Sunday, April 28, 2013

ဂွတ်ဒ်ဘိုင်


နှုတ်ဆက်သံဆုံးသွားတာလား

ပြန်ဖို့ အချက်ပြတာလား

ယောင်ဝါးကျန်ခဲ့တဲ့လက်တစ်ဖက်မှာ

ခုထိ..

အိပ်မက်ဟောင်းလေး ဆုပ်ကိုင်ထားတုန်း ။


မထစ်ချုန်းပဲ ရွာလိုက်တဲ့မိုးပါ


ရာသီလွဲသွားတဲ့ နွေဒိုင်ယာရီထဲ


မိုးဖွဲတွေ မစို့မပို့ဖြန့်ခင်းလို့


သူညှို့ချက်တွေထဲမှာ


ကျန်ရစ်တဲ့လက်တစ်ဖက်က 


အရင်လို..အသံမထွက်တော့ဘူး..


ဝေး..လက်..စ..ဝေး.. ။



ရတုသစ်
၂၆၀၄၂၀၁၃
ညနေ ၅း ၂၅ နာရီ
 

Friday, April 26, 2013

မောဟနဂ္ဂတစ်နဲ့ရောမွှေထားတဲ့ညဖျော်ရည်ခွက်များ

အာလူးသီး စားခဲ့ဖူးတယ်
ဗင့်ဆင့်ဗင်န်ဂိုးကို မသိဘူး ။
The Iron Lady ဇာတ်ကားကြည့်ဖူးတယ်
မာဂရက်သက်ချာ ကိုမသိဘူး ။
Take me to your heart ကိုနားဆင်ဖူးတယ်
မိုက်ကယ်လန်း ကိုမသိဘူး ။
တက္ကနော်လော်ဂျီနဲ့ဒေါ်လာအများကြီးချမ်းသာသူအကြောင်းဖတ်ဖူးတယ်
ဘီလ်ဂိတ်ကို မသိဘူး ။
အပေါင်း ၊အနှုတ် ၊အမြှောက် ၊အစား တွေ သင်ခဲ့ဖူးတယ်
ပိုက်သာဂိုးရပ်စ်ကို မသိဘူး ။
ပလေးတိုး နိဒါန်း ဖတ်ဖူးတယ်
ဆော့ခရတ္တိကို မသိဘူး ။
မြေမီးခွက်များ ညှိထွန်းဖူးတယ်
အိုရှိုး ကိုမသိဘူး ။
လှိုင်းတွေ စီးဖူး/နစ်မြုပ်ဖူး/ကျော်ဖြတ်ဖူးတယ်
တော်ဖလာ ကိုမသိဘူး ။
Facebook သုံးခဲ့/သုံးဆဲ/သုံးဦးမယ်
ဇူကာဘတ် ကိုမသိဘူး ။
၁၄၄ ။ ၂၀၅ စတဲ့ပုဒ်မတွေလေ့လာဖူးတယ်
ဥပဒေကိုမသိဘူး ။
ကဗျာရေးခဲ့/ရေးဆဲ/ရေးနေဦးမယ်
ကဗျာ ကို မသိဘူး ။
လက္ခဏာရေး သုံးပါး ကို ဆင်ခြင်ဖူးတယ်
အနိစ္စ ၊ဒုက္ခ ၊ အနတ္တကို မသိဘူး ။
သစ္စာလေးပါး အကြောင်းမှတ်သားဖူးတယ်
သစ္စာ ကို မသိဘူး ။
နာရီအမျိုးမျိုးကြည့်ခဲ့ဖူးတယ်
အချိန်ကို မသိဘူး ။
မသိတဲ့အကြောင်းတွေအများကြီးဆိုတာ မသိဘူး
ငါ ၊သူတစ်ပါး ၊အမျိုးသား၊အမျိုးသမီး ၊ နပုံး ပဏ္ဍုက်ဆိုတာလည်းမသိဘူး
မင်း/သင်/နင်/ဒင်း/သင်း/ခင်ဗျားကိုလည်း မသိဘူး
ငါ /ကျွန်တော်/ကျွန်ုပ်/ကျုပ်ကိုလည်း မသိဘူး
သူ/ဟိုဒင်း/ဟိုသင်း/အ၀ှါ /ဟိုဟာ ကိုလည်း မသိဘူး
ရှင်းရှင်းပြောရရင် မသိဘူးပြောပြောနေတဲ့
မသိဘူး ဆိုတာ ကြီးကိုလည်း မသိဘူး ။
ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ ဆိုတဲ့အတိုင်း
ဘူးကွယ်ငြင်းနေရင်း
ဘူးလေးရာ ဖရုံဆင့်လာခဲ့မှန်းလည်း မသိတော့ဘူးးးး ။

ရတုသစ်
22042013
နေ့ ၁း ၁၅ နာရီ

Monday, April 22, 2013

"ပိတောက်ည၏လရောင်မှာ ပြာကျခြင်း"


ပိတောက်လည်းပွင့် ၊လရောင်လွင့်၍ူ
ခွန်းဆင့်လေပြေ(ပြည်) ၊ မှာတမ်းခြွေသော်
ရင်မြေကမ္ဘာ ၊ အသည်းလွှာဝယ်
ရှည်ကြာစွဲထင် ၊ပုံရိပ်ရှင်ကို
ဆွတ်ကျင်တမ်းတ..မှန်းဆရည်..။

လူခြေတိတ်ဆိတ် ၊နေမင်းအိပ်ချိန်
လရိပ်အောက်မှာ ၊ သူ့ ခြေရာကို
ဖွေရှာနေမိ ၊ သူ..မသိလည်း
ည၏ ရောင်းရင်း ၊ကြယ်တစ်သင်းက
ချင်းချင်းမျက်ကွယ်..လှောင်ရယ်ပြီ..။

ပိတောက်ရွှေဝါ ၊ ချိုးယူလာလည်း
ကေသာဦးတွင် ၊ ဆင်မြန်းတင်မည့်
သခင်မ မှာ ၊ တစ်နေရာသို့
ဖယ်ခွါရှောင်ထွက် ၊ စိမ်းကားချက်ကြောင့်
ဝင်းလက်ပိတောက် ၊ ပန်သူပျောက်ခဲ့
စိတ်ခြောက်ချားကာ ၊ ညကမ္ဘာဝယ်
ရင်နာ ငိုကြွေး..လွမ်းတေးသီ..။

သြော်...
ပိတောက်ပွင့်ကာ ၊လမင်းသာသော်
ကြင်နာသူဝေး ၊ ကံကျိုးပေးကို
ပြန်တွေး နာကျင် ၊ မေ့ထားချင်လည်း
စိတ်လွင်ပြင်ထဲ ၊ လရောင်ကြဲ၍
ပွင့်ဆဲပိတောက် ၊ ရွှေရည်သောက်က
ရူးလောက်မတတ် ၊ လွမ်းပူဟပ်လျှက်
ကျိုးပြတ်အသည်း..မီးစွဲ ပြီ..။ ။


ရတုသစ်
21042013

Saturday, April 20, 2013

ရင်အံဝှက်ကိုဖွင့်လိုက်တဲ့သော့ချက်တွေ ( A )


အလွမ်းအပိုင်းအစများ ( က )
*******************
လွမ်းစိတ်ကိုတိုးတိုးတိတ်တိတ်
နွေလရိပ်မှာလှမ်းချိတ်ထားမိ
ချစ်ရိပ်လေးများသမ်းလေမလား
 
အထင်က ၀ိုးတ၀ါးပါကွယ်
 

ပိတောက်တွေတိတ်ဆိတ်လို့
ငုဝါတွေတောင် အိပ်မောကျခဲ့
ရိပ်ကနဲဖြတ်သွားတဲ့လေညင်းမှာ
သူ့သတင်းလေးများပါလေမလား
နားစွင့်မိ..
ညဆိပ်မိထားတဲ့ သူတစ်ယောက်
စိတ် အကျအပေါက်များစွာ...
ဒဏ်ရာက ခုထိ အထာမကျသေးဘူး ။

ဝေဒနာလို့ နာမည်ပေးရမလား
အမှတ်မှားသွားတဲ့ အသည်း
ဒီထက်တော့ ပို ကွဲနိုင်မယ်မထင်
ယဇ်ပလ္လင်မှားပြီး ငါတို့ကလည်စင်းပေးခဲ့မိ
ခုတော့ ..
အလွမ်း ၀တ်ရုံတွေကြားမှာ..
မျက်ရည်..ဖြာ..လဲ့...။

====================
အလွမ်းအပိုင်းအစများ ( ခ )
******************  
လက်ဆေးမိုးဖြိုးဖြိုးဖြောက်ဖြောက်နဲ့
ပိတောက်တို့ရေ..
ဖြည်းဖြည်းချင်းပွင့်ဝေ မွှေးမြကြပါ ။

ငါ့ ဒိုင်ယာရီထဲက အလွမ်းလေး
ပန်းရနံ့နဲ့ရောထွေးသွားမှာ.
.စိုးတယ် ။

တိတ်တခိုးမြတ်နိုးခဲ့ရသူ
ငါ့ မြို့တော်ဆီ
မျက်နှာ မမူခဲ့ဘူး ။

သူ..သွားလမ်းဖြောင့်ဖြူးရင်
ပြီးပြီ
သီအိုရီလွဲနေတဲ့ ကျဆိမ့်တစ်ခွက်နဲ့
ညဥ့်နက်နက်ထိ..ကြွေမယ် ။

ငါ့ စိမ်းလန်းခြင်းတွေမှာ
သူသာ..ရေသောက်မြစ်ဖြစ်တဲ့အေ
ကြာင်း
ဇန်န၀ါရီစာမျက်နှာဟောင်းတစ်
ခုထဲ
အသည်းနဲ့အတူ ညီမျှခြင်း ဆွဲထားလိုက်တယ် ။

==============================
အလွမ်းအပိုင်းအစများ ( ဂ )
*****************
သူ..ရောက်လာခဲ့တယ်
ပြီးတော့
သူ ပြန်သွားခဲ့
နှုတ်ဆက်သံတိုးဖွဖွလေးမှာ
အနာဂတ်တွေ သံပတ်ကုန်သွားရပြီ ။

ဘ၀ခရီးသည်တွေပါ
လွမ်းရမှာ ကြိုသိရင်
ဧည့်လာဂမုန်းပင် ဘယ်သူစိုက်ချင်မလဲ ။

ကြေကွဲ..မှုန်သီ
နှုတ်ဆက်ခြင်း မျက်ရည်စများ
စိမ်းကားလို့ဝေးသွားကြတာမှမ
ဟုတ်ပဲ
ဒီအလွဲကို ကျေနပ်လက်ခံလိုက်ရုံ ။

ရင်ခုန်သံ စစ်စစ်နဲ့အချစ်စစ်စစ်
မရှာဖွေပဲ
အလိုလို ခူးခြွေဖြစ်ခဲ့ကြ
ဘာပဲဖြစ်ဖြစ် ..
အလွမ်းစစ်စစ်တွေကျန်ရစ်တယ် ။ ။
=======================

အလွမ်းအပိုင်းအစများ ( ဃ )
******************
မန်းကျုံး ရေပြင်ရှေ့
အငွေ့ပျံခြေရာများ လွင့်ဝဲချိန်
တိမ်တွေဆီ သတင်းပို့ခဲ့ရ
ခဏတဖြုတ်..
နေမင်းကို မျက်နှာဖုံး အုပ်ပေးပါ ။

သူ့ခြေရာလေးတစ်စွန်းတစ်စ
ပုဝါစလေးထဲ တယုတယသိမ်းဆည်းဖို့
လေညင်းတို့ဆီ တိုင်တည်ခဲ့ရ
ခဏလောက်ငြိမ်သက်ပေးရင်ကောင်
းမယ်
လေညင်းသဲ့သဲ့မှာ..
သူ့ခြေမှုန်လေးတွေပဲ့ပါသွား
မှာ စိုးလို့ ။

တိတ်တခိုးလေးပါ
သူ့ခြေရာအပိုင်းအစမှာ
အမှတ်တရတွေ ကျန်နေခဲ့မှန်း
ကျုံးဘေးလမ်းမကြီးတောင် သိတယ်
သူကတော့...
 

မထုံ..တက်တေး.. ပြေး..ထွက် ။
===================

အလွမ်းအပိုင်းအစများ ( င)
*******************
နွေပါပဲ
နွေစစ်စစ်ထဲ
စိန်ပန်းတွေ ရဲရဲတောက်ရွာချ
 

ပိတောက်တွေရွှေယောင်ဆောင်ကြပေါ့
တခုတ်တရ
မချွန်မြခဲ့တာတောင်
အလွမ်းက ရှနေအောင် စူးတယ် ။

အလွမ်းဆို
တစ်မူးတောင်ပိုမရှူချင်ခဲ့ဘူး
ပြင်ဆင်ပြီးသား ကျိန်စာမှာ
မျက်ရည်သာ
မှတ်တမ်းအဖြစ်ကျန်ရစ်ခဲ့ ။

တဆစ်ဆစ်တိုက်စားမှု
သမားတော်မကယ်နိုင်တဲ့အလွမ်း
စိမ်းလန်းဖူးဝေနေဆဲ
ဘယ်မလဲ..ချစ်သည်း..ရေ..
မျက်ရည်လင်္ကာတစ်ပိုဒ်နဲ့ထိုးစု
ိက်သွား
လမိုက်ညများထဲ
ရေရေလည်လည်ကြေကွဲမိ
ငရဲဘုံသားတစ်ယောက်လို..။ ။

==============================
အလွမ်းအပိုင်းအစများ ( စ )
******************
မျှော်လင့်ချက်တွေ ဆွံ့အနေပုံများ
အလွမ်းရဲ့ဖြားယောင်းမှုမှာ သေ၀ပ်ငြိမ်သက်လို့
လွမ်းဖို့ချစ်ခဲ့တာမှ မဟုတ်ဘဲ
ပြတ်စဲခံထားရတဲ့ နေ့အသေများ
ရှင်သန်ချင်စိတ် ခွန်အားတောင်ပျောက်ရှတယ် ။
အဇ္ဈတ္တသန္တာန်ထဲ
ယုံကြည်ချက်ရိုးရိုးရဲရဲလွန့်လူးခဲ့ 
နွယ်ဦးမွန်မို့ချစ်ထွဋ်တင်ခဲ့ရသူလေ ။
အလွမ်းမြှူသံတစ်ရှိုက်မှာ
ရင်ဘတ်ကိုလာလာ စိုက်တဲ့မြားတွေ
ရေတွက်မနေချင်တော့ဘူး
အဆိပ်လူးချင်လူးထားလိုက်
ထိုးစိုက်သမျှမြားချက်တွေထဲ
သေပွဲဝင်ဖို့ထိ ပြတ်သားထားရဲ့ ။
တကယ်လို့များ...
ငါ..သေသွားတဲ့အခါ
နင့်နာမည်လေး တစ်လုံးဖြစ်ဖြစ်
ငါ့ ၀ဲဘက်ရင်အုံမှာ ကမ္ပည်းထိုးရစ်ပါ ။      ။
==============================
အလွမ်းအပိုင်းအစများ (ဆ )
******************
သုံးရက်သား လခြမ်းကွေးထဲ
စိတ်ကိုကြိုးတပ်လို့လှမ်းဆွဲမိ
သတိရစိတ် တအုံနွေးနွေးမှာ
သူ့ မျက်ခုံးရေးရေးလေး လာထင်တယ် ။
မြင်သိမှုအားလုံး
သူ သိမ်းကြုံးယူငင်ထားလေသလား
ကြားနေကျ သူ့အသံလေးပဲ
နားဧရိယာတစ်ခုလုံးတပ်စွဲထားခဲ့ ။
 
ရှေးစကားတွေမဟုတ်ဘူး
ပုံပြင်တွေ မဟုတ်ဘူး
ဒဏ္ဍာရီတွေ မဟုတ်ဘူး
ခုထက်ထိ...
သူ့ စကားသံလေးတွေနဲ့ညစဉ်ဖြတ်ကူးရတုန်း ။
မမုန်းခဲ့ပါဘူး..ဆို
ခုလို ရက်စက်ဖို့ ဘယ်သူအမိန့်ပေးတာလဲ ။
တမာသီးလည်းမစားခဲ့ဘူး
တမာရိပ်လည်း မနားခဲ့ဘူး..တဲ့
တူးနေအောင် ခါးသွားလိုက်ပုံတွေ
" မယုံနိုင်ဘူး..မယုံနိင်ဘူး.." 
အရူးအမူး အော်ဟစ်ရင်း
ညထဲ နစ်ဝင် ကျွံဆင်းခဲ့
မိုးလင်းမှာတောင်..
စိမ့်နေအောင် ကြောက်တယ် ။     
=======================

အလွမ်းအပိုင်းအစများ ( ဇ )
******************
ညရဲ့တေးသီချင်းမှာ
ဘာ ဂီတသံမှ ပါမလာခဲ့ဘူး
ဒီထက် ပိုမထူးတဲ့ အော်ပရာကြီးပဲ
ထည်လဲ နွှဲခဲ့ရ 
ဘ၀က..
မစခင်..ကန့်လန့်ကာချနှင့်ပြီ ။ 
လွင့်ခါနေတဲ့ ဆံနွယ်လေးထဲ
ပျံဝဲချင်နေတဲ့လိပ်ပြာတစ်ကောင်ပေါ့ 
ကြောင်တောင်ကန်းတယ်လို့ ပြောချင်ပြော
ကိုယ့် သဘောနဲ့ကိုယ်ဆို
မင်း ထက်ပိုပြီး ဘာမှ မမြင်ခဲ့သူလေ ။
အလွမ်းပြေ ဓာတ်ပုံလေးတောင်
မျက်ရည်နစ်လို့ ဆေးသားကြောင်နေရ
ခဏ ခဏ ထုတ်ကြည့်နေလျက်နဲ့
တရိပ်ရိပ်တက်နေတဲ့ ကိုက်ခဲမှုမှာ
မင်းနာမည်လေး တမ်းတဖို့မပျက်ကွက်ခဲ့ဘူး ။
အမှတ်တမဲ့ သတိရလို့
ငါ့ ကိုဖျတ်ကနဲတွေးမိရင်
ဥပေက္ခ္ခ္ခာ လွင်ပြင်ကိုကျော်ဖြတ်ခဲ့ပါ 
အရာရာ ပေးဆပ်ထားသူမို့..
မင်း အတွက် တံတား တစ်စင်း ဖြစ်ခွင့်ရချင်တယ် ။   
=======================
အလွမ်းအပိုင်းအစများ ( ဈ )
*******************
အတိတ်တွေဆီပဲ
စိတ်ကနောက်ပြန်ဆွဲနေခဲ့
ရှေ့ဆက်မယ့်ခြေလှမ်းတွေ
တွေ ဝေ မှုန်ဝါး လွန်းလှပေါ့ ။
ဖြစ်ထွန်းခြင်းဆိုင်ရာမှတ်တမ်းအချို့
တည်းဖြတ်ဖို့အမိန့်မကျသေးဘူး
ရေးရေးလေးမြင်ခဲ့တဲ့ စိမ်းလန်းခြင်းဟာ
ခွဲခွါခြင်းထောင့်ချိုးလေးမှာ
မှေး..စက်..ပျော်..၀င် ခဲ့ရ
ရှတ..ရှတ..နင့်သီးမှုထဲ
အသည်းကို
စွဲချက်မတင်ချင်တော့ဘူး ။
ချိုလွင်သော ဂီတ ကို နားဆင်ပါ
သစ်လွင်သော ခံစားမှုကို စားသုံးပါ
ရွှင်ပြုံးသော နှလုံးသား ကိုဖန်တီးပါ ။
အထီးကျန် တစ္ဆေတစ်ကောင်အဖြစ်
ကိုယ်တိုင် ကြေကွဲရစ်ပါ့မယ် 
ဝဋ်မြစ်မှန်သမျှ
သူ့ဘ၀မှာ..မတွယ်ငြိစေလို..။
အပိုတွေ မဟုတ်ခဲ့ရပါဘူး
ဒီလိုသာ...
အမြဲတမ်းဆုခြွေမိ
ဂြိုဟ်ပြေ နံပြေ ဘုရားထံတော်မှာ... ။   ။
==========================
အလွမ်းအပိုင်းအစများ ( ည )
*******************
"ထာဝရပဲ "  တဲ့
ဝဲလွင့်နေမယ့် အလွမ်းတွေ
နိဒါန်းမစသေးခင်
တိုးတိတ် ညင်သာ ပြောဖူးခဲ့
အရူးအမူး ပျော်ရွှင်လိုက်ရတာ ..။
အခု..ဘယ်မှာလဲ
တည့်တည့်ကြီးလွဲသွားတဲ့ ဆုံမှတ်ထဲ
သူ့ အသည်းတွေ အတိတ်မေ့ပြီထင် ။
မကြင်နာလို့ စိမ်းလေသလား
တမင်ခွါလို့ တိမ်းလေသလား
ဥပါဒါန်ဝဲဂယက်မှာ
အဖြေရှာဖို့ခွန်အားမရှိတော့ဘူး။
မကြာခဏ လွဲဖူးတာတောင်
ဒီတစ်ခါ လွဲတဲ့ အလွဲ
ငါ့အတွက်..အလွဲကြီးဖြစ်လာခဲ့
မချိမဆံ့ ရင်နာရပြီလေ..။
လိပ်ပြာမနိုးတော့တဲ့ ရင်ဘတ်အကန့်မှာ
သူ့ ပုံရိပ်တွေသာ..
တောင်ပံ တဖျတ်ဖျတ် ဖြန့်ကျန်ရစ်တယ်..။
ရတုသစ်




Friday, April 19, 2013

စိတ်ပျက်လက်ပျက်ရေးနေမိတဲ့စာကြောင်းတွေမှာအားတက်ခြင်းတွေပါ/မပါ

အထာမကျသေးတဲ့အကြောင်းအရာတွေ လိုက်ပြီး ဖာထေးချုပ်စပ် တရစပ်
ခေါက်ရိုးတွန့်နေပြီးသားအ၀တ်တစ်ခုက ကိုယ်ထည်နဲ့မကိုက်ညီတော့ဘူး
ဝဲပစ်လိုက်စမ်း ဝေးဝေးလွင့်လွင့် စိတ်ကူးတည့်ရာ ခြေဦးတည့်ရာ အာရုံကျရာ
တစ်ခုခုဆို စိတ်ကထစ်ကနဲ ဒုံးခွင်းဒုံး ဒုန်းစိုင်းကြီး ကိုယ်လွတ်ရုန်းကြရင်ကောင်းမလား
အကြောင်းကြောင်းကြောင့်ဆိုတဲ့ကြောင့်ကြမှုတွေဆီကြန့်ကြာမှုတွေဗီဇာမပါပဲလာလိမ့်မယ်
ဟယ်လို..ကြားလား..ဟိုင်း..နေကောင်းလား..ဂလိုဘယ်လိုက် ညာလိုက်ဖြီးဖြန်းလိုက်
ကတိုက်ကရိုက်ပြုတ်ထွက်လာမယ့်အပိုင်းအစတွေကြည့်ရှောင် ခေါင်းငြိမ်ငြိမ်ထား
လက်ကားယားခြေကားယားနဲ့တိုက်ပုံအင်္ကျီကြီးနဲ့ကြည့်လို့မကောင်းဘူး ချွတ်ထားဗျာ
ရိုးရာအတိုင်း ရိုးရာကို ရိုးတဲ့အရာမှာထားကြည့်ဖို့အဆိုတင်သွင်းချက်ကက်ကက်လန်ရန်တွေ့
ဓလေ့တွေဟာ အလေ့ကျပေါက်ပင်တွေလို တန်ဖိုးနည်းသွားပြီလား တွေးရင်းသွေးတိုးဒီဂရီ
အကြည်ဓာတ်ပျောက်သွားတဲ့ ဓာတ်ကြီးလေးပါးထဲမှာ ဓာတ်ပေါင်းဖိုတွေထည့်ရေတွက်ရ/မရ
သံသယ သံသရာထဲ သံသရာဟာ သံသယတွေနဲ့ ဇက်သပ်မရတဲ့ ဒုန်းမြင်းလို
ရေတွက်ရနာမ်တွေထဲရေတွက်မရနာမ်တွေထိုးထည့်ရင်းအများဆိုင်နာမ်ကသူခိုးလက်ထဲကမြေပုံ
တအုံနွေးနွေးဖြစ်ဆဲ မရင့်ကျက်မှုတွေဆီ သီအိုရီအသစ်တွေပို့ချပေးပါ ငါ/ငါ/ငါ=အတ္တ
ဖျက်မရတဲ့အကြောင်းအရာဆိုတာသမိုင်းကိုပြောတာလား ရာဇ၀င်ကိုပြောတာလား
ဂြိုဟ်စီးဂြိုဟ်နင်းမကောင်းဘူး နဂါးလှည့်မကောင်းဘူး အရှေ့/အနောက် /တောင်
ယောင်ခြောက်ဆယ်မကတော့တဲ့ဂယောင်ဂယင်တွေနဲ့ကမ္ဘာကြီးလည်းဒေါင်ဒင်ဒေါင်ဒင်
မောင်းတင်ထားတဲ့စိတ်ကိုနှိပ်ချလိုက်တော့ အနာဂတ်တွေအထွေးလိုက်ပြုတ်ကျတယ်
သမုဒယတွေ  အနုအလှတွေလာလာမပြောနဲ့တယုတယသိမ်းထားတာ သက္ကာယဒိဋ္ဌိတွေ
အချိုးမပြေတဲ့လမ်းမထဲ သံချေးတက်ဦးနှောက်အပိုကြီးတွေ ခွစီးရင်းမျဉ်းကြားတွေလိမ်ခေါက်လို့
တစ်ယောက်ကစလိုက်တဲ့တစ်ရာတစ်ထောင်တစ်သောင်းတစ်သိန်းတစ်သန်းမီးလျှံမီးတောက်များ
ဝါးလိုက်ကြ စားလိုက်ကြ ပွားလိုက်ကြ နေ့မအားညမအား အားအားယားယားအားထုတ်မှုအတိုင်း
တံတိုင်းတွေဖြိုပြီးရင် ရှေ့တည့်တည့်ကိုကြည့်လိုက်လှံစိုက်ထားတဲ့မြေသားနိမ့်နိမ့်တွေ
နိမ့်လျှောစီးဆင်းရာအတိုင်း စီးဆင်းနိမ့်လျှောလို့ အစီးအဆင်းနိမ့်လျှောတွေကြားအလဲလဲအပြိုပြို ။


ရတုသစ်
19042013
နေ့3း25နာရီ

Tuesday, April 9, 2013

လွမ်း..ဒိုင်ယာရီ


နွေလရိပ်ပြာ ၊ မြူမှုန်လွှာဝယ်
ရင်မှာတစ်ဆို့ ၊ အလွမ်းညှို့သော်
ရို့ရို့ကြွေဆင်း ၊ သစ်ရွက်ကြွင်းသည်
ရင်တွင်း..နွေရာသီပါလား။

နွေပူလမ်းခွဲ ၊ ရိုးတံကျဲစဉ်
အမြဲတမ်းတ ၊ သတိရမိ
စိတ်ကစဉ်သာ၊ တမ်းတပါလည်း
မေ့မှာ..ဦးသူရှိသားလေ ။

နွေရင်ခွင်တွင်း ၊ အလွမ်းကြွင်းရစ်
ချစ်ကင်းအပူ ၊ ဘယ်သူ ကူပါ့
ဝေဆူသောက ၊ ကျွမ်းမြည့်လှသည်
သူမ..နေနိုင်လွန်းပါလား ။

နွေနံနက်ဝယ် ၊ ဥသြငယ်က
လွမ်းဖွယ်သံနှော ၊ တေးသီသောခါ
ရင်မောနေသူ ၊ လွမ်းစိတ်ထူ သည်
နွမ်းသူ..ခွေယိုင်လုပဲ..မေ ။

နွေပိတောက်တို့ ၊ ရွှေရည်စို့ချိန်
ကျွမ်းလို့ကွဲကြေ ၊ လွမ်းငွေ့ဝေလည်း
သူလေ မငဲ့ ၊ ချန်ထားခဲ့သည်
လွမ်းရဲ့..ဒိုင်ယာရီ သက်သေ
လွမ်းဖွဲ့..ဒိုင်ယာရီ မျက်ရည် ၊။ ။


ရတုသစ်
09042013
ည 10း 10 နာရီ

Sunday, April 7, 2013

ခွင့်တောင်းခြင်း အမှတ်စဉ်( ၅ )


အဖြူရောင်စာမျက်နှာတွေထဲ
မှင်နီရဲရဲ အလွမ်းတွေ ပိုးစိုးပက်စက်ပြည့်နှက်လို့
ရက်စက်ခြင်းနတ်ဆိုးများရဲ့ကျိန်စာ
တို့နှစ်ယောက်မှာမှ ကျလာရသလားကွယ် ။

နှစ်ကိုယ်ကြားသာရုံ လွမ်းတေးနဲ့
ခပ်ဆွေးဆွေးလေးနေရတော့မလား
ခါးသက်တဲ့ ဘ၀ကို ဘယ်လိုပြန်ချိုရမလဲ
အသည်းကလာတဲ့အသံနဲ့ဖြေပေးပါ ။

ညနက်တေးကို ဆက်ဆိုရမလား
တစက်စက်ကျလာတဲ့သေမိန့်လိုလိုမနက်ဖြန်များ
ဓာသွားတွေတ၀င့်ဝင့်နဲ့ချီတက်လာတော့မယ် ။

မငြိတွယ်ခဲ့ကြရင် အကောင်းသား
အခုတော့…
ရာသီမှားနေတဲ့ပန်းတွေနဲ့ပွင့်ဝေလို့
တို့ခြေရာတွေအောက်မှာနက္ခတ်လွဲမှားတဲ့မြေသားတွေရှိရဲ့ ။

မသိသလိုနေပေးပါ..
လက်ရှိအတိုင်းဆိုဘယ်လိုမှ မဖြစ်နိုင်ဘူး
ကူးမရတဲ့မြစ်တစ်စင်းထဲ
နောက်ထပ်အသည်းကွဲမခံကြဖို့တောင်းဆိုတယ်
မင်းမျက်နှာကိုအရင်လိုပြန်ချိုပေးပါ ။ ။


ရတုသစ်
၀၈၀၄၂၀၁၃
နေ့ ၁း ၁၅ နာရီ

ခွင့်တောင်းခြင်းအမှတ်စဉ်(၄ )


ဖိတ်စင်လွင့်ကျလာတဲ့လရောင်မှာ
သူ ပုံရိပ်ယောင်လေးများပါလာမလား
ညဟာ..အမှောင်ကိုဝါးစားနေတုန်း ။

စုရုံးကျရောက်လာမယ့်အလွမ်းတွေ
သင်ပုန်းချေရုံနဲ့ ပျောက်မှာမဟုတ်
ရုတ်တရက်ကြီး ခွဲခံလိုက်ရတဲ့ ဒဏ်ရာက
ခုထိ..
ပြည်တည်နာဖြစ်နေဆဲပေါ့ ။

မလှပတဲ့အနာဂတ်အတွက်
ပြက္ခဒိန်ကို ပြောင်းပစ်ရုံနဲ့ရမလား
ဒုက္ခနဲ့မွေးဖွားခဲ့ရသူမို့
လှပမှုတွေ ပြတ်စဲကျန်ရစ်ခဲ့
မြစ်ဆိုတာ စီးဆင်းနေမှ ဖြစ်မယ်ဆို
အလွမ်းမြစ်ကိုတော့ နွေထဲ ပို့ပေးပါ ။


ရတုသစ်
06042013
ည 9း59 နာရီ

Saturday, April 6, 2013

အလွဲအချော်တွေထဲ အမြင်တွေမွဲနေတုန်းပါ..မေမေ


အိပ်မက်ကိုချည်းအကောင်အထည်ဖော်နေရတော့
လက်တွေ့ကျတဲ့အလုပ်တွေက စုန်းစုန်းမြုပ်လုပေါ့
ဂရုစိုက်ပါ အတန်တန်ပြောတဲ့စကား
သား..နားမထောင်ခဲ့တာမဟုတ်ပါဘူး မေမေ ။

စကတည်းက အပေအတေဆန်လွန်းခဲ့သူ
ခုထက်ထိ
လမ်းမှန်မသိသေးဘူး ဆိုရမလား
ကျွန်တော်က အလွမ်းတစ်ခုနဲ့နားကြားလွဲခဲ့ပေါ့ ။

အမှောင်ဖုံးဆဲကမ္ဘာမှာ
အလင်းရှာဖို့ပျက်ကွက်ခဲ့ရ
ဒုက္ခက ကျွန်တော့်ရဲ့ ဖွားဖက်တော်
အလွဲအချော်တွေကြား လမ်းမှားနေဆဲသားတစ်ယောက်
ဘယ်အချိန် အတောင်ပေါက်ပြီးပြန်လာမလဲ
မေမေ..မျှော်နေဆဲလား... ။

အလွဲတွေကများတယ်
အချော်တွေက ပွားတယ်
အမှားတွေက စားတယ်
စကားတွေနဲ့နပန်းလုံးရင်း မိုးစုန်းစုန်းချုပ်ရ
အမြှုပ်ထနေတဲ့ လောက အသိုးကြီးထဲက
ကျွန်တော် ခုထိ ထိုးခွဲမထွက်နိုင်သေး
တစ်ကြောင်းရေး တစ်ကြောင်းဖျက်နေရတဲ့ကျိန်စာနဲ့
မလင်းတစ်လှည့် မှောင်တစ်လှည့် ကမ္ဘာထဲ
အမြင်တွေမွဲနေတုန်းပါပဲ..မေမေ ။

ရတုသစ်
07042013
မနက် 12း 55 နာရီ

စိတ်ကျဉ်းစံများ


စိတ်အဆွေးတွေ လွှင့်ပစ်ဖို့
စိတ်ပုပ်စွန့်ရမယ့်နေရာတွေဘယ်မှာ ရှာရမလဲ
စိတ်နာတွေ စုထားရတော့
လွတ်လပ်မှုက ပြည်တည်နာဖြစ်ခဲ့ ။

ငြိမ်းချမ်းရေးဟာ
ကမ်းဝေးနေသေးတဲ့လှေပျက်တစ်စင်းလား
ငါတို့ အိပ်မက်တွေမှာ..
ကယ်တင်ရှင်ဆိုတာ ပြယုဂ်မဟုတ်ဘူး
ငါတို့ ကိုယ်တိုင် လက်နဲ့လှုပ်ပြီးလှော်ခတ်ရုံပ ။

ည ဟာ နာမည်နဲ့မလိုက်အောင် မှောင်တယ်
ဘ၀ကလည်း ဘယ်တော့မှ ၀ လာမှာမဟုတ်တော့ဘူး
စိတ်တွေ ဆွေးမြည့် နေသရွေ့
စိတ်တွေ ဆေးထိုးခံနေရသရွေ့..။ ။

ရတုသစ်
05042013
မနက် 3း21 နာရီ

Thursday, April 4, 2013

ဖွင့်ထားတဲ့ပြတင်းတံခါးဟာအနာဂတ်တွေဝင်လာဖို့ဖြစ်တယ်

လွင့်ကျလာတဲ့လရောင်မှာ
အမှောင်အားလုံးကိုရက်စက်ပစ်ဖို့
လက်နက်တွေတပ်ဆင်မထားဘူး

နွေလူးထားတဲ့ ရွက်ကြွေတွေအပေါ်
ဖျော်ဖြေခြင်းတေးတွေ တိုးတိုး သီဆို
ညပေါင်းများစွာ..ငိုခဲ့ရ သူ ။

အပူကိုမျိုမှ ဘ၀ လှမတဲ့လား
လမင်းဆီမှာ မေးကြည့်ထားစို့
ဝေတစ်ချို့ ကြွေတစ်ချို့ ပွဲခင်းထဲ
အေးမြမှုတွေ ဆင်းရဲလိုက်တာ..။

ဘ၀နာမှ အသိသာတယ် တဲ့လား
အများယောင်လို့ယောင်လိုက်တဲ့ လမ်း
ခုထိ..
စမ်းရေမတွေ့သေးဘူး
ပန်းတွေမဝေသေးဘူး ။

နွေးထွေးချင်တာလား
အေးဆေးချင်တာလား
တစ်ခုခုကိုရွေးရတော့မယ့် အချိန်
ငါ့ နှလုံးအိမ်မှာ မှတ်ချက်ပျောက်နေခဲ့
လမ်းကောက်တိုင်း လမ်းဆိုးမှမဟုတ်တာ
ပြဿနာတိုင်းကိုဖြေဖို့ အဆင်သင့်မဖြစ်သေး
တွေးတိုင်း နာနေရမယ့် ဒဏ်ရာကို
ရှာဖွေဖို့ မေ့ထားလိုက်ရင်ကောင်းမယ် ။

အလောင်းအစားဆန်တဲ့ လောကကစားပွဲ
သွေးရဲချိန်မှ ဆက်ကစားကြတာပေါ့
ခုတော့..
ကြိုးလျော့နေတဲ့ သွေးကြောတွေပြန်တင်းဖို့
နှလုံးသား ကို
ပြတင်းတံခါးတစ်ခုလို ဖွင့်လှစ်ထားဦးမယ်
အရူး ဂီတသံကို နားဝင်ပီယံဖြစ်ချိန်အထိ ။           ။

ရတုသစ်
05042013
မနက် 12း 58 နာရီ

Wednesday, April 3, 2013

အလွမ်းတေးရေး မိတဲ့ ည


အတွေးတွေထဲ
ရီဝေမူးနောက်
မင်းဘယ်ရောက်နေ
လွမ်းမပြေသေး
ညဆွေးလေး...။

တိတ်ဆိတ်လေးလံ
အတွေးပြန်လွှင့်
ကျွမ်းရင်နင့်မိ
နွမ်းရိရိ ငေး
လကွယ် တေး ။

အဆွေး တေးသီ
နွေပလီထဲ
ရင်နာမြဲသာ
လွမ်းဒဏ်ရာသွေး
ရူးရင့် ဆွေး ။

မှေးစက်ပျော်ဘူး
ညှိုးလျော် ခွေယိုင်
အသည်းစိုင် တွင်း
သွေ့ခြောက်ရင်း တွေး
ညရင့် ဝေး ။

ဖြေဆေးပေးပါ
မေ့နေမှာလား
မစဉ်းစားရဲ
ရှင်ကွဲကွဲ တေး
ငိုရင်း ရေး ။

ရတုသစ်
၀၄၀၄၂၀၁၃
မနက်၁၂း၅၀နာရီ

Tuesday, April 2, 2013

တစ္ဆေည

အချစ်တွင်းနက်ရတဲ့အထဲ
ဆွဲခပ်သမျှ အလွမ်းတွေချည်းပါလာတယ်
ငွေလသာသာမှာ တေးမသီချင်တော့ဘူး ။

နတ် စုန်း ပူးနေသလို တုန်ဆတ်လို့
ညှို့ခတ်သံကြားရုံနဲ့ အာရုံမှောက်ခဲ့ပေါ့
“မတရားတာမရှိဘူး” ဆိုတဲ့ အရာတစ်ခုကိုမှ
ငါ က အရေးပြမိသူ..။

သံယောဇဉ်ဖွဲ့ပြရမယ့်မျက်ရည်တွေ
ငါ့ ညတွေထဲ စိမ့်စိမ့်စိုစို ရွာသွန်းရဲ့
ညွှန်းကိန်းမဲ့တဲ့ ရလဒ်မှာ
ကွက်လပ်တွေ သံစုံမြည်တယ် ။

ရာသီစာလွဲနေတဲ့ နှလုံးသားမှတ်တိုင်ဘေး
မလင်းတော့တဲ့မီးပွိုင့်လေး ငေးမောမိ
ခုချိန်ထိ..
ဒီကားက ရင်မပြည့်သေးဘူး ။

ဟိုး..အဝေးကြီးထိအလွမ်းလွှင့်ရတော့
နင့်နေအောင် ရိုက်ချက်ပြင်းတယ်
ကင်းလွတ်ခွင့်မရသေးတဲ့ ၀ိညာဉ်ထောင်မှာ
လရောင်တလွင့်လွင့်ကိုမျှော်ရင်း
မိုးမလင်းသေးဘူး..ရင်ထဲမှာ....။

သံယောဇဉ်လက်ကျန်လေးနဲ့
မနက်ဖြန် ဆိုတာကြီးကိုပဲမော့သောက်လိုက်မိ
နတ္ထိအခန်းက နွမ်းနေအောင်ချောက်လှန့်ဆဲ ။..... ။


  ရတုသစ်
04032013
12:45AM
 

Monday, April 1, 2013

အတိတ်ပြခန်းထဲမှာအရိပ်တွေကျန်ခဲ့တယ်


အဆင်မပြေတာမဟုတ်ပါဘူး
ပြေလည်မှုဝေးနေတာ
ကလေးတစ်ယောက်လိုတေးဆိုချော့လို့ရရင်
ဘယ်လောက်ကောင်းမလဲကွယ် ။

လွဲနေတဲ့အခိုက်အတန့်တိုင်း
စိတ်က ခဏခဏ လိုင်းကျတယ်
ဘယ်လိုမှ ပြန်ဖမ်းလို့မရဘူး
ငါ..ရူးသွားပြီလား..မသိ ။

တိတ်တဆိတ်ငြိတဲ့ မျက်ဝန်းအမျှင်ထိ
ရှင်သန်လွန်းခဲ့တဲ့ သံယောဇဉ် ညှို့အားများ
ဗို့အားထိန်းကိရိယာတပ်လို့ရရင်ကောင်းမယ် ။

အလဲအလှယ်မလိုတဲ့ ပေးဆပ်ခြင်းနဲ့
တံတားခင်းထားမယ့် လမ်းတစ်လျှောက်
ပိတောက်တွေ အရင်လိုဝေဦးမလား
နွေစားထားတဲ့အလွမ်းက မမွှေးမြတော့ဘူး ။

ဆွေးပြနေရတာကြာတော့
ရင်အိုဇုန်းလွှာ ပါးတယ်
နားကြားလွဲသွားတဲ့ စိတ်အကန့်မှာ
အထိတ်တလန့် ထပျံသွားတဲ့နှလုံးသားက
ထိန်းထားခွင့် မရနိုင်တော့ဘူးလား
ဝိညာဉ်မဲ့တေးသွားတစ်ပုဒ်နဲ့ ဒီည
မိုးလင်းအောင် ကခုန်မိဦးမယ် ။

ပိတောက်တွေ ဖူးပြန်ပြီ...(..... )
ရောက်တဲ့နေရာက လှည့်ကြည့်ပါ
မသိခြင်းတရားအောက်က နယ်မြေမှာ
သစ္စာတွေ ပျိုးထားတဲ့ အိမ်တစ်လုံးထဲ
ခုထိ..
သမင်လည်ပြန်ခြေလှမ်းလေးကိုမျှော်ငေးတုန်း
အပြုံးလက်လက် ပွင့်ဝေမှုကို မြင်ယောင်တုန်း ။

အမုန်းသီချင်းဆိုတော့မယ်ဆို
ငါ့ကို..
ရင်ဘတ်ချုပ်ရိုးဖြေနည်းပေးခဲ့ပါ
တခုတ်တရ ဖြစ်တိုင်းပြန်ဖွင့်ကြည့်ဖို့လေ ။ ။


ရတုသစ်
02042013
2:25 AM

စိတ်ငုံပါးစပ်ပိတ်အတွေး


စိတ်ကူးနဲ့သာရောက်ခဲ့ပေါ့
လျော့ရဲရဲနိုင်တဲ့သားတစ်ယောက်ရဲ့ အလွမ်း
ဘယ် ခမ်းနားပါ့မလဲ ။

ဒုက္ခကိုမှ ကစားချင်မိသူ
နွေပူပူမှာ တစ်ယောက်ထဲ တစ်မျက်နှာ
တစ်ရွာထင်စရာမရှိမှတော့
ဘဝက
ထင်သလိုနေ မြင်သလိုပြော ။

သဘောကောင်းတယ်
စိတ်ဆတ်တယ်
အမှန်တရားဖက်ကရပ်တယ်
အချစ်ငတ်တာကိုထည့်ထည့်မပြောတော့ဘူး ။

အရူးတစ်ယောက်လို
ခြေထောက်မှာစိတ်ကပ်ပြီးလွင့်ချင်ရဲ့ 
ဘယ်တော့များမှအဆင်သင့်မယ် မသိ
နေမထိထိုင်မသာ ညများဆို
လူးလှိမ့်ပြီးဟားတိုက်ချင်တယ် မေမေ ။

တေပေတတ်လွန်းတဲ့ စိတ်
သွေးတိတ်အောင် ဘယ်လိုကုမလဲ
အစွဲကြီးလွန်းတဲ့ရင်အမြစ်
နှုတ်ပစ်ရခက်ခဲ့ပေါ့
ရွဲ့ ရွဲ့ ပြီးပြောတတ်တဲ့အကျင့်က
လောကရဲ့  စလောင်းပဲ့အောက်မှာ...။

တစ်ခါ တစ်ခါ
မာယာကိုကိုးကွယ်ရမလား
ပရိယာယ်ကိုမြတ်နိုးရမလား
မိုးထားတဲ့ ဓားတွေ ရှေ့ 
တေ့တေ့ဆိုင်ဆိုင်လည်စင်းပေးချင်ရဲ့ 
ဒါပေမယ့်
လူကိုပဲသတ်လို့ရမယ့်အကြောင်း
သတင်းခေါင်းကြီးပိုင်းမှာမကြေငြာတော့ဘူး

လ-မြင့်ရင်လည်းအရူးရင့်တတ်တဲ့သဘော
လူတွေကြားမှာမပြောတော့ဘူး မေမေ ။

ရတုသစ်
၀၁၀၄၂၀၁၃
ည ၉း၃၅ နာရီ

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks