လွမ်းသူ့ဆီဝယ်..။ ။လွမ်းစိတ်တွယ်၍ ၊ လွမ်းရယ်လွမ်းလှ ၊လွမ်းဒဏ် ခ မို့ ၊
လွမ်းကမပြေ ၊လွမ်းတွေဝေလျက် ၊လွမ်းပြေမှန်းဆ ၊
လွမ်းမျှော်ရလည်း ၊လွမ်းရသူမှာ ၊လွမ်းနေတာကို ၊
လွမ်းစာလွှာပို့ ၊လွမ်းငွေ့စို့သော်..၊လွမ်းညို့လွမ်းဝေ ၊
လွမ်းလွန်လေသည်....၊လွမ်းတွေရင်မှာ..ရင့်နေပြီ..။
နွမ်းလုပြီကွယ်..။ ။ချစ်အားငယ်၍ ၊ဖလှယ်တွေ့ခွင့် ၊မျှော်လင့်လင့်လည်း ၊
အရင့်ရင်လို ၊ ချိန်မပိုခဲ့ ၊တွေ့လိုစိတ်တွေ ၊
ဖြိုင်ဖြိုင်ဝေလျက် ၊အခြေနေရ ၊မတွေ့ကြပြီ ၊
ရင်မှစကား ၊ပြောချင်ငြားလည်း ၊မကြားနိုင်ပေ ၊
ဝေးလို့နေသည်.....၊နွမ်းခွေရင်မှာ..နင့်နေပြီ..။
ပန်းနုစီချယ်..။ ။ပန်းပင်လယ်တွင် ၊တုံ့လှယ်မွှေးကြူ ၊ချစ်ခွန်းမြှူ၍ ၊
ကလူကျီစယ် ၊နေချင်တယ်လို့ ၊စိတ်ဝယ်တွေးမိ ၊
မျှော်လင်ကြည့်လည်း ၊မရှိပါလေ ၊မောင့်သက်ဝေက ၊
ဝေးမြေ ရပ်မှာ ၊ဝေးနေတာကြောင့် ၊မောင့်မှာဆွေးနေ ၊
လွမ်းမိုးစွေသည်......၊လွမ်းတွေရင်မှာ ပွင့်နေပြီ..။
ရတုသစ်
(22 / 9 /2012 ...9-25 PM)

1 comment:
ရတုရေ..နူးညံ့တဲ့ ကဗျာလှလှလေးအားပေးသွားတယ်နော်...အသုံးအနှုန်းလေးတွေကလှ ညက်ညောလှပါဘိ...အသစ်တင်တိုင်းတော့ ၀င်ပြီးမမန့်ဖြစ်ဘူးရတုရေ..
ရတုက နေ့တိုင်းလိုလို အသစ်တင်နေတော့ မိုးနတ်မှာ အလျင်မမှီဘူးဖြစ်နေတယ်...လည်စရာအိမ်လေးတွေကလဲ အများသားမဟုတ်လား...ဘာပဲဖြစ်ဖြစ် အသစ်တင်တိုင်းရောက်အောင်လာခဲ့ပါမယ်နော်
အားပေးလျက်ပါ..
ခင်မင်နေတဲ့..မိုးနတ်
Post a Comment