အလင်းမ၀င်လိုတဲ့စိတ်ဓာတ်နဲ့ခပ်နက်နက်လမ်းဟောင်းပေါ်
တစ်တောင်ပေါ်တစ်တောင်ဆင့်ထားမှတော့ ဖြတ်ကျော်ရမှာ မလွယ်ဘူး
မေ့မေ့မူးမူးနဲ့ နွေဦးဆီပဲတစ်ကျော့ပြန်ရောက်ဖြစ်တယ်..
ခပ်လွယ်လွယ်သဘောထားခဲ့တဲ့သဘောတရားက
ဟောတရားတွေနဲ့မညီတဲ့အခါကြိုးပြတ်စွန်လိုလိုက်ဆယ်လို့မရတော့..။
ရနံ့မဲ့အသိဥာဏ်နဲ့ပိတောက်နံ့တွေလိုက်ဖမ်းခဲ့
အငမ်းမရ မျက်စိနဲ့ငုဝါတွေလိုက်ခြွေတယ်..
ပူနေတဲ့အပူထဲမှာ အပူပေါ်အပူဖိလို့ အပူမိခဲ့ရ
သမုဒယရဲ့ကျောရိုးက ရိုးရိုးလေးပါပဲ..တဏှာ..။
ဘ၀နာတိုင်း အသိသာလေမလားလို့ ဘ၀နာနဲ့စေစပ်ကြည့်ခဲ့
လွတ်တဲ့ငါးတိုင်း ကြီးနေတတ်တဲ့စိတ်ကိုမပြင်သရွေ့ဘ၀ပဲနာ အသိမသာ
မသိမသာခွါခွါသွားတဲ့ အသိလွှာတွေကို ချိတ်ဆက်ဖို့
အအိပ်မက်တဲ့ဆောင်းကို မေ့ဆေးကျွေးထားရရဲ့
တကယ့်လက်တွေ့ကိုပြန်ဝှက်ပြီး နှင်းတွေကို ခွဲထွက်ခဲ့ပေါ့...။
အခက်ချိုးပြီးအရိပ်နေချင်သူအတွက် နွေညဟာ သင်ခန်းစာပဲ
မှုန်ပြာရီဝေညရှုခင်းထဲ အလူးအလဲဝင်ရောက်ခဲ့ရ
ရွက်ခြောက်တွေနဲ့ခေါက်တဲ့နွေတံခါးမှာ မိန်းမောမိတယ်
သဘောတရားမပါတဲ့လက်တွေ့မှာ ကြယ်ရှုခင်းနဲ့လမင်းကိုပြန်တွေ့ရဲ့လက်တွေ့မပါတဲ့သဘောတရားက လရောင်ကို ချိတ်တပ်ပြီး ငင်တယ်..
ထဲထဲဝင်ဝင်နဲ့ညရဲ့သဘင်ဟာ နှင်းပျပျ မှုန်မှုန်ဝေ
လေလွှင့်ထားတဲ့ စိတ်နယ်မြေမှာ ရွက်ခြောက်တွေကြွေခဲ့ပေါ့..။
အသင်္ချေမကတော့တဲ့ဖြတ်သန်းမှုဖြစ်စဉ် အ၀ိဇ္ဇာ/မောဟ
ဝိပ္ပလ္လာသထူထပ်တဲ့ ဒီတောအုပ်မှာ ပိန်းပိတ်မှောင်ပူလောင်လွန်း
နေ၀န်းနီနီတစ်ကြိမ်ယွန်းတိုင်း တစ်ကျွန်းဆီ ဆက်သလိုက်ရ ဘ၀ဆက်ကြေးများ
သွေးသားတောင်းဆိုတိုင်း/စိတ်ကအဆိုပြုတိုင်း အပြိုင်းအရိုင်း ကုတ်ကပ်ကြိုးစားရ
ရိုးသားမှု/မရိုးသားမှု ဟာလူ့ပတ်ဝန်းကျင်က လူမှုအဘိဓမ္မာ
လူရာဝင်မှု/မ၀င်မှုထက်အမည်းစက် ကင်းအောင် မနည်းတိုက်ချွတ်နေမှဖြစ်တယ်
ညစ်ကျယ်ကျယ်စွာနိုင်မှ လူရာဝင်မယ်ဆို အဲဒီလူရာ ကို ကန့်ကွက်ရဲ့
အလှည့်ကျမှနွဲ့မနေနဲ့ ပုပ်အဲ့အဲ့ရနံ့ကို ရင်ဘတ်ကရှူနိုင်ပြီးသား
များပြားတဲ့ပူမှုဆယ်ကုဋေတွေထဲ ဘ၀ဟာမိုးခေါင်နေတဲ့ နွေ
ပတ်ကြားအက်နေတဲ့စိတ်တွေ တစ်ပြေးညီပြန်ဖြစ်ဖို့
လောကမြစ်ထဲမှာ လရောင်ကို အကြိမ်ကြိမ် မျှားနေမိတော့တယ်..။
ရတုသစ်
( 22-11-2012--7 :45 PM)

3 comments:
တစ်ပုဒ်လုံးကြိုက်တဲ့ကဗျာ.. ဘလော့လေးထိပါလာပြီး အားပေးခဲ့တယ်ဗျ
ayan kyite tal...
လူ့ဘ၀ရဲ့ရုန်းကန်လှုပ်ရှားမှုတွေပြည့်နေတဲ့ကဗျာ
Post a Comment