Wednesday, November 14, 2012

သင်္ခါရကိုမျိုချနေရသောနေ့စွဲများ..

အလိုမကျမှုတွေပဲ နင့်နင့်နဲနဲကြုံတွေ့မိ
ဘုံဓလေ့ရဲ့အခမ်းအနားက မဆန်းပြားပေမဲ့ လမ်းများတယ်
ညစ်ကျယ်ကျယ်လောကသားတစ်ချို့ထဲ ပလူးပလဲအလွမ်းသင့်ရ
ဘ၀ဟာ တိုလွန်းတယ်ပြောလဲ မယုံချင်သလိုလိုနားကြားလွဲဆဲ
အလွဲတွေပဲ တလွဲတချော်ဖြစ်လွန်းတော့ နစ်မွန်းမှုကရှည်ကြာခဲ့ရပေါ့ ။

အရောင်ဖျော့လာတဲ့အနာဂတ်လမ်းဟာ မပီ၀ိုးတဝါး မှုန်ေ၀
လေပြေချည်းမျှော်လင့်မိသူတရားကျဖို့အချိန် သင့်တာလား?
ရင့်ရော်လာတဲ့သီအိုရီတွေစံလွဲဖောက်ပြန်လာခဲ့ပြီ ။

စား ,၀တ်,နေရေး /နေရေး, ၀တ်,စား /၀တ်,စား,နေရေး /စား, နေရေး, ၀တ်
မကျွတ်မလွတ်ပြိတ္တာတစ်ကောင်လို ဘ၀အနှောင်က မြဲတယ်..
လဲကျလိုက်/ပြန်ထလိုက်ဒဏ်ခတ်ခြင်းမှာ အပြစ်ပေးခံရသူလို ထိုင်,ထနဲ့နေသားတကျ
ဆက်ရမယ့် ရှေ့ပြေးလမ်းအတွက် နှောင့်နှေးကြန့်ကြာလွန်းရဲ့
သူများတွေမွန်းတည့်မှ အရုဏ်ဦးရောင်နီသမ်းစပြုရမယ့် ဘ၀
ဒုက္ခရဲ့ပွတ်ဆွဲမှုမှာထက်မြက်ခြင်းဟာကစဥ့်ကလျား
ပါးလျလာတဲ့ကိုယ်ရည်သွေးက ပြန်ဖြည့်ဖို့မလွယ်ကူနိုင်ခဲ့
ဒီလိုနဲ့...မိုးသောက်/မွန်းတည့်/မွန်းတိမ်း /မိုးချုပ် စုန်းစုန်းမြုပ် ။

အနှုတ်/အစားများလွန်းတဲ့ကစား၀ိုင်းတစ်ခုမှာ ပါ၀င်မိလျက်သား
လည်သူစားစီးကြောင်းထဲမှာ ဗလောင်းဗလဲဖြစ်ကျန်ခဲ့
ထိုးအန်လို့မရတဲ့အဆုံး မချိပြုံးနဲ့မြိုချလိုက်မိ
ကတိ ကို သစ္စာဖောက်သူတွေထဲ ဖရိုဖရဲ လဲပြိုကျ
အလိုလိုစွပ်မိထားတဲ့၀ဋ်ကြွေးထဲ မလုံမလဲ နောက်ကျောက စိမ့်တယ် ။

ဒလိမ့်ခေါက်ကွေး ပြုတ်မကျအောင်ကျားကန်ထားရ ဘ၀ချည်တိုင်
မမြိုင် မဆိုင်ဗုံတီးသံတွေကြား အလမ္ပါယ်ဆရာရဲ့မြွေလိုအစွယ်ကျိုး/ အဆိပ်ပြတ်
တံဆိပ်ကပ်တွေပြောင်းပေမယ့်အရည်အသွေး စံ မမီတဲ့စားသောက်ကုန်တွေနဲ့အသက်ဆက်ရင်း
အလင်းဟာ မှောင်ချင်ယောင်ဆောင်နေတဲ့ အိမ်တစ်လုံးထဲမှာ
၀ှက်ဖဲတစ်ချပ်ကို မြေလှန်ရှာနေမိတဲ့လူတစ်ယောက် အဖြစ်နဲ့
" ခွေးမြီးကောက်..ကျည်တောက်စွပ်"ဆိုတဲ့ စကားပုံကို
အနုလုံ /ပဋိလုံ စဉ်းစားခန်းဖွင့်နေတယ်..။

                        ရတုသစ်
           ( 15/ 11 /2012 --2:40 AM)

2 comments:

Yoemyaykya said...

ဟယ်ရတုရယ်ဒီကဗျာလဲတကယ်ကောင်းတယ်ဟ။ အမှန်တရားတွေချည်းပြောသွားတာအရမ်းကြိုက်တယ်။

မိုးနတ်ကြယ်စင် said...

ကောင်းမှကောင်း...တပုဒ်လုံးကို လွှတ်ကြိုက်တယ်
နော် ကိုရတု...မိုးနတ်ခံစားခဲ့ပါတယ်...

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks