Friday, November 30, 2012

၀ိရောဓိ ညရှုခင်း


"ဟေး" /" အား" ပြိုင်တူပျော် /အော်ခဲ့ကြ ကွင်းထဲမှာ
အစဉ်အလာတစ်ခုအလား ကျင်းပ/ ခံ ရင်း ရယ် /ငိုခဲ့ကြ ညရှုခင်းပေါ့
အလင်းတလက်လက်နဲ့လပြည့်ညက ရယ်ရွှူင်/ကြေကွဲနေခဲ့
အသဲစကားတွေတပုံတပင်ကို အဲဒီည က ရိတ်သိမ်းထားရဲ့..။

ဟိုးးးးးးးးးအရင်သမိုင်းတွေထဲမှာ ဒီညက ရိုးရှင်းလွန်းတယ်
အမိုက်မွန်းနေတဲ့သံသရာသားကောင်တစ်ယောက်အလင်းရောက်ခဲ့ဘူးတယ်
ကုမုဒြာကြာဖြူရနံ့ထုံထုံထဲမှာ သာမညဖလသုတ်တော်ဖြစ်ထွန်းခဲ့ဘူးတယ်
သြဃလေးဖြာထဲမျောမယ့်အတ္တကျေးကျွန်တွေကို ဆယ်တင်ခဲ့ဘူးတယ်..
ဒီလောက်သန့်စင်တဲ့ကြယ်စုံညကိုမှ သမိုင်းဆိုးက တစ်ရေးနှိုးလိုက်ပေါ့ ။

တစ်ဖက်ကကွင်းပြင်မှာမီးပုံးလှလှလေးတွေ ဝေနေချိန်
တစ်မြေကကွင်းပြင်မှာမီးဗုံး ဒုက္ခတွေ ဝေနေရဲ့ ။

ရုန်းရင်းဆန်ခတ် ပျော် / အော် လိုက်ကြတဲ့အသံတွေ
စကြ၀ဠာကမ်းခြေမှာ ငုတ်ရိုက်သိမ်းဆည်းထားတယ်..
ဒါ ပုံပြင်တစ်ပုဒ်လို မဟုတ်ခဲ့ဘူး...
တူးဆွလေ အမှန်သိလေဖြစ်သွားမယ့် သမိုင်းအစစ်..။

ဆေး /သွေး ပေါင်းခတဲ့နက္ခတ်ရဲ့အလှည့်အပြောင်းက
ရင်ခေါင်းသံတွေကို ညှစ်ချစေခဲ့သလား???
မနိုးကြားတဲ့အသိတရားမဲ့မှုမှာ လူစင်စစ်ကိုခွေးကိုက်ခဲ့ပြီ
ဒီ အမိုက်က လျှော်ဖွပ်သန့်စင်ပစ်လို့ လင်းရိုးရှိပါ့မလား.???.။

တရားကိုလူစောင့်တာလား??? /လူကိုတရားစောင့်တာလား???
ဥပေဒအထက်က တိရစ္ဆာန်တွေကြားမှာ တရားလက်ကိုင်မဲ့ခဲ့ပေါ့
ယိုင်ရွဲ့လာတဲ့မဏ္ဍိုင်တွေနဲ့ မဏ္ဍပ်တိုင် တက်ပြတာမမြင်ချင်ဘူး..
ဒီ ည စူးတဲ့ ဆူးက တူးထွင်ပစ်ဖို့ အနစ်ဆုံးပဲ..။

အရှိန်လွန်ထားတဲ့လက်ညှိုးထိုးအရောင်းဈေးကွက်မှာ
ဘေးထွက်ဆိုးကျိုးက အိမ်/လယ်/ယာ ရှင်တွေရဲ့ရင်ကိုချိုးဖဲ့ခဲ့
မိ/ဖ တဆိုးလေးတွေလို ကူ/ကယ် ရာမဲ့ရတော့မှာလား.???.။

ရိုးသားမှုကိုခုတုံးလုပ်ခံလိုက်ရတဲ့နာကျင်မှုနဲ့
ရင်မွမွကြေ မျက်ရည်သွန်းလိုက်တယ်...
အဲဒီ မျက်ရည် သစ္စာနဲ့ ခင်ဗျားတို့ ၀ဋ်မြစ်ကိုလောင်းခဲ့ပြီ..
ဒါ ကျိန်စာ မဟုတ်ဘူး
၀ိရောဓိ ညရှုခင်းရဲ့ တန်ပြန်မေတ္တာ..
ရသင့်သူအားလုံး အပြည့်အ၀ ရကြပါစေသား...။


                            ရတုသစ်
           ( 30 /11 /2012 9 :58 PM )

---ကုမုဒြာကြာဖြူတွေပွင့်တဲ့ ဆေးပေါင်းခညကို
    အကျည်းတန်စေသူများသို့...ရည်ညွှန်းပါသည်..။



2 comments:

Unknown said...

ပုံမပြလည်း သိနေတာကို ပုံလေးပါတွဲထားလိုက်တော့ ငိုချင်လျက်လက်တို့ ဖြစ်တွးတယ်း(

မိုးနတ်ကြယ်စင် said...


ဟင့်...လာပြီးခံစားသွားပါတယ်....ပုံနဲ့ဆိုတော့
ပိုပြီးခံစားရတယ်.....

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks