တစ်ဆို့ကြပ်ခဲနေတဲ့ဘယ်ဖက်ရင်အုံ အညွှန်းပြ တည်နေရာ
ဝေဒနာ အစုအဝေး ကခုန်ချိန် တစ်ကိုယ်ရေ အမှောင်
ကန့်လန့်ကာ တစ်ချပ်ဖွင့် ညရင့်ရင့်ဆီ ရင်လွဲခြင်း ပိုးစိုးပက်စက်
အက်အက်ကျ လာတဲ့ အလွမ်းဖိအားမှာ ရှင်သန်ခြင်းကို လိုလိုလားလား
ငြင်းဆန်နေမိ လူးလွန့်လှိုက်မော သက်ပြင်းစိပ်စိပ် နာရီအော်သံမှာ
တွေ့လိုက်တယ် ညရယ် သစ်ရွက်ကြွေသံရယ် ဥသြငိုသံရယ်
ငါ မအိပ် ည မအိပ် လူခြေတိတ်ဆိတ် သန်းခေါင်အလွန်မို့
ကိုယ့်ရင်ဘတ်ကိုယ် ပြန်ထွန်ယက်ပြီး အတိတ်အသိုးတွေ စိုက်ပျိုးလိုက်
ရမလား ဒီဖြစ်ထွန်းမှုမှာ အလွမ်းချည်း ပွင့်ဝေ ပြွတ်ခဲခဲ့ရတယ်
ရှပ်တိုက်သံလား ချွတ်နင်းသံလား ညထဲ နွေဦးရောက်လာခဲ့
တိုးတိုးတိတ်တိတ်အမှောင်ပိန်းပိန်းမှာဥသြတစ်ကောင်ရဲ့ရင်နွမ်းရှိုက်သံ
ချွေတာမှုမရှိ ကြားလိုက်ရတယ် ငါ့နားထဲ တွန်းကန်အားပြင်းပြင်း
ပေါက်ကွဲတုန်ခါမှု ရစ်ချတ်တာစကေး ၁၅၀၀. ၁၅၀၀ မီးငလျင်
မလိုချင်လည်းရ လိုချင်လည်းမရ ကမောက်ကမ စက်ဝိုင်းအလှည့်
တည့်တည့်တိုး လောင်မြိုက်ခြင်း အဆုံးသတ်က သွေးတစ်စက်စက်အနာ
ပူပါတယ်ဆိုမှ ဥသြ ငိုသံကို ရင်ဘတ်ထဲက ဆတ်ဆတ်ကြား
ဖြစ်တယ် ပျက်ကွက်တယ် ဒီအလွမ်းမှာ ဇာတ်လမ်းက တစ်ခြမ်းပဲ့
ည..ပရိယာယ်ကြွယ်ဝခြင်းထဲ ငါ ခပ်ရဲရဲ လွမ်းမိ ဥသြတစ်ကောင်လို ။ ။
(9-2-2013 4:00 AM )
1 comment:
ရှပ်တိုက်သံလား ချွတ်နင်းသံလား ညထဲ နွေဦးရောက်လာခဲ့
တိုးတိုးတိတ်တိတ်အမှောင်ပိန်းပိန်းမှာဥသြတစ်ကောင်ရဲ့ရင်နွမ်းရှိုက်သံ.....
Post a Comment