Sunday, January 6, 2013

အသည်းခြေရာ သူ့ရုပ်လွှာ


နွေခြေရာ...
နှင်းလွှာကိုဖောက် ၊ ပြေးလာရောက်၍
ပြတ်တောက်ကြွေကျ ၊ပင်ထက်မှလျှင်
နွမ်းလျ ရွက်တို့ ၊မျက်ရည်စို့ကာ
ယို့ယို့ကြွေဆင်း၊ ရိုးတံကြွင်းစဉ်
သက်နှင်းချစ်သူ ၊ ကိုယ့်ရင်ဆူအောင်
နွေပူလမ်းမှာ ၊ပြေးထွက်ခွါသည်
ဆယ်ဖြာလွန်ကဲ..နွမ်းကြွေသည်း ။

မိုးခြေရာ...
နွေလွှာကိုဖောက် ၊ ပြေးလာရောက်၍
စိမ်းတောက်မြမြ ၊မြင်သမျှတို့
နုရွခက်ဝေ ၊ လန်းဆန်းစေပြီး
စိမ်းဝေစည်ကာ၊ မြရောင်ဖြာစဉ်
သက်လျာမေပျို ၊ကိုယ့် ရင်ပြိုအောင်
မိုးစိုလမ်းမှာ ၊စိမ်းကားလာသည်
ရင်လွှာမှသည်း..စိမ်းလိုက်ကွဲ  ။

ဆောင်းခြေရာ...
မိုးလွှာကိုဖောက် ၊ပြေးလာရောက်၍
ကြဲပေါက်ဖြန့်ချ ၊ နှင်းမှုန်လွတို့
မွမွဝပ်ဆင်း ၊မြူလွှာခင်းကာ
ချဉ်းနင်းလှုပ်ရှား ၊အေးဓာတ်ပွားစဉ်
သက်ထားပျိုမေ ၊ ကိုယ့်သည်းကြွေအောင်
နှင်းခြွေလမ်းမှာ ၊ အေးစက်လာသည်
ခက်မာပေါက်ကွဲ..ပြိုယိုင်လဲ  ။

နွေ မိုး ခြေရာ ၊ ဆောင်းခြေရာတို့
ရောက်လာသမျှ ၊ ကိုယ့်ဘ၀ကို
ကြေမွပျက်သုဉ်း ၊ စိတ်ဓာတ်နုံးအောင်
ချစ်ဆုံးသူက ၊ ရက်စက်လှလည်း
ရွှန်းမြထိန်လင်း ၊ငွေရည်ဆင်းနှင့်
လမင်းခြေရာ ၊ ပြေးရောက်လာသော်
ရင်လွှာဆီမှ ၊ခံစားရသော
ဝေဒနာတွေ ၊လွင့်ပျောက်ပြေ၍
ချစ်တွေဆန်းသစ် ၊ချစ်မြဲချစ်လျှက်
မေ့ပစ်ဖို့ရာ ၊ မစွမ်းသာပြီ
စန္ဒာ ၀န်းထဲ ၊ သူ့ပုံစွဲသည်
အသည်းခြေရာ ၊သူ့ရုပ်လွှာ..။


                       ရတုသစ်
          (12-10-2008--9 :55 PM)

5 comments:

မိုးသူ(တောင်ကြီး) said...

ကာရန်လေးတွေနဲ့ မွှန်းထားတဲ့ကဗျာ

ရင်ထဲကိုဘ၀ဂ်ညံ့စေတယ်

ကြိုက်တယ် ...ကိုရတုသစ်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

Yoemyaykya said...

ရတု ကွန်မန့်တွေကို spam ထဲက ထုတ်လိုက်ပီနော်။ အိုဟိုး ကာရန်အချိတ်အဆက်မိမိနဲ့ ကဗျာလေးပဲ။ ဆက်လျှောက်ရဲဘော်ရေ။

roseayemaung said...

ကိုတု...ရေ....ကဗျာရှည်လေးအ၇မ်းကောင်းတာပဲ...ရေးတတ်ချင်လိုက်တာ

မိုးနတ်ကြယ်စင် said...

ကာရန်တွေ နဘေတွေက ထိပါ့...
ကဗျာလေးက လှပစွာနဲ့ ရင်ကိုငြိစေတယ်
မှန်မှန်ပြော...ဒါဘယ်သူရေးထားတာလဲဟင်:)

အိပ်မက်ကောင်းကင် said...

နဘေ ကာရံတွေ လှပြီး
နူးညံ့လွန်းတဲ့ ကဗျာလေး တစ်ပုဒ်ပါပဲ
ကဗျာလေးကိုခံစားသွားတယ်နော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks