ပေါက်ရောက်ရောက်မရှိ..
       လောင်စာငြိတုံးထတောက်မိတဲ့မီးတောက်တစ်ခု..
       ခိုးလိုးခုလုနဲ့..ငါ့ကို..ပြန်ပြုစားသွားပေါ့..။
    * ကုစားဖို့ခက်မှန်းသိပါရဲ့..
       ငြိတွယ်မိတဲ့ကြိုးတစ်ချောင်းရဲ့တင်းအား..
       အသဲပါးပါးမွှမ်းခံရတာထက်..
       နာကျဉ်ခံခက်စေနိုင်တာ..
       ဘယ်ဝေဒနာများရှိပါသလဲ..?
    * တကယ့်ဖြစ်ရပ်မှာ...ငါ..
       ငါ့အလင်းနဲ့ငါ..မှောင်သွားခဲ့ရ..
       ငါ့ ညကြမ်းကြမ်းကြီးတွေကို..
       ငါကိုယ်တိုင် ရှိုက်နမ်းမိပြီလေ..။
    * ငါ့အလင်း..ငါ့ပန်းတိုင် ..
       လက်ကိုင်ပြစရာဘယ်မလဲ
       မချိသွားဖြဲနေ့ရက်များ..
       ငါ့ပြဇာတ်နဲ့ငါ..ေ၀၀ါးခဲ့ပေါ့..။
    * ရှင်သန်ခြင်း..မျှော်လင့်ခြင်း...
       ငါ့ရင်တွင်းဖြစ်နဲ့ငါရောင့်ရဲ..
       ငါ့အသဲနဲ့ငါ ခံစားရင်း..
       ညီမျှခြင်းမရှိတဲ့ ဘ၀ပြေးလမ်းများ
       ငါ့ အခန်းထဲကလှမ်းမြင်ရပေါ့..။
    * ကြမ်းတမ်းနေဆဲလောကဓံကို..
       ဘယ်အချိန်ထိတင်းခံနိုင်မလဲ..
       ..................................
       ပြတ်စဲဖို့ခက်တဲ့နှလုံးသားစစ်တမ်းက
       သက်တမ်းရင့်အိုနေပြီ...ဆိုတာ..
       ငါ့ကိုယ်ငါ..သတိပေးဖို့..
       ရေးနေဆဲ..ဘ၀ကဗျာက
       ငါ့ကို မေ့ဆေးကျွေးထားတယ်..။
    ရင်ဝှက်ကြိုး
    * ပန်းတစ်ပွင့်ရဲ့  ခူးယူမှုမှာ
       ငါ့  နှလုံးသား ဟာ ..
       တလူးလူးလွင့်
       မရင့်ကျက်သေးတဲ့..အချစ်နယ်မှာ..
       နွမ်းနယ်မှုနဲ့ ပန်းလျ လှိုက်မော မိ
       ကောင်မလေး..ရေ..
       မင်း မျက်ဝန်း တစ်ချက်ဝင့် အကြည့်မှာ
       ပင့်သက်ရှိုက်ဖြာရတဲ့ဝေဒနာ က
       မျိုချရခက်လွန်းတယ်..။
    * မျက်ဝန်းချင်း လျှပ်စီးလက်ချိန်
       မင်းမျက်နှာပေါ်မှာ..
       နှင်းဆီတစ်ခင်းဖြတ်သန်းသွား..
       အဲဒီ..အလှတရားကပဲ..
       ငါ့..နှလုံးသားကို..ခွဲခဲ့ပေါ့..။
    * ရက်စက်ခြင်းတွေပြိုမကျခင်...
       ခင်မင်မှုမီးတွေမှိတ်.
       နှလုံးသားတံခါးကို ပိတ်ထားရမလား..
       ရင်အက်အက်နဲ့..ငါ..
       မရေမရာ နဲ့စဉ်းစားမှ
       အသဲလေး..ဖျားသွားခဲ့ရ..။
    * တကယ်..မလွယ်ဘူး..
       ရစ်တွယ်မိတဲ့ မမြင်နိုင်ကြိုးတစ်ချောင်းမှာ..
       သေကောင်းပေါင်းလဲပေါ့..
        ငါ့..အသဲကို..ပြန်ဆန်းစစ်ရင်း 
       ငါ့..အချစ်ကို..မကြေငြာတော့ဘူးကွယ်..။
                       Yatu Thit...
    အလွမ်းချေချိန်
    ရထားသံတွေရဲ့ ခြောက်လှန့်မှုက..
    မင်းဆီပြန်ချင်နေတဲ့ ..စိတ်ကို..
    ထက်သန်စေလို့...။
    ရင်ခွင်ဝေး ခရီးတစ်ခုမှာ
    အလွမ်းတွေရဲ့ ပြုစားချက်က..
    ဖြေသိမ့်ရခက်လွန်းလို့...။
    နှလုံးသားစာမျက်နှာပေါ်က
    မင်းရဲ့..ပုံရိပ်မဲ့ လက်ရေးလေးတွေကို..
    နေ့တိုင်းပြန်ဖတ်ချင်နေလို့...။
    တကယ့် ထာဝရမဟုတ်ပေမယ့်
    ထာဝရလို့ သတ်မှတ်ပြီး
    ပုံအပ်စိုက်ထူဖူးတဲ့ သစ္စာမဏ္ဍိုင်လေးက
    ယိုင်နဲ့သွားမလား..စိုးရိမ်လို့...။
    မခို့တရို့အလွမ်းရဲ့ ကျီစယ်မှုမှာ.
    မစို့မပို့ မျက်ရည် မဟုတ်တဲ့
    အလွမ်းမျက်ရည်မြစ်တစ်စင်းက
    နေ့တိုင်းစီးဆင်းနေတယ်..ဆိုတာ..
    မင်းသိနိုင်ခဲ့မယ်ဆိုရင်..
    ငါ့ရဲ့ အလွမ်းအသင်္ချေကို
    မင်းရဲ့..သိတတ်မှု တဒင်္ဂလေးနဲ့..
    ငါ..ချေပ ပစ်လိုက်နိုင်ပါတယ်..။
    ***Yatu Thit***
    ချစ်သူပျောက်တဲ့..ညနေ
    * အထိန်းအကွပ်မဲ့နေတဲ့စိတ်ကူးနဲ့
      တိမ်းမူးပျော်ရွှင်ချင်မိတဲ့.ညနေ
      လေပြေတစ်ချက်အငြိမ့်မှာ..
      တသိမ့်သိမ့်...တုန်..
      ငါ့ရင်အစုံက..ဇက်သပ် မရတဲ့ မြင်းရိုင်းတစ်ကောင်ဖြစ်သွားပေါ့။
    * တိုက်ဆိုင်ခြင်း အမျိုးမျိုးထဲမှာ..
      အသည်းပေးထားရသူတစ်ယောက််ကို..
      နောက်တစ်ယောက်နဲ့............။
      ဒီ တိုက်ဆိုင်ခြင်းလောက်..ဖရိုဖရဲနိုင်တာ
      ငါ့ ကမ္ဘာမှာ..ဘာရှိတော့မလဲ..။
    * ပြာပြာသလဲဖြစ်သွားတဲ့ စိတ်အစဉ်က
      ပျော်ရွှင်မှုတွေအကုန်လုံး ရိတ်သိမ်းသွားခဲ့
      ခွန်အားမဲ့ နေတဲ့ခြေလှမ်းတွေနဲ့ အတူ
      ငါ..မျက်နှာမူရာ အရပ်တိုင်းနေထွက်နေတာတွေ့ရတယ်.။
    *အချစ်..အကြင်နာ..မေတ္တာ..
      ဘာတွေ..ဘာတွေလဲ..?
      ခိုင်မြဲမယ်ထင်ထားတဲ့ သစ္စာပန္နက်က
      ကျိုးပဲ့..ပြတ်ကြွေသွား
      နှလုံးသားမပါတဲ့ ရင်ဘတ်ကြီးနဲ့
      လောကကြီးကို ဟားတိုက်ပြခဲ့ရပြီ..။
    * ''လောကမှာပျောက်သွားတဲ့ ချစ််််််််််််််််သူကိုရှာရခြင်းထက်..
       နှလုံးသားထဲက ပျောက်ဆုံးသွားတဲ့ချစ်သူကိုရှာရခြင်းက
        ပိုခက်တယ်..''တဲ့.
       ကြားဖူးခဲ့တဲ့ ဒဿနလေးက
      ငါ့ ဘ၀နဲ့ တည့်တည့်တိုးခဲ့ပေါ့..။
      ချော့မော့ဖြောင်းဖျ လို့မရတော့တဲ့ နှလုံးသားက
      တဆင့်ကြားမဟုတ်တဲ့ တိုက်ရိုက်မြင်ကွင်းအတွက်
      ချစ်ခြင်းတွေ တဗုန်းဗုန်းလဲခဲ့..
      ယိုင်နဲ့သွားတဲ့ ငါ့ မေတ္တာ တရားအတွက်
      အလျော်အစားက ..ဘယ်မှာလဲ?
      ကြေကွဲနေဆဲ အနာဂတ်မှာ..
      သစ္စာမဲ့တဲ့ ချစ်သူတစ်ယောက်
      ကျပျောက်သွားတာကို..
      ချိုမြိန်လိုက်ရုံမှ..တစ်ပါး....။
    (p:s)အဲဒီညနေက ပျောက်သွားတဲ့ ချစ်သူကို ဘယ်တော့မှ လိုက်ရှာမည်မဟုတ်ပါ..။
            ရှာလို့လည်း တွေ့နိုင်တော့မည်မထင်ပါ။ အဘယ့်ကြောင့် ဆိုသော်...နှလုံးသားထဲကပျောက်ကွယ်သွားသောကြောင့်..ဖြစ်ပါသည်..။
    ရတုသစ်
    မျှော်လင့်ချက်.. အဆုံးမဲ့ ..ရင်ခွင်အို ..တမ်းချင်း
    *  အစိမ်းရင့်ရင့်လမ်းလွှဲတစ်ခုမှာ
        လမ်းခွဲထားရစ်ခဲ့ရပေမယ့်
        အလွမ်းသွေးတွေစွန်းပေနေတဲ့ - ငါ့အသဲကို
        နင်-ဝင်ကြည့်လှည့်ပါ ။
        အပြုံးရုပ်ဆင်နေတဲ့ ငါ့မျက်နှာပေါ်က
        အရိပ်အယောင်ကိုပဲ နင် - သယ်ဆောင်မသွားပါနဲ့
        နှလုံးသားရွက်ဝါလေးကိုလည်း
        မြင်အောင်ကြည့်ခဲ့ပါဦး ..." မေ "  ။
    *  မတူညီတဲ့ကန့်လန့်ဖြတ်မျဉ်းပြိုင်နှစ်ကြောင်းအဖြစ်
        ကံကြမ္မာက ...ငါတို့ကို ပုံသွင်းပစ်ခဲ့တယ် ။
        ဘယ်တတ်နိုင်ပါ့မလဲ..." မေ "  ။
        ငါတို့က ..စေညွှန်ရာဆီလွင့်ရမယ့်
        ကံကြမ္မာရဲ့ မင်းခစားတွေမဟုတ်လား ။
    *  ဘယ်တော့မှ မတွေ့နိုင်တော့ဘူ့းလို့ ..သိပေမယ့်
        နှလုံးသားကသံသယဖြစ်ဖြစ်နေတာ ...ခါးတယ် ။
        အလင်းမဲ့ဒွိဟစိတ်တွေကိုဆွဲချိတ်လို့
        လေဟာနယ်မှာတိတ်တဆိတ်ပုန်းအိပ်ပေမယ့်
       မျက်စိမှိတ်လို့မရတဲ့အသဲက မင်းကိုပဲတရှိုက်မက်မက်ဖြစ်နေ
       အိပ်မက်တေလေတွေကလည်း တံခါးမရှိ ဓားမရှိ
       ငါ့အာရုံအခန်းလွတ်ထဲအထိဝင် ' ဝင်ကြည့်နေကြ
       ဘယ်လိုနည်းပညာနဲ့ အိပ်မက်တွေကို -ငါ -ချုပ်ရမလဲ  ?
    * ငုတ်တုတ်မေ့နေတဲ့ ငါ့ဦးဏှောက်က
       နှလုံးသားနဲ့ ပတ်သတ်လာရင် အမြဲတမ်း ကျောက်ရုပ်ဖြစ်နေခဲ့
       ဘာမှစောဒကတက် စရာမရှိအောင်ပဲ ငါဆွံ့အ နေမိပေါ့ ။
    * တွေ့ခွင့်ရ ချင်နေသေးတဲ့ ခပ်ယဲ့ယဲ့မျှော်လင့် အိမ်ကလေးက
       ယိမ်း ...ထိုး ...လှုပ် ...ရှား ... ။
       နတ်ဆိုးတစ်ကောင်ရဲ့ ပြုစားမှု့ ခံနေရသလို မိန်းမောပြာဝေလို့
       နင် ဘယ်ဆီရောက်နေပြီလဲ  ?  ငါ  မသိ   ။
       အသက်ငင်ဆဲအချိန်ထိအောင် မျှော်လင့်မိမှာတော့ သေချာတယ်  ။
    * ထွက်သက် '  ဝင်သက် တို့ရုန်းဆန့်တိုင်း
       တဆစ်ဆစ်နဲ့ ဒဏ်ဖြစ်လာတဲ့ အသဲအိုဇုန်းလွှာက
       ပါးလွှာ ...နုညက် ...လာနေပြီ ..၊
    * ဘယ်အရာတွေနဲ့ ပိတ်ဆို့ဖာထေး ရမလဲ  ..?
       နင့်ဆီက အကြင်နာချည် မျှင်တွေနဲ့
       လွန်းထိုး ယက်ဖောက်လှည့်ပါ ..." မေ "  ။
       ငါ့ကို (ငါ့ရဲ့ အသဲအိုဇုန်းလွှာကို)ထုတ်ပိုးဖို့
       နင့်ရဲ့ အပြာရောင်လွယ်အိပ်လေးကို ယူခဲ့ပါလား " မေ "  ။
    *  မေတ္တာ နံ့ သင်းနေမယ့် နင့်ရဲ့အပြာရောင်လွယ်အိပ် အခန်းကျဉ်းမှာ
       ငါ ...မှေးစက်ခွင့်ရပါရစေ ... " မေ "  ။
       မျှော်လင့်ချက် သိုင်းကြိုးတွေပြတ်ထွက်မသွားခင် အထိ...
       ဝိညာဉ် နဲ့ ခန္ဓာ ..ကွာရှင်းစာချုပ် မချုပ်ခင်အထိ...
       ဝင်သက် ထွက်သက် တို့ ခရီးမလွန်ခင်အထိ...
       ငါ့ အသိ အလင်း အိမ်မှာ မီးရောင်မှိန်မသွားခင် အထိ...
       နင့် ကို  - မျှော်လင့် ခွင့်ရှိနေပါရစေ " မေ "  ။
    အလင်းမှတ်တမ်း
    * သူစွဲ..နင်စွဲ..ငါစွဲ..
       အစွဲကြီးစွဲ..အမြဲကြီးမြဲခဲ့ပေါ့..
       ထင်ဆဲ မြင်ဆဲတွေက..တည်မြဲမှုရှိရဲ့လား?..။
    * အထပ်ထပ်ထုံထားတဲ့ အမှောင်ထဲက ၀ိညာဉ်တွေ..
       ရောက်လာပြီး..ရောက်လာဆဲ..ရောက်လာကြလိမ့်ဦးမယ်..။
    * အနက်ရောင်ကျောပိုးအိပ်တွေ...ကိုယ်စီ..
       မှုန်ပျပျကိုယ်ရေးအကျဉ်းနဲ့
       လိပ်ပြာတို့ရဲ့ အိပ်မောကျရာအရပ်ကို
       ချဉ်းကပ်ကြ..။
    * ဘယ်မှာလဲ..ရှင်းသန့်မှုတွေ..
       ဘယ်မှာထားခဲ့တာလဲ..ကိုယ်ကျင့်တရားတွေ..
       ဘယ်သူ့အတွက်မှ မလုပ်ဖြစ်ခဲ့တဲ့..စွန့်ကြဲသောလက်တွေ..
       လိပ်ပြာရင်ခွဲရုံထဲက မှတ်တမ်းတွေမှာ...
       ...........................................
       ကွက်လပ်တွေများနေတယ်..။
    * မင်းတို့ ယူလာမယ့်ဝန်ထုပ်တွေ...
       သူတို့..သယ်လာတဲ့ ပစ္စည်းတွေ..
       ငါတို့..ခေါ်သွားမယ့်..အရိပ်တွေ..
       လာတုံးကအတိုင်း..ပြန်ယူသွားကြမှာလား.?.
       ခ၀ါချထားခဲ့မှာလား..?
       စဉ်းစားဖို့တော့..ကောင်းနေပြီ..။
    * အလင်းတံခါးဝမှာ..တေးဆိုဖို့
       နှုတ်ထွက်အသံတွေ..ချိုမြပြီလား.?.
       အလင်းအိပ်ရာမှာ.. ၀င်အိပ်ဖို့
       စိတ်ဓာတ်တွေ သန့်စင်ပြီလား.?.
       အလင်းနဲ့အတူ..အလင်းကိုခံစားဖို့
       နှလုံးသားတွေ..အသင့်ဖြစ်ပြီလား?..။
    * အသင့်ဖြစ်တဲ့..တစ်နေ့
       လစ်ဟာနေတဲ့..အဖြူရောင်မှတ်တမ်းမှာ..
       မင်းနာမည်ကို..
       ဖြည့်စွက်လို့..ရပြီ..။
    ***Yatu Thit****
    မဖတ်ဖြစ်တဲ့..စာများ
    တတိတိနဲ့..တအိအိရွေ့လာနေပေါ့
    လူပြိုသံများ...။
    ချဲထွင်ရေးတပ်ရဲ့ ရှေ့တန်းထိုးစစ်ကြောင့်
    တစ်ဆုတ်တည်းဆုတ်နေရတဲ့ ကျွန်းပင်တွေ..
    ကြက်ဆူပင်ကို အားကျရကောင်းမှန်းသိလာချိန်..။
    တည့်တည့်ချိန်ပစ်တာတောင်
    တည့်(ဒဲ့)လွဲလွဲသွားတဲ့ပစ်မှတ် တစ်ချို့အတွက်
    အိပ်မက်တွေက သေပြီးရင်း..သေ..။
    ကမ္ဘာကြီးတစ်ခုလုံးအသက်ငင်နေမှတော့
    ချောင်းဆိုးသွေးပါရုံဆိုပြီး..ဧရာဝတီကို သတိမပြုမိကြဘူး..
    အသက်ဟာ.. ချောင်းဆိုးသွေးပါရင်လဲ ..
    သေဆုံးတတ်ပါတယ်..။
    ပြန်နှုတ်လို့ရမယ်အထင်နဲ့..ရဲရဲကြီး..
    နင်းချပစ်ကြတဲ့ ဘောင်မဲ့ အကွပ်မဲ့ လေလုံးများ..
    လူသေပေမယ့် သမိုင်းကျန်တယ်..
    ကောင်းခြင်း/ဆိုးခြင်းဒွိဟနဲ့ ဒွန်တွဲပြီး..။
    ထင်ပါတယ်...ဟုတ်လဲ ဟုတ်မှာပါ..
    ဆော့ခရတ္တိသောက်တဲ့ အဆိပ် ချိုခဲ့ပေါ့
    သစ္စာအတွက်..သူ့လောက် ဘယ်သူစတေး မလဲ..။
    တိမ်တစ်အုပ် ဖြစ်ထွန်းဖို့ ..
    ရေ ဘယ်နှလီတာ လိုအပ်ပါ့
    သမိုင်းကလူကို ပြန်ရေးနေတဲ့ ခေတ်မှာ
    တွက်ကိန်းတွေလဲ ကသောင်းကနင်းဖြစ်သွားပြီ..။
    အဟောင်းအမြင်းတွေပဲ ထပ်နေလို့ မျက်နှာလွှဲခဲ့တဲ့
    အရေးသတင်းများ....
    တစ်နေ့ကမှ ပြန်နားစွင့်မိ
    ခရိုနီ..အရေး..ဒု-သမ္မတ..အရေး က
    ဆင်ဖြူတော်တံဆိပ်တစ်ရွက်စာဖြစ်သင့်တဲ့
    ကမ္ဘာကျုံ့  ပစ္စည်းလေးတွေရဲ့ အရေးထက် ကျော်တက်သွား..
    ..............................................................
    နာဖျားလာတဲ့ စတုတ္ထမဏ္ဍိုင်က
    ဆေးခါးကြီး တိုက်ရုံနဲ့ ပျောက်မယ်.. မထင်
    ပေးပါ..ပေးပါ..ဆေးပေးပါ..
    နင့်နဲကွဲအက်..အော်သံများ..
    ............................................
    .............................................
    တော်ပါပြီ...
    အေသင်ချိုဆွေလိုပဲ..
    ” ဒီစာကိုဖွင့်လို့ မဖတ်တော့ဘူး..
      ဒီစာကိုဖွင့်လို့ မဖတ်ချင်တော့ဘူး” လို့
    အကြိမ်ကြိမ် အော်ဟစ် ပစ်လိုက်ချင်ပါပြီ..။
    လမင်းတစ်စင်း ပျောက်တဲ့လမ်း
    ရယူပိုင်ဆိုင်ခွင့်နဲ့
    မမျှော်လင့်ခဲ့ဘူးပါ..
    ဒါပေမယ့်..
    တစ်ခါတစ်ရံ လွင့်မျော ငေးမောခဲ့ဘူးတယ်..။
    ရူးသွပ်ခြင်းသစ်တစ်ပင်ကို
    ကိုယ့် ဥယျာဉ်မှာ ကိုယ်တိုင်စိုက်ရင်း
    မိုက်မဲခြင်းသံစဉ်တေးနဲ့
    မရင့်ကျက်သေးတဲ့ ကဗျာတစ်ပုဒ်
    ငါ့ အသဲမှာငုတ်ရိုက်ပြီးချိတ်ထားခဲ့..။
    အနာတရမဖြစ်ရပေမယ့်..
    တွေဝေစေမယ့် အမှတ်တရတွေက
    ငါ့ ညတွေကို အရောင်ဆိုးကြတော့မှာလား..။
    လွင့်လွင့် လူးလူး.ပျော်မြူးနိုင်ပါစေ..
    ကမ္ဘာဦး ဂီတ တစ်ခုနဲ့
    ဆက်နွယ်မှုဝေးတဲ့ ထောင့်ကွေးမှာ
    ငါ..ဆုတောင်းပေးနေမိမယ်..ထင်တယ်..။
    အမှတ်တမဲ့ ပြေလမ်းတစ်ဝိုက်က
    တိုးတိုက်မှု တဒင်္ဂ
    ဖြာဝေကျလာတဲ့ ခရမ်းလွန်ရောင်ခြည်များ
    ငါ့ အသဲကို စားသွားစမ်းပါစေ..
    ပျားရည်မြစ်တစ်စင်းရဲ့ ..အဝေးကို
    ငါ....ပြေးမယ်..။
    ဘ၀ပေးနယ်နိမိတ်က
    ငြိမ်ဆိတ်ဆိတ် ပန်းသီးတစ်လုံးကို
    အသွားတုံး ဓားတစ်လက်နဲ့..ရိုက်ချ..
္ဒ"အနောက်က..နေထွက်ခြင်း"တွေ
    ကြိုးချင်းမလိမ်ခင်
    ပုံပြင်တစ်ပုဒ် နိဂုံးရောက်ခဲ့
    ပျောက်ဆုံးတော့မယ့် လတစ်စင်းကို
    နွမ်းလျရင်းနဲ့..စွန့်ခွါ..
    မျက်နှာကို..ရဲရဲ လွှဲရင်း
    ငါ့  အသဲ ငါ စစ်ကြေငြာမိ
    ဖြေဆေး သိတဲ့တစ်နေ့..
    လမိုက်ညတွေနဲ့..ရင်ဆိုင်တွေမယ်..။
    တန်ဖိုးနဲ ဘောလ်ပင်န် တစ်ချောင်း
    ခပ်ဟောင်းဟောင်းစာတစ်ရွက်နဲ့
    အိပ်မက်အပိုင်းအစတွေကို
ုပြန်တူးဆွရှာဖွေရင်းပေါ့...။
    ***Yatu Thit***6/1/12...2:10 PM
    အမေ့အိမ်..လွမ်းချင်း
    *ထမင်းစစ်စစ်...သီချင်းစစ်စစ်..
       လေညင်းစစ်စစ်...သတင်းစစ်စစ်..
       ဟ်ုဟာ စစ်စစ်...ဒီဟာ စစ်စစ်နဲ့..
       အစစ်တွေကိုလိုက်ရှာရင်း..
       မျက်ကွင်းတွေပဲ ညိုလာခဲ့..
       အိုစာလာတဲ့အတွေးတွေနဲ့အတူ..
       ပြေးနေကျ လမ်းဟောင်းပေါ်မှာ........။
    *အသစ် အသစ်တွေများများလာပေမယ့်..
       ချို့တဲ့လာတာက အစစ်..အစစ်တွေပေါ့..။
       အရစ်ရစ်..ထပ်,ထပ်လာတဲ့ မာယာတွေ..
       စာနာမှုမရှိတဲ့ အတုအယောင်တွေ..
        ကြာလေ  များလေ...တိုးပွားနေရဲ့..။
    * ဦးငှက်ကြီးရဲ့..သီချင်းထဲကလို
       ကျွန်တော်..လူလို ငိုချင်တယ်...အမေ..။
       ဆွေးမပြေတဲ့ စိတ်က အခါခါရောက်ပေမယ့်..
       မတောက်တခေါက်မာနလေးက..
       အိမ်ဝေးလူ တစ်ယောက်ဖြစ်စေခဲ့တယ်.။
    * အစစ်တွေနဲ့ဝေးကွာလာလေ..
        အမေ့ အိမ်ကို ပြေးလာချင်လေပေါ့..
        ဒါပေမယ့်...အမေရယ်....။
    *နှစ်သိမ့်တေး တို့စုဝေးရာ..
      ငြိမ်းအေးခြင်းတို့ ဖြစ်တည်ရာ..
      မာယာများ မှကင်းဝေးရာ..
      ကမ္ဘာစစ်တစ်ခုဖန်ဆင်းထားတဲ့..
      မြေနံ့သင်းတဲ့... အမေ့ရဲ့အိမ်ကို
      အကြိမ်ကြိမ် လည်ပြန်လွမ်းဆွတ်ရင်း..
      မြို့ပြလမ်းတစ်လျှောက်မှာ..
      ကောက်ကွေ့တဲ့ မာယာတွေက..ရုန်းထွက်ဖို့..
      မခို့တရို့အင်အားနဲ့..ကြိုးစားနေဆဲပါ..အမေ..။
    *****YATU  THIT*****
    အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ
    Free Backlinks