Friday, May 17, 2013

"ဆေးပေးမီးယူမရှိတဲ့ကမ်းခြေမှာကိုယ်တို့ဟာ....

  "ဆေးပေးမီးယူမရှိတဲ့ကမ်းခြေမှာကိုယ်တို့ဟာမငြိမ်းမချမ်းတရားနဲ့နှစ်ပါးသွားနေတယ်"
တစ်စစီလွင့်ထွက်သွားတဲ့အသွေးအသားကို ယဇ်ပူဇော်ပြီး
နာကြည်းစရာတွေကိုခေါင်းလောင်းထိုးလှူပစ်နိုင်ရင်
ဘယ်လောက်ကောင်းမလဲ
ရင်ပြင်တော်ပေါ်မှာ ဖြန့်ခင်းမိတဲ့ စိတ်ကလေးတောင် မငြိမ်းချမ်းခဲ့
သူစိမ်းဆန်လွန်းတဲ့ကံတရားဟာ
ခုထိ..အားရပါးရ ကစားကွက်ခင်းနေတုန်း.။
ဘယ်ချိန်လင်းပွင့်မှာလဲအတွေးနဲ့
ကောင်းကင်ကို ဆွဲဖွင့်ကြည့်တဲ့အခါ
မြေမှုန်တွေသာ တ၀ဲဝဲလွင့်ကျလာခဲ့ပေါ့
စိတ္တဇညတွေဟာ..ဇာတ်အိမ်ခိုင်လွန်းတယ် ။
ကိုယ့်သင်္ကေတနဲ့ကိုယ် အဓိပ္ပာယ်ရှိမပြနိုင်တဲ့အဆုံး
နှလုံးသားကို ထစ်ချုန်းခွင့်ပေးလိုက်တာကောင်းမယ်
တ၀ုန်းဝုန်း ပြိုချင်တိုင်း ပြိုစေတော့..
ဇာတာခွင်ထဲညှိထားတဲ့ အစီခံတိုလေး
ထိုးချေမခံရရင်ပဲ
ဘ၀ဟာ နေသာပြီလေ
ဖြေစရာမရှိမှတော့ ရက်ရာဇာတွေထည့်မဖြေတော့ဘူး
ပြဿဒါးတွေပဲ ငါ့အတွက် ထုချေလွှာ ။
ကမ္ဘာဟာ ကမ္ဘာကို ကမ္ဘာကြီးထိုးကျွေးပြီး ယတြာချေတယ်
ဟောဒီအညံ့တွေပျောက်ဖို့
ဝေဒနာထက်ပိုစွမ်းမယ့်ယတြာရှိရင် ပြောပါ
နဂါးလှည့်မကောင်းတဲ့အရပ်မျက်နှာနဲ့
ဆတ်ဆတ်ခါ ကျန်ခဲ့မယ့်သန်းခေါင်ယံတွေထဲ
နောက်ခံရာဇ၀င်ကို သမိုင်းရေးကျန်ခဲ့ရုံ …
ခြုံထားတဲ့သိုးရေကိုလှန်ချလိုက်မှ
နောက်ကျောက ဓါးကိုမြင်ရမယ်ဆိုရင်လည်း
ဝံပုလွေအဖြစ်နဲ့ပဲ ရဲရဲကြီးနိဂုံးချုပ်ပြလိုက်မယ်
အပူတစ်ဝက်နဲ့တော့ ဆက်မရိုးသားချင်တော့ဘူး
ဟန်ဆောင်မှုဆိုင်ရာတိုက်ကွက်ထဲ
ငါ့လိပ်ပြာတွေမ၀ဲတတ်တာ ဘာအရေးလဲ
အတွေးကိုဇက်သော့လာလာ မခတ်ပါနဲ့
ရပ်ထားတဲ့အတိုင်း ငါ့ စိတ်တွေကျောက်ချထားချင်တယ်။
မကျက်တကျက်အနာစိမ်းတွေ အရင်းခံပြီး
မလင်းတစ်လှည့် မှုန်တစ်လှည့်ဖြစ်နေတဲ့ဘဝ
ဘယ်သူ့ကိုမှ..ဇာတ်သိမ်းအကြောင်းမပြောတော့ဘူး
ငါ့ အနာဟာ
ငါ့ အဘိဓမ္မာလို့ ရဲရဲတောက်ကြုံးဝါးမယ်
ဒီသောင် ဒီကမ်းမှာပဲစေးထန်းထန်းနေ့ရက်တွေ
လေညင်းခံထွက်ပါစေတော့ ။ ။


သစ္စာမင်းအိမ် ရတုသစ်
16052013

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks