Sunday, December 13, 2015

မန္တ​လေး​တောင်

"မန္တလေးတောင်"

လေးဖက်လေးတန်
မြင်မြင်သမျှသွေ့ခြောက်လို့
နွေရာသီတစ်ခုလုံး
သူတစ်ယောက်တည်းမျိုချထားရသလို
ဟန်မူရာ ပိုပိုနဲ့
အလိုလိုစိတ်ဝင်စားစရာကောင်းနေခဲ့
ကျောက်လွှာအထပ်ထပ်ပေါ်မှာ
ရေဓာတ်ခပ်ပါးပါးနဲ့
ခပ်တည်တည်ကြိုးစားပြီး ရပ်နေသေးတယ်
သူ့ကိုယ်ပေါ်မှာ
ထမ်းတင်ထားသမျှအရာအားလုံး
ချိုမြမြနဲ့ပြုံးကြည့်နေတတ်သေးရဲ့
အဝေးကလှမ်းကြည့်ရင် လှပပြီး
အနီးကပ်ကြည့်ရင် ပူပြင်းစရာ
ဒါပေမယ့် သူဟာ
ကမ္ဘာကျော်နေဆဲအသက်ရှည်ဆေးတစ်ခွက် ။     ။

                               ရတုသစ်


Bookmark and Share

Sunday, October 25, 2015

မင်း ဖတ်​ဖြစ်​ဖို့လိုတဲ့ ကဗျာ

မင်း ဖတ်​ဖြစ်​ဖို့လိုတဲ့ကဗျာ
____________________

စိတ်​ကူးနဲ့
မင်းပါးပြင်​​ပေါ်က သနပ်​ခါး​လေးကို
လှမ်းနမ်းဖို့​တောင်​ ​ဝေး​နေတယ်​။

အလွမ်းဟာ
ပန်းလား ​ခေါင်းလားမသိဘဲ
ကံကြမ္မာကို ကစားပွဲထဲ ​ခေါ်သွင်းလို့ ။

လေညင်းနဲ့ရန်​ဖြစ်​ထားသူပန်းက​လေးငဲ့
မင်းအ​ကြောင်း သတင်းစကား​လေး​တွေမကြားရတဲ့အခါ
ငှက်​က​လေး​တွေကို​တောင်​ မနာလိုဖြစ်​မိပြီ ။

စိတ်​​ပြေလက်​​ပျောက်​ရှိလိမ့်​နိုးနဲ့
စွန်​က​လေးကို ကြိုး​လျှော့​ပေးလိုက်​မိတာပါပဲ
ဓာတ်​ကြိုးတန်းမှာ ငြိ​နေတဲ့ စွန်​အ​သေ​လေးထဲမှာ
ကိုယ့်​သတိရခြင်း​တွေ လတ်​လတ်​ဆတ်​ဆတ်​ ။

မနူးမနပ်​ကျကွဲ​သွားတဲ့အိပ်​မက်​က​လေးပါ
ခံစားချက်​နဲ့ ထိခတ်​မိတိုင်း
ပွင့်​ထွက်​လာတဲ့မီးပွင့်​က​လေးဟာ ကဗျာဖြစ်​တယ်
စာဖတ်​ဖြစ်​တဲ့အခါ ဒီကဗျာ​လေးကို ပြန်​ဖတ်​ပါ
ကိုယ့်​အသက်​ရှူသံ​တွေ ထည့်​​ရေးထားခဲ့တယ်​။    ။

ရတုသစ်
22102015
6:25PM


Bookmark and Share

Monday, October 12, 2015

ဆက်​လက်​မသီဆိုချင်​​တော့တဲ့ သီချင်း

ဆက်လက် မသီဆိုချင်တော့တဲ့သီချင်း
___________________________

ဘုရားကျောင်းက ခေါင်းလောင်းသံလေးကို
သူ့မြည်သံလေးအတိုင်း ထားခဲ့ရတယ် အတိတ်မှာ
စိတ်ထဲ တဒေါင်ဒေါင် တဒင်ဒင်မြည်နေတဲ့ ညနေခင်းလေးနဲ့
လေညင်းရဲ့ မြို့ပြမဆန်ခဲ့ပုံ လတ်ဆတ်မှုများနောက်ကွယ်
မျက်ရည်လွယ်ရင် လွယ်သလို ထိရှစေမယ့် ပုံပြင်တစ်ပုဒ်ကို
အဆုတ်ထဲ ဒုတ်ဒုတ်ထိအောင်ရှိုက်သွင်းလို့
အလင်းနဲ့အမှောင်ကို ခွဲခြားသိသယောင် နေပြခဲ့
ဘဝလို့ ရေးချလိုက်တဲ့အခါ
အမာရွတ်ထင်နေတဲ့ အတိတ်တွေချည်း ကိုယ်ထင်ပြတယ်
ညဦးယာမ်သီချင်းတစ်ပုဒ်ကိုတော့
ခေါင်းလောင်းလေးက ဆက်ဆိုပါလိမ့်မယ် ။

ရတုသစ်
29072015
5:56PM


Bookmark and Share

Friday, August 28, 2015

ဆေးရုံ

ဆေးရုံ
________

တချို့ ပြုံးပြုံးရွှင်ရွှင် ပြန်သွားကြ
တချို့လည်း ညှိုးညှိုးမှိုင်မှိုင် ပြန်သွားကြ
တချို့ကတော့ အော်ဟစ်ငိုယို ပြန်သွားကြ ။

တစ်ခုကတော့ တူလိမ့်မယ်
ဒီနေရာကို
စိုးရိမ်တကြီးနဲ့ ရောက်လာခဲ့ကြတာ ဖြစ်တယ် ။

ရတုသစ်
28072015
6:37PM


Bookmark and Share

Thursday, August 27, 2015

ဧရာဝတီကိုပြန်​ကြည့်​မိတဲ့ ည

“ဧရာဝတီကိုပြန်ကြည့်မိတဲ့ည”

သဘာဝတရားကို
မျက်လှည့်ပြခံထားရတဲ့အဖြစ်နဲ့
ရေစီးရေလာကောင်းချင်ယောင်ဆောင်ထားရှာရသူ
သူ့အပူကို မျှဝေဖို့ထက်
သမိုင်းအဆက်ဆက် လက်တွဲခဲ့သူတွေအကြောင်း
သူကိုယ်တိုင် ရင်ထုမနာဖြစ်လို့
နှစ်ချို့နေသောအိပ်မက်များထဲ
သူ့မျက်ရည်ကို သဲသောင်တွေပေါ်သွန်ချထားခဲ့ပြီ
“ဧရာဝတီ”တဲ့
သူ့နာမည်သူ ပြန်မေ့ပစ်ချင်နေလောက်အောင်
လောက်တရွရွထိုးကိုက်ခံနေရတဲ့မြစ်
သမိုင်းဖျက်မဲ့ပိုးကို တဆစ်ဆစ်နာကျင်ကြောင်း
တဖွဖွ အော်ဟစ်ကြိမ်းမောင်းနေတဲ့ရေရှင်
သူ့ရာဇ၀င် သူပြန်လွမ်းနေတာ မြင်ခဲ့ရတယ်။           ။


                                                              ရတုသစ်


Bookmark and Share

အင်္ဂါ​နေ့မှာ ကဗျာ​လေးဖတ်​ဖို့ ​ရေးတဲ့ကဗျာ

အင်္ဂါနေ့မှာ ကဗျာလေးဖတ်ဖို့ ရေးတဲ့ကဗျာ
______________________________

အရာရာထက် ကဗျာဆန်ခဲ့တယ်
အားလုံးထက် နူးညံ့တဲ့အရာလည်းဖြစ်တယ် ။

ကိုယ်ကဗျာရေးဖို့မတတ်နိုင်တဲ့ ကဗျာလေးတစ်ပုဒ်ဟာ
ဒီနေ့တစ်နေ့လုံး
လှပသာယာတဲ့အပြုံးလေးတွေနဲ့ ဝေဆာနေလိမ့်မယ် ။

ကမ္ဘာကြီးအကြောင်း မပြောသေးဘူး
ဘဝအမောတွေအကြောင်း မပြောချင်ဘူး
လောကတစ်ခုဆီကနေ ဟောဒီလောကထဲ
ကိုယ့်ကဗျာလေး ရောက်ရှိခဲ့တဲ့နေ့ဟာ လှတယ်။

မျက်နှာသစ်ပါ ၊သွားတိုက်ပါ
ရေမိုးချိုးသန့်စင်ပြီးတဲ့အခါ မိဘတွေကို ကန်တော့ပါ
ဘုရားရှိခိုးပါ ၊မေတ္တာပို့ပါ ၊ဆုတောင်း အမျှဝေပါ
ဖြစ်တည်နေရခြင်းကို ကျေးဇူးစကားဆိုပါ ။

လိပ်ပြာလေးတွေ ပျံဝဲနေမှ မဟုတ်ဘူး
ပန်းရနံ့လေးတွေ သင်းပျံ့နေမှ မဟုတ်ဘူး
လေညင်းလေးတွေ တိုက်ခတ်နေမှ မဟုတ်ဘူး
ကိုယ့်ကဗျာလေး ပြုံးလိုက်တဲ့အခါ
စကြဝဠာကြီးဟာ ကဗျာဖြစ်သွားတယ် ။

ဒီနေ့ဟာ သာယာသောနေ့တစ်နေ့ ဖြစ်ပါစေ
ဒီနေ့ဟာ ငြိမ်းချမ်းသောနေ့တစ်နေ့ ဖြစ်ပါစေ
ဒီနေ့ဟာ ချိုလွင်သော ကဗျာတစ်ပုဒ်ရဲ့ပြဌာန်းရာနေ့ ဖြစ်ပါစေ

ကိုယ့်ကဗျာလေးဟာ
ဒီနေ့ရဲ့ အသစ်ဖြစ်ပေါ်လာတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တယ်
အဲဒီယဉ်ကျေးမှုလေးဟာလည်း ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။

ရတုသစ်
18082015
3:00AM



Bookmark and Share

Wednesday, August 26, 2015

ဖြေဆို​နေရတဲ့ ဘဝအဘိဓမ္မာ

ဖြေဆိုနေရတဲ့ ဘဝအဘိဓမ္မာ
_____________________

ကမ္ဘာ့တစ်ဖက်ခြမ်းမှာ
ရေတွေခန်းခြောက်လို့ သောက်စရာတောင် မရှိ
ကမ္ဘာ့တစ်ဖက်ခြမ်းမှာ
ရေတွေချောက်လှန့်လို့ ပြေးစရာ မြေမရှိ

ဒုက္ခပင်လယ်ဝေကြသူချင်းအတူတူ
လူစိတ်မရှိတဲ့ အစိုးရလက်အောက်မှာ လူဖြစ်ခဲ့ရ
ဘဝတွေက မြန်မာနိုင်ငံသားဖြစ်ရတာကို
နာကျင်စရာ
ဘဝတွေက အစိုးရဆိုးနဲ့တွေ့နေရတာကို
ကြေကွဲစရာ

ဘယ်မှပြေးစရာမရှိတော့ ရေထဲဆက်ပြေးရတယ်
ဘာမှယူမသွားနိုင်ခဲ့တော့ အသက်ကလေးပါ ထားခဲ့ရတယ်

သိကြားမင်းရဲ့ကျောက်ဖျာဆိုတာလည်း
ဒီအချိန်ထိ ရေခဲတုံးဖြစ်နေတုန်းပဲ
ဘိုးမာဃရဲ့ ဝရဇိန်ဆိုတာကလည်း
အခုထိ သံချေးတက်နေတုန်းပဲ

ဘယ်သူတွေ မိုက်လုံးကြီးကြီး
ငါတို့ပြည်သူတွေ
အရှုံးဖက်က အမြဲရှိခဲ့ကြပါတယ်။

ရတုသစ်
02082015
4:42PM


Bookmark and Share

Saturday, February 21, 2015

ခရီးသည်


ခရီးသည်​ 

တစ်​​နေဝင်​လိုက်​၊ တစ်​မနက်​လင်းလိုက်​နဲ့
ဇီဝကမ္မဖြစ်​စဉ်​မှာ တိုးတိုက်​ ​ရွေ့လျားလို့
စိတ်​ညှို့တဲ့ဆီ တစ်​လမ်းချင်း ​ကျော်​ဖြတ်​ခဲ့ရ
ဘဝဆိုတာ ဘယ်​လို
ဘဝဆိုတာ ဘယ်​အ​ကြောင်း​ကြောင့်
စသည်​...
သံသရာကို လီဗာနင်းပြီး ​မောင်းခဲ့တယ်

18082014
08:37PM

Bookmark and Share

Thursday, February 19, 2015

လတ်​တ​လော ရန်​ကုန်


လတ်တလော ရန်ကုန်
_________________

နွေ မဝင်ခင် ပြင်က ကျင်းပနေသလိုလို
မီးတောက် မီးလျှံများ ဟုန်းဟုန်းထ
ဘဝတွေရဲ့ ပူလောင်မှုကို ဥသြဆွဲသံမှာ
သတိအနေအထားနဲ့ တွေ့ရှိခဲ့
မတည့်တဲ့ ဓာတ်စာတွေရယ်
လောင်ကျွမ်းလွယ်တဲ့ လောင်စာတွေရယ်
အဲ့ဒီ ရန်ကုန်မှာ
လိုရင် လိုသလောက် ရမယ် ။ ။

ရတုသစ်
19022015
00:33 AM

Bookmark and Share

ဇာတ်​ဆုံး


ဇာတ်ဆုံး
_______

ည , ပန်းချီကားထဲ
ရဲရဲတိုးဝင်တဲ့ အမှောင်
ကြယ်ရောင် ဟားတိုက်ခဲ့ ။      ။

ရတုသစ်
20022015
1:27AM

Bookmark and Share

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

B
L
O
G
G
E
R
Y
A
T
U
T
H
I
T
Free Backlinks