Monday, November 5, 2012

ပစ္စက္ခကိုသုံးဆယ့်နှစ်ဒီဂရီတိမ်းစောင်းကြည့်ခြင်း


ဒေါင်လိုက်ဖြစ်နေတဲ့၀င်ရိုးစွန်းပေါ် တစ်ပတ်ပြီးတစ်ပတ်
ငတ်နေတဲ့အသိတွေအတွက်အာဟာရဖြည့်ဖို့မလွယ်ဘူး ။

ထန်းရည်မူးမှကျွဲခိုးပေါ်တာမဟုတ်..အမှန်တရားတွေလူးလွန့်လာရင်လည်း....
မသိမမီလိုက်တဲ့အဖြစ်အပျက်တွေအတွက် ရင်အက်် ထိရွလာ
"ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်"ကိုအခါခါဖတ်ပြီးဒေါမနဿအဆိပ်တွေပျံ့လွင့်
မျှော်လင့်ခြင်းတွေထုပ်ပိုးသွားတဲ့မချိမဆ့ံယဇ်ကောင်တွေနဲ့
ဝံပုလွေဇာတ်၀င်ခဲ့ကြတဲ့အာဆန်ကုန်းပါးကွက်သားတွေအကြောင်း..
သမိုင်းမဟောင်းသေးပါဘူး..တစ်ပတ်ပြန်လည်
"ဝံပုလွေများထံမှလွတ်မြောက်ခြင်း" ရရှိသူတွေအကြောင်းတိမ်းစောင်းလိုက်
"နောက်ကြည့်မှန်"လေးထုတ်ထုတ်ကြည့်ရင်းတိမ်းစောင်းလိုက်
ဆန့်ကျင်ဖက်အသိတွေဆွဲဆွဲညှိရလွန်းတော့ဦးဏှောက်က နာတယ် ။

ရင်ဘတ်မပါတဲ့ခံစားမှုအတုတွေထုတ်လုပ်ဖို့
မိုးစုန်းစုန်းချုပ်နေတဲ့၀ိညာဉ်ကိုမနိုးထစေချင်ခဲ့
တည့်တည့်လျှောက်လို့မရတိုင်းကွေ့ကောက်သွားကြစတမ်းဆိုရင်
ဘယ်လိုမြင်ခွင့်ရနိုင်ပါတော့မလဲ?..အနု အလှ သစ္စာ တရားတွေ
နယ်မြေတွေက မကျဉ်းပါဘူး
အသိဉာဏ်တွေမကျယ်ပြန့်တာ
မာယာရဲ့အညှို့မှာ သစ္စာတွေ မေ့ဆေးမိနေတာ
အိုဇုန်းလွှာလိုဖြစ်လာတဲ့အသိလွှာတွေဖာထေးချုပ်စပ်ရင်း
တိမ်းစောင်းမိတယ်...
ဖတ်ရင်း/တွေးရင်းတိမ်းစောင်းမိရဲ့ ။

လုပ်အားခမရှိမှတော့ ၀င်ငွေဘယ်လောက်လဲ? မေးရင် အဖြေမရှိ
အသိတစ်ခုက်ိုအသိတစ်ခုနဲ့လိုက်မျှားရုံနဲ့မရချင်
အသက်ငင်နေတဲ့ ခေါက်ဥယျာဉ်လေးထဲကဆင်ဖြူတော်တွေ/ခြင်္သေ့တွေ
အပေးအယူအတွက် ခုန် ခုန်ထွက်သွားကြပေါ့
မျိုးတုံး ပျောက်ကွယ်ကြတော့မယ် ။

ဝါးအစည်းပြေသလိုဖြစ်နေတဲ့အသိတွေစုစည်းဖို့
မီးရဲရဲညှိထားတဲ့ရင်ဘတ်ကိုတစ်ဆင့်ချင်း ဖွင့် /ပိတ်
"ငှက်ဆိတ်ထားတဲ့သစ်စည်း"လေးကိုအာရုံကခေါင်းညိတ်ပြခဲ့
အဲဒီလို တိတ်တဆိတ်လည်း တိမ်းစောင်းမိ ၀င်ရိုးပေါ်မှာ ။

ကဗျာရဲ့သင်္ခါရနဲ့နိယာမက်ိုစူးစမ်းရင်း မိုးလင်း /မိုးချုပ်
ဆင်းငုပ်နေမိတာက "လီရနာ ၊ဂင်္ဂ ါ ၊ဧရာ၀တီ..."
ပီပြင်နက်ရှိုင်းလွန်းရဲ့
သိမ်မွေ့နူးညံ့လွန်းရဲ့
ခက်ခဲရှုပ်ထွေးလွန်းရဲ့
မွန်းချင်မွန်းစမ်း..အားတင်းလို့ရှာနေဆဲ
လောလောဆယ်တော့ ကမ္ဘာကြီးတစ်ခုလုံးကို
သူ့ထက်ပိုတဲ့ဒီဂရီနဲ့တိမ်းစောင်းကြည့်နိုင်ဖို့
အသိဗို့အားတွေဖြည့်ဆည်းရင်း
သစ္စာရဲ့အလင်းကိုချဉ်းနင်း၀င်ရောက်ကြည့်နေမိတယ်..
တစ်နေ့တစ်လံ..။

                                     ရတုသစ်
                      (6 /11 /2012--- 10: 17 AM)

(မှတ်ချက်) "....." လေးတွေထဲကစာသားများဟာ စာအုပ်အမည်များဖြစ်ပါကြောင်း ။

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks