Friday, November 2, 2012

နွေဦးသို့ပေးပို့ဖြစ်သော..ရင်နွမ်းရှိုက်သံ

နွေဦးရေ..
"လွမ်းနေပြီလား"လို့ ခဏခဏလာမမေးပါနဲ့
အဖြေမဲ့မဟုတ်တဲ့ ရင်ထဲကအလွမ်းတွေ
အလွမ်းပြေသွားမှာ စိုးတယ် ။

မိုးလင်းချိန်တစ်ပတ်လည်တိုင်း
အလွမ်းလှိုင်းတွေလာလာပုတ်မှတော့
အရုပ်မဟုတ်တဲ့ ရင်ကမ်းစပ်က တဖျပ်ဖျပ်လူး
ရူးချင်လောက်အောင်နွမ်းခဲ့ရတာ
မသိနိုင်ပါဘူးလေ ။

"လွမ်းတယ်"ဆိုတဲ့ေဝါဟာရနဲ့
"သတိရနေတယ်"ဆိုတဲ့ဝါကျလေးတွေက
အပျင်းပြေပြောပြဖို့သက်သက်မှမဟုတ်တာပဲကွယ်
ရင်ထဲကိုယ်စီငြိနေတဲ့ကဗျာနွယ်လေးတစ်မျှင်ကို
အမြဲတမ်းစိမ်းလန်းနေစေချင်တဲ့ကျွန်တော့်အတ္တက
လွမ်းပြ /သတိရပြရုံနဲ့မွတ်သိပ်မှုမပြေခဲ့ဘူး
လွမ်းတိုင်းတူးဖော်ကြည့်ရလွန်းတဲ့ရင်ဘတ်မှာ
အလွမ်းကဗျာရောင်ခြည်သင့်ခဲ့ရပေါ့ ။

ထေ့ငေါ့တဲ့စကားလုံးတွေနဲ့ကျွန်တော့်ကို..
အငိုမခိုင်းလိုက်ပါနဲ့..နွေဦးရေ..။
မျက်ရည်တစ်ပေါက်စိမ့်ထွက်ဖို့အားထုတ်မှုမှာ
သရုပ်ဆောင်တွေလိုမကျွမ်းကျင်တာ ကျွန်တော့်အားနည်းချက်ပေါ့
(ဒါပေမဲ့)စိမ့်ထွက်တဲ့မျက်ရည်တိုင်းလည်း နှလုံးသားမှာမြစ်ဖျားခံခဲ့
နွမ်းယဲ့ယဲ့ရင်ဘတ်တစ်ခုကမျက်ရည်ရဲ့စီးဆင်းမှုကို မတားနိုင်ခဲ့ဘူး ။

နွေဦးရေ...
ကမူးရှူးထိုးပွင့်ထွက်တတ်တဲ့အလွမ်းများနဲ့စည်းနှောင်ပြီး
နွေဦးကိုလွမ်းမပြပါရစေနဲ့
ကျွန်တော့်အလွမ်းတွေရနံ့ပြယ်သွားမှာကြောက်တယ်
နွေဦးကိုလွမ်းတဲ့အလွမ်းမျိုးကျွန်တော့်မှာ
ဘယ်အခါကမှမရှိခဲ့သေးကြောင်း..
ရွဲ့စောင်းစောင်းလက်ရေးနဲ့
နှစ်ကြောင်းရေး နှစ်ကြောင်းခြစ် စစ်ထုတ်ထားပေ့ါ ။

လွမ်းတိုင်းရင်မှာနွမ်းရင်း
နွမ်းလျက်ရှိုက်သံသဲ့သဲ့..လွမ်းခဲ့ပါတယ်
လွမ်းတယ်ပြောမှကျေနပ်တတ်မယ်ဆိုရင်
ရင်နွမ်းရှိုက်သံကိုနားဆင်တတ်ဖို့လိုမယ်လေ..
ကျွန်တော့်ရှိုက်သံတိုင်းဟာ ကဗျာတွေဖြစ်လာတတ်ပေမဲ့
ကျွန်တော့်ကဗျာတိုင်းမှာတော့ ရှိုက်သံမထွက်ပါဘူး
ရှိုက်သံမဲ့တိတ်တဆိတ် ငိုနေသူကိုတွေ့ဖူးလား ?
မရှိုက်ပဲ ဟစ်ငိုနေသံကိုရော ကြားဖူးလား ?
အဲဒီမွာ..အလွမ်းရဲ့အတိမ်အနက်တွေ ရှိတယ်
အဲဒီမွာ..အလွမ်းရဲ့အလင်းနှစ်တွေဖြတ်သန်းတယ်
အဲဒီမွာ..အလွမ်းရဲ့တာရိုးတွေကျိုးကျတယ် ။

နွေဦးရေ..
သတိရတိုင်းကဗျာရေးဖို့..ထပ်ကာထပ်ကာ
တိုက်တွန်းလာမှာကို စောင့်မနေနဲ့လေ
အချိန်နဲ့ဒီရေမှ လူကိုမစောင့်တာ မဟုတ်
ကဗျာကလည်း လူကိုမစောင့်ဘူး..နွေဦးရဲ့

တိမ်းမူးပျော်မောဖွယ်ဘ၀များ ရွိခဲ့မွာပါ
ခါးသီးစက်ဆုပ်ဖွယ်ဘ၀များလည်း ကျော်ဖြတ်ဘူးခဲ့
အမှတ်တမဲ့တွေ..စကားပြောလာရင်
ဖြေရှင်းဖို့ခက်တတ်တာ ဘာ့ကြောင့်လဲ ?
အလဲလဲအပြိုပြို အိုးနင်းခွက်နင်းဖြစ်လိုဖြစ်..
မေ့ပစ်လိုက်ပါလေ..
အမှတ်ရစရာမကောင်းတဲ့ အမှတ်တမဲ့တွေပေါ့ ။

ခဏခဏချော့လွန်းတဲ့ကလေး အငိုသန်ပေမယ့်
ခဏခဏဖွင့်ဟ ရလွန်းတဲ့အလွမ်းကမသန်မာဘူး
ကျွန်တော့်အလွမ်းတွေ..ချို့တဲ့အောင်
ကျွန်တော့်အလွမ်းတွေ..ပေါ့သွမ်းအောင်
ကျွန်တော့်အလွမ်းတွေ..ဖွဲဖြစ်အောင်
ဖျစ်ညှစ်ပြီး လွမ်းသလား မမေးပါနဲ့..
အလွမ်းမှာ သာ အတောင်ပံပါခဲ့ရင်.........။

နွေဦးရေ..
"မသေသောအလွမ်း"ကိုကိုက်ချီထားတဲ့
ကဗျာငှက်ကလေးတစ်ကောင်ရဲ့ရင်ဘတ်ထဲမှာ
အနန္တတံတိုင်းဆီထိလွှင့်တင်ထားမယ့် ရှိုက်သံက
မချိုမြနိုင်ခဲ့ဘူးပေါ့
ဒါပေမယ့်...
အဲဒီရှိုက်သံခါးခါးမှာပဲ.
ကျွန်တော့်အလွမ်းတရားတွေ ပျော်၀င်ပေါင်းစပ်ထားကြောင်း..
ရင်ဘတ်ဟောင်းလောင်းနဲ့ ခေါင်းလောင်းထိုးလိုက်ပါတယ်.။

                                             ရတုသစ်
                            (27 /10 /2012 --5:30 PM)


No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks