Sunday, December 2, 2012

လမ်းလျှောက်ငှက်တစ်ကောင်ရဲ့ညချော့တေး


ထည့်ယူစရာပစ္စည်းတွေစုံလင်ပြီလား
စလင်းဘက်အိပ် ကိုသက်ပြင်းတစ်ချက်နဲ့ဇစ်ဆွဲပိတ်လိုက်တယ်..
တရိပ်ရိပ်ဝင်လာတဲ့အတွေးတွေခေါင်းရမ်းထုတ်လိုက်
မိုက်ဇာတ်က ကချင်လို့ ကနေတာမဟုတ်မှန်း ကိုယ်တိုင်သိရဲ့
ကျလာမယ့် ကန့်လန့်ကာအပိတ်က နှေးကွေးလွန်းတယ်..။

လေးလံနေတဲ့စိတ်ကိုမိတ်ကပ်ထူထူလိမ်းပြီး ဖို့ပစ်လိုက်ရ
ဆန္ဒမပါတဲ့ ကိုယ်ငွေ့ကို ပေါင်ဒါပုတ်ပြီး ကွယ်ဝှက်ထားမယ်
အပူသည်မိသားစုအတွက် ရင်ထဲက အပူနဲ့ ငြှိမ်းသတ်ပေးနေခဲ့
အချစ်မဲ့အနမ်းခါးတွေကမ်းကပ်တဲ့နှုတ်ခမ်းပါးက
မိတ္တူ အပြုံးတွေပဲ ပွင့်ဖူးတယ်..။

လောကမာယာ...ရေ..
မျက်ရည်ဆိုတာ လူမသိ သူမသိခိုးကျဖို့ပဲတတ်နိုင်တော့တယ်ထင်ရဲ့
တစ်ချို့တွေ  ထောင်မြင်လို့ ရာစွန့်နေချိန်မှာ
ရာ မြင် ရဖို့အတွက်စွန့်လိုက်ရ..ဘ၀..
ခဏခဏသေဆုံးခဲ့တဲ့အိပ်မက်မြစ်ထဲမှာ အသွေးအသားတွေမျောပါသွား
မဟားဒယား ညကပွဲမှာ“ချစ်တယ် ”ဆိုတဲ့ဝေါဟာရထည်လဲသုံးခဲ့မိ
အဆိပ်ရှိတဲ့ ဒီဆူးကိုချိုလွန်းလို့ သည်းခံနေတာမဟုတ်ရပါဘူး..။

စိတ်ကူးနဲ့လက်တွေ့ စေ့စပ်မရတဲ့ဘ၀တိုက်ပွဲမှာ
အသဲစကားကိုငြင်းဆန်လိုက်ရပေါ့
ချစ်သူကိုလည်းစွန့်ပစ်ခဲ့ရတယ်
ရိုက်ချိုးထားရတဲ့အတ္တကြောင့် မာနတွေမလွှင့်နိုင်တော့
တလွင့်လွင့် ဝေးသွားတဲ့အနာဂတ်လမ်းဟာ စမ်းတ၀ါးဝါးပဲလေ..။

မေမေရေ...
အူမ မတောင့်တဲ့မိသားစုအတွက် တွေးတွေးပြီး
ရှိမဲ့ စုမဲ့သီလလေးကို ချကျွေးလိုက်ရပေါ့
ပျော်တယ် လို့မဆိုသာပေမယ့်
ပြုံးနိုင်အောင်ကြိုးစားခဲ့ပါတယ်..။

လောကကိုတိုင်တည်ပြီး မဆွေးချင်တော့ပါဘူး
ဘ၀ကိုနာကြည်းပြီး မတွေးချင်တော့ပါဘူး
ခေတ်ကိုအပြစ်ရှာပြီး မငေးချင်တော့ပါဘူး
တရားခံကတရားလိုယောင်ဆောင်နေတတ်တဲ့မျက်လှည့်သီအိုရီမှာ
ရေလိုက်ငါးလိုက် ပျော်ဝင်ကူးခတ်ရင်း
ဒီဇာတ်လမ်း အဆုံးကိုအမှောင်ထဲက စောင့်နေမိတယ်လေ..။

                          ရတုသစ်
        (     2 -12-2012  11 : 10 PM)
         http://yatuthit.blogspot.com/

3 comments:

Unknown said...

ကဗျာကောင်းလေးကို လေးစားအားကျစွာ ဖတ်ရှုခဲ့ပါတယ်ဗျ

အိပ်မက်ကောင်းကင် said...

ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ
ကဗျာလေးကိုဖတ်ရတာ ဇာတ်လမ်းလေးတစ်ပုဒ်ဖတ်ရသလိုပဲ ကဗျာလေးထဲမျှောပါသွားမိတယ်
နောက်လည်းသည်ထက်မကရေးသားနိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

မိုးနတ်ကြယ်စင် said...

လောကကိုတိုင်တည်ပြီး မဆွေးချင်တော့ပါဘူး
ဘ၀ကိုနာကြည်းပြီး မတွေးချင်တော့ပါဘူး
ခေတ်ကိုအပြစ်ရှာပြီး မငေးချင်တော့ပါဘူး
တရားခံကတရားလိုယောင်ဆောင်နေတတ်တဲ့မျက်လှည့်သီအိုရီမှာ
ရေလိုက်ငါးလိုက် ပျော်ဝင်ကူးခတ်ရင်း
ဒီဇာတ်လမ်း အဆုံးကိုအမှောင်ထဲက စောင့်နေမိတယ်လေ

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks