Saturday, November 10, 2012

ပန်းခရမ်းပြာရှိုက်သံ

"ဆုံးဖြတ်ချက်တစ်ခုချမယ်..အရှူံးနဲ့အောင်မြင်ခြင်း"
သေခြင်းမကင်းသေးတဲ့သံသရာမှာ တပြောင်းပြန်ပြန်
အဖန်ဖန်သေဆုံးနေကြရစမြဲမို့ သေခြင်းဟာစက်၀ိုင်းထဲက ပြယုဂ်တစ်ခုလိုလို
မလိုချင်တာကြုံလာမှ ဘ၀ဟာငြီးငွေ့ဖွယ်ကောင်းမှန်းသိတော့ ဇာတိက ခရီးတော်တော်ပေါက်
မရောက်ရောက်အောင် ပို့နေတဲ့ဇရာ ဗျာဓိတွေရဲ့နှင်တံမှာ လူးလွန့်ရင်း သေမင်းစံအိမ်သို့ ခရီးနှင်
ပြင်ဆင်ထားမှု မရှိရင်''ရေဘူးမပါ ..နွေခါမှသိ'" စံနစ်က ၀င်ပေါက်မှာ တွေ့ရလိမ့်
မလိမ့်တပတ်နဲ့ အလှိမ့်အပတ်ကျွမ်းကျင်ရောဂန္တရကပ်က လူရွေးတတ်လေသလား
တန်းဖိုးများတဲ့သူတွေဆီပဲ မျက်စိကျနိုင်လွန်းပါရဲ့ သမားရိုးကျ
ရိုးမပေါ်ဖြတ်ပျံနေတဲ့ကြိုးကြာတစ်ကောင်ဟာ အတောင်ညောင်းခဲ့ပြီ..။

"တခြားဖက်မျက်နှာ ကျောခိုင်းပြေးတော့မယ်ပေါ့"
အသော့နှင်ဖို့ မလိုတဲ့လမ်းကို တရကြမ်းနင်းဖြတ် မရပ်မနားဗျာဓိ
အငိုက်မိတော့ သူမဟုတ်သလိုလိုနဲ့ အရှိုက်ထိအောင်ပြင်းရှရှသတ်ကွင်း
နာကျင်ခြင်းဟာသူ့ရဲ့တခြားမျက်နှာ ခေါင်းနဲ့ပန်းလို
ကြိုးတန်းပေါ်လျှောက်နေရင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတယ်ထင်ရ
ပွဲကြည့်စင်အောက်က လူတွေအားမလို အားမရဖြစ်ဆဲ ဥပေက္ခာ
မဟာဆန်သူတစ်ယောက်ရဲ့ မဟာ၀ိညာဉ်အေးချမ်းပါစေ...။

"စောင်းကြိုးရှိုက်သံ သဲ့သဲ့လေးကြားနေတယ်"
လူ၀ယ်အားကောင်းတဲ့ မရဏကုမ္ပဏီရဲ့မျက်စိကျအရွေးချယ်ခံ
အားအတန်တန်တင်းရင်း မာန်လျှော့လိုက်လေသလား ကြိုးပြတ်စောင်း
တိမ်းစောင်းမှုတစ်ခုမှာပူဆွေးဖွယ်ဓမ္မတေးတို့ဖြိုင်ဖြိုင်ဝေ 
လွမ်းသူ့ပန်းခွေမှာ ပန်းခရမ်းပြာတွေကြွေဖို့နောက်တွန့်နေရှာကြ
ဆွတ်ခူးမယ့်ပန်းချစ်သူရဲ့လက်ကိုမှ ဘယ်သူဆွတ်ချူချင်နေတာလဲ ကြေကွဲစရာ
အိပ်မက်ဟာ လက်တွေ့ဆန်လာရင် သတိထားဖို့ကောင်းရဲ့
အပေါင်းပါတွေရဲ့အံတစ်ချက်အကြိတ်ကိုတိတ်ဆိတ်စွာနား၀င်ချိုလိုက်သလား
ဂီတနားတွေ ဒီတစ်ခါတော်တော်ခါးသွားတာ မသိခဲ့ဘူးလေ..။

"ရိုးရိုးလေးသာ၀တ်ခဲ့ပါလေ..အေးမြလို့ "
မစို့မပို့မဟုတ်ဘူး မျက်ရည်တွေ ဆောင်းတွင်းမှာ ခိုးရွာရပြီ
ပြီတီတီသေမင်းအနမ်းမှာ ပန်းခရမ်းပြာတစ်ပွင့်ကြွေလွင့်ခဲ့ရင်တော့ မရှုရက်စရာ
ဘ၀ဟာ တိုလျပေမဲ့ အနုပညာတွေ ခရီးရှည်ဆက်လက်ပျံသန်း
လွမ်း ရင်ထဲလှိုက်လို့ ပစ္စုပ္ပန်ကိုလွမ်း..တိတ်တခိုးလေးပေါ့ မျက်ရည်တွေနဲ့
ကဝေဆန်သော ညှို့စောင်းသံသာရဲ့အညုအခရာတွေ ဝေဝါးခဲ့ပြီလား ?ယ
ပြုစားတတ်သောအသံသာသာညင်းညင်းကိုသေမင်းမနာလိုဖြစ်ခဲ့ပြီ
ရီဝေဝေ ခရီးရှည်မှာ တစ်ယောက်တည်းပေါ့..လာတုန်းကအတိုင်း မဆိုင်းမတွ
ဘ၀ဆိုတာ ဘကုန်းလေးနဲ့၀လုံးလေးတင်မဟုတ်ဘူးဆိုတာသိထားရင်ကောင်းမယ်
တစ်နေကွယ်ရင်...တစ်ခါကူးတဲ့သေနယ်...ဘယ်သူလိုချင်မလဲ
ဒီပွဲကနောက်ဆုံးပွဲမှတ်လို့လား မသိဘူး ဆူတယ်..ရှိုက်သံ/လှိုက်သံတွေ
လက်ခုပ်သံမဲ့နေတဲ့ ပွဲကိုကြည့်ရတာလောက်စိတ်ပျက်စရာဘာရှိသေးလဲ?
ဘယ်နေ့လဲ ?ဘယ်တော့လဲ? တရားပြနေတဲ့ကြိုးကြာတစ်ကောင်အတွက်
ဂစ်တာတစ်လက်နဲ့၀တ်မှုန်တွေလက််ဖွဲ့လိုက်ပါတယ်..
မကြာမီ လာမည် ဘယ်နေ့လဲ? ဘယ်တော့လဲ? မသိချင်ဘူး ကျွန်တော်တို့အလှည့်တွေ..
လူသားပီပီငြင်းဆန်လိုက်ပါတယ် နွမ်းယဲ့ယဲ့ပါပဲ ခဏတာ
ဘ၀ဟာ ရုပ်ရှင်မဟုတ်ဘူး ..ပုံသေကားချပ်ဆန်စွာ အစီအစဉ်အတိုင်း ယိုင်နဲ့နေတယ်လေ..။


ရတုသစ်
(11 / 11 /2012 --1 :29 AM)
                                          http://yatuthit.blogspot.com/

*ကျနော့်ရဲ့မွေးနေ့လေးမှာ
ရေးဖြစ်သွားတာက ဒီကဗျာ
                        





No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks