Thursday, October 11, 2012

တရွေ့ပြီးတရွေ့..ရွှေ့

ငယ်ငယ်ကဘာဆိုဘာမှန်းမသိလို့ရွှေ့ခဲ့
ချစ်တတ်တဲ့အရွယ်မှာအချစ်အတွက်တွေးရင်း ရွှေ့ခဲ့
ရှေ့ဆက်မဲ့ဘ၀အတွက်စီးပွားရေးတွေဆီ ရွှေ့ခဲ့
ရတာနဲ့မလောက်ငတဲ့လိုဘတွေထမ်းပိုးပြီးကြီးပွားရေးတွေဆီ ရွှေ့ခဲ့
ကျရှုံးခဲ့တာတွေနဲ့ရောယောင်ကျရှုံးရင်း ရွှေ့ခဲ့
အောင်မြင်ခဲ့တာတွေနဲ့မျောပါမာန်၀င့်ရင်း ရွှေ့ခဲ့
သိခဲ့တာလေးတစ်ခုစ နှစ်ခုစနဲ့ညွှန်ကြားပြသရင်း ရွှေ့ခဲ့
မသိခဲ့တာတွေသိဖို့မကြိုးစားပဲမေ့လျော့ရင်း ရွှေ့ခဲ့
ပေးခဲ့တာနဲ့ညီမျှအောင်ရလိုက်လို့ပျော်ရွှင်ရင်း ရွှေ့ခဲ့
ရခဲ့တာနဲ့ပေးဆပ်မှုကွာဟပြီး အလိုမကျရင်း ရွှေ့ခဲ့
ချစ်တဲ့မုန်းတဲ့ စိတ်တွေနဲ့စက်ရဟတ်လိုလည်ပတ်ရင်း ရွှေ့ခဲ့
မိုးလင်းတဲ့မနက်တွေမှာနိုးထရင်း ရွှေ့ခဲ့
နေရောင်ပျောက်တဲ့ညတွေမှာအိပ်စက်ရင်း ရွှေ့ခဲ့
ရွှေ့ခဲ့လို့ ရွေ့နေမှန်းမသိလောက်အောင် ရွှေ့ခဲ့
ရပ်နေခဲ့ရင်းရွေ့နေမှန်း မသိလို့ ရွှေ့ခဲ့
ရွှေ့ခဲ့တဲ့အရွေ့တွေက တစ်နေ့ထဲမဟုတ် နေ့ရွှေ့ ညရွှေ့
တရွေ့ရွေ့နဲ့နီးလာတဲ့ခြောက်ပေကျင်းဆီမရွှေ့ချင်ရွှေ့ချင် ရွှေ့
မတွေ့ချင်လည်းတွေ့ရမယ့်အရွေ့တစ်ခုက
မနေ့ကမဟုတ်ခဲ့ဘူးဆိုရင်..ဒီနေ့
ဒီနေ့မတွေ့သေးရင်..မနက်ဖြန်
နာရီလက်တံတွေအားပြတ်လို့ရပ်နေရင်တောင် ရွေ့ဖြစ်အောင်ရွေ့
တွေ့ဖြစ်အောင်တွေ့ရမယ့် နေ့တစ်နေ့ကို
နေ့ရွှေ့ ညရွှေ့နဲ့တစ်ရွှေ့ထဲရွှေ့ရင်း
တမေ့ထည်းမေ့လာတဲ့နောက်ဆုံးအရွှေ့အတွက်
တရွေ့ပြီး...တရွေ့..။

                      ရတုသစ်
          ( 11/ 10/ 2012 --10: 15 PM)


1 comment:

Yoemyaykya said...

ဖတ်နေရင်းနဲ့တောင် ခုံကြီးရွေ့သွားသလိုခံစားရတယ်။ စာသားတွေကျစ်လစ်တယ်နော်။

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks