မန်းရွှေမြို့ဆီ ၊လွမ်းပါသည်ဟု ၊မှတ်ရည်စိတ်ဝယ် ၊ဆွေးအားကြွယ်လည်း၊တစ်နယ်စီခြား ၊
ကံကွက်ကြား၍ ၊လွမ်းများပိုမို ၊လွမ်းရင်ဖိုတည့် ၊ ကြိတ် ငိုနေ့စဉ် ၊
ပြန်လှမ်းချင်လည်း ၊မမြင်ကွယ်ရာ ၊ဝေးရပ်ရွာသို့ ၊၀မ်းစာ( ပညာ)ရှာရေး၊
သည်မောင်ပြေးလျှက်၊ခင်လေးသက်ဝေ ၊တင့်တယ်လေအောင်၊လွမ်းနေလျှက်သာ ၊
ကြိုးစားပါမည် ၊မလာမချင်း ၊စိတ်ကိုတင်း၍ ၊ရင်တွင်းတံခါး ၊ပိတ်၍ထားကာ၊
မောင့်အားစောင့်ကြို၊ နေစေလိုသည်....တောင်းဆိုဆန္ဒ ပြည့်ရသောဝ် ..။
လွမ်းတွေညို့ပြီ ၊ဖြေမဆည်တည့် ၊လီလီ ခါခါ ၊ လွမ်းဒဏ်ရာကြောင့် ၊မောင့်မှာနေ့စဉ် ၊
ဆွေးစိတ်ဝင်လည်း၊ချစ်ကြင်သက်လှယ် ၊လှမျိုးကြွယ်တွက်၊တကယ်စိတ်မှာ၊
အားသွန်ကာဖြင့် ၊ဖွေရှာနေ့စဉ် ၊ပန်း-မထင်ခဲ့ ၊ကြင်ကြင်နာနာ၊
ချိုချိုသာ၍ ၊သာယာတည်မြဲ ၊မေတ္တာတွဲလျှက် ၊ချစ်ပွဲဝင်ရေး ၊ ကြိုတင်တွေးကာ ၊
လွမ်းဆွေးသည့်ကြား၊ပိုကြိုးစားလျှက်၊ ကိုယ်ကြားချည်ငင်၊သံယောဇဉ်ကို၊
အလျင်စလို ၊ရစ်နှောင်လိုသည် ...ကြောင်းကို ကြံဆ ကြည့် ရသောဝ်..။
မှန်းဖြေလို့ရည် ၊စာတွေစီ ခဲ့ ၊ကြည်ကြည်သာသာ ၊မောင့်သက်လျာ၏ ၊မေတ္တာပွင့်လန်း၊
သည်းဦးပန်းမှ ၊စိမ်းလန်းမွှေးစွာ ၊အကြင်နာဖြင့် ၊မောင့်မှာနေ့စဉ် ၊
လွမ်းကို နှင်လည်း၊မမြင်ကွယ်သေး ၊ခရီးဝေးမှ ၊ချစ်လေးမေပျို ၊
မျက်နှာချိုကို ၊ တွေ့လိုဇောသာ ၊အားကြီးလာ၏ ၊ဘယ်ခါကာလ ၊
မြင်တွေ့ရလိမ့် ၊စိတ်က မငြိမ်၊တရှိန်ရှိန်ဖြင့်၊ ချစ်အိမ်လေးဆီ ၊လွမ်းတွေရည်လျှက်၊
ကျူးသီဖွဲ့ဆို ၊လွမ်းစိတ်ညိုသည်...ပေါင်းလို မြန်ပ လှည့်ရသောဝ်..။
( ရတုပိုဒ်စုံလေးဖြစ်ပါတယ်ခင်ဗျာ )
ရတုသစ်
( ၁၃၇၄ -တန်ဆောင်မုန်းလဆန်း ၅ ရက်)
http://yatuthit.blogspot.com/

1 comment:
ရတုပိုဒ်စုံလေးတဲ့လား...မိုးနတ်သဘောကျမိလို့ရှဲပါရစေ
ခွင့်တောင်းပါ၏....
Post a Comment