Sunday, December 9, 2012

စောင့်စားမှုအခင်းအကျင်းမှာ ငေးမိခြင်း

                    ကျွန်တော်ငယ်ငယ်က မေမေ့နှုတ်ဖျားမှထွက််ကျလာမည့်ပုံပြင်တွေကိုနားဆင်ဖို့
အိပ်ချိန်ထက်နောက်ကျစွာစောင့်စားခဲ့ဖူးသည်။အပ်ကြောင်းထပ်နေသည့်ပုံပြင်ဓာတ်ပြားဟောင်း
ကြီးကိုမွတ်သိပ်စွာနားထောင်ခဲ့ရ၏။ရိုးမသွားခဲ့တာဆန်းကြယ်သည်။မေမေ့မေတ္တာကြောင့့်ထင်၏။
အခုချိန်ထိမေမေ့အိပ်ယာ၀င်ပုံပြင်တွေကိုပြန်ကြားယောင်နေမိခဲ့သည််။ဗာရာဏသီပြည်မှမင်းကျင့်
တရားနှင့်ပြည့်စုံသောဘုရင်ကြီးတစ်ပါးအကြောင်းကိုနှစ်သက်ခဲ့ဖူးသည်။''ပိုနေမြဲကျားနေမြဲ"ပုံပြင်
ကိုတော့ယခုလက်ရှိအချိန်တွင်ငယ်ငယ်ကလောက်မနှစ်ခြိုက်မိတော့ပါ။အရာရာမျက်လှည့်ဆန်
နေသောလောကကြီးမှာ''ပိုနေမြဲကျားနေမြဲ"လုပ်နေ၍မရတော့ဘူးထင်သည်။ထိုပုံပြင်၏အဓိက
သီအိုရီအားပြောင်းလဲပစ်မည့်အချိန်ကိုကျွန်တော့်ဘာသာစောင့်စားနေခဲ့မိ၏။လွယ်မည်ဟုတော့
မထင်ပါ။စကားပုံထဲထိအသုံးပြုရလောက်အောင်ထိုပုံပြင်၏ထိရောက်မှုကအားကောငး်လွန်းခဲ့သည်။
ထိုပုံပြင်၏မူလသဘောတရားကိုချေဖျက်ပစ်နိုင်မည့်အချိန်ကိုကျွန်တော်စောင့်ပါဦးမည်။
တစ်နေ့နေ့တွေ့ရမည််ဟူသောမျှော်လင့်ချက်ကားပြယ်လွင့်မသွားခဲ့ပါချေ။ထိုကဲ့သို့သောမျှော်
လင့်ချက်များဖြင့်ကျွန်တော့်င်ထဲမှာ စောင့်စားခြင်းအသီးသီးတွေနေရာယူပြည့်နှက်နေသည်ဟု
ထင်မိပါသည်..။
++++++++++++++++++++++++++++++++++++++

                   ထို့ပြင်ကျွန်တော်ကဗျာများကိုချစ်သည်။ကဗျာရေးသူများကိုလေးစားခဲ့ဖူးသည်။
ကဗျာကပေးသောရသမျိုးစုံဖြင့်ဘာမျှမရှိသောကျွန်တော့်ရင်ဘတ်ထဲမှာအရာရာပြည့်စုံနေတတ်သည်။
ပုဂံ၊အင်း၀ခေတ်အဆက်ဆက်မှစ၍ယနေ့ကဗျာအခင်းအကျင်းထိကျွန်တော့်စိတ်ကပျော်၀င်လွယ်သည်
ထင်မိ၏။ကဗျာကိုကဗျာဟုသတ်မှတ်ထားသောကျွန်တော့်အသိစိတ်မှာကဗျာ့အသံ၊ကဗျာ့ဟန်နှင့်ပတ်သက်
၍ငြင်းခုန်စရာမရှိ။ ငြင်းခုန်ရန်လည်းမသိ ။ ကဗျာ၏နယ်ပယ်ကိုအနှံ့လျှောက်သွားချင်မိခြင်းပဲသိသည်။
သွားလည်းသွားနေမိ၏။အဆုံးထိတော့ရောက်နိုင်မည်မထင်ပါ။ကဗျာ၏နယ်ပယ်သည်အလွန်ကျယ်၀န်း
လွန်းသည်။
                             သို့သော်..ကဗျာများကပေးသောအတွေးကွန်ယက်များကြား၀ယ်နှစ်ခြိုက်စွာမိန်းမောနေမိဆဲပင်ဖြစ်၏။
ကဗျာများကပေးသောအားကိုစားသုံးနေဆဲပင်ဖြစ်၏။ကဗျာများကေ၀ငှသောအလင်းကိုခိုလှုံနေဆဲပင်
ဖြစ်၏။
                                   ကဗျာတွေဖတ်ပြီးသောအခါကဗျာများထဲမှပုံရိပ်များကိုကျွန်တော်ကပြင်ပလောကထိသယ်ယူချင်မိသည်။
မရမှန်းသိလေပိုလိုချင်မိလေ ဖြစ်တတ်သောလူ့သဘာ၀ကိုကျွန်တော်မလွန်မြောက်နိုင်သေးပါ။ထို့ကြောင့်
လိုချင်မှုများစွာဖြစ်တည်လာတိုင်းသက်ပြင်းမောတွေပဲမိုင်တိုင်ရှည်ကုန်သည်ထင်၏။သက်ပြင်းချရတိုငး်
သာအသက်တိုရမည်ဟုဆိုလျှင်ကျွန်တော်အသက်ရှည်မည်မဟုတ်ဟုကိုယ်တိုင်တွေးမိရသည်အထိပင် ။
                                   ဆရာဗန်းမော်ညိုနွဲ့၏ကဗျာလေးထဲမှလရောင်ဆမ်းသောရွာလေးကို
ကျွန်တော်ပိုင်ဆိုင်ချင်မိသည်။ထိုရွာလေးထဲမှာဆိတ်ဖလူးနံ့လေးတွေပျံ့သင်းနေသည်။၀င်းဝါနေသော
ရွာလမ်းတစ်လျှောက်ည၏အလှကိုခံစားချင်မိ၏။
                                       လက်ရှိကြုံဆုံနေရသောညများထဲမှာ၀င်းဝါနေသောမြေသားလမ်းကလေးမရှိပါ။ ဆိတ်ဖလူးနံ့လည်း
သင်းမနေပါ။မည်းနက်နေသောကျောရိုးကြီးများပေါ်မှာကာဘွန်ဒိုင်အောက်ဆိုဒ်တွေပဲပျံ့လွင့်နေသည်။
၀ုန််းဒိုင်းကြဲနေသောပတ်၀န်းကျင်နှင့်တစ်၀ီ၀ီပြေးနေသောယာဉ်တွေကိုသာစိတ်ပျက်စွာငေးမောနေမိ၏။
ကဗျာထဲကရွာလေးဆီသို့ဘယ်နေ့ဘယ်ရက်များမှရောက်ပါလိမ့်မည်နည်းဟုစိတ္တဇဆန်စွာစောင့်စားနေမိ
ပါသည်။
                                    ကျောက်ခေတ်မှစ၍ယနေ့ထိတရိပ်ရိပ်ပြေးတက်လာသောခေတ်ကြီးက ကျွန်တော့်စောင့်စားခြင်းကိုစောင့်နေမည်မဟုတ်မှန်းလည်းသိနေပါ၏။ခေတ်ကခေတ်အတိုင်းသွား၍
ကျွန်တော်ကစောင့်စားမြဲစောင့်စားနေမိဦးမည််ထင်ပါသည်။
++++++++++++++++++++++++++++++++++++++++++
                       အင်တာနက်ခေတ်၊ဒုံးပျံခေတ်၊အိုင်တီ/အိုင်စီတီခေတ်ဟုယနေ့ကမ်ဘာကိုရှုမြင်ထားကြ၏။
နည်းပညာတိုးတက်မှုများကကြောက်ခမန်းလိလိတိုးတက်လာကြသည်။အသစ်အသစ်တွေအစားထိုး၀င်
ရောက်လာကြသည်။အဟောင်းတွေကိုလူတွေမခင်တွယ်ချင်တော့လောက်အောင်အသစ်တွေ၏ညှို့ငင်
အားကပြင်းလွန်းသည်။အသစ်တွေကိုကျွန်တော်ကြိုဆိုမိပါ၏။သို့သော်....အတိုင်းအတာတစ်ခုထိတော့
ရှိပါသည်..။
                      ခေတ်၏အသစ်နယ်ပယ်အရွှေ့မှာကျွန်တော့်မွေးရပ်မြေလည်းရွေ့ခဲ့ရ၏။ကွပ်ပျစ်စကား
၀ိုင်းလေးတွေဖွဲ့ပြီးသာရေး/နာရေးပြောလေ့ရှိကြသောကျွန်တော့်မွေးရပ်မြေမှာကွပ်ပျစ်စကား၀ိုင်းတွေမရှိ
တော့။တီဗီဖန်သားပြင််နှင့်နိုင်ငံရပ်ခြားဇာတ်လမ်းတွဲများကကျွန်တော်ကျင်လည်ပျော်မောခဲ့သောစကား
၀ိုင်းတွေကိုရိတ်သိမ်းသွားခဲ့သည်။ခိုး၀ှက်သွားခဲ့သည်။လသာသာနှင့်၀ိုင်းကြီးပတ်ပတ်ကစားကြသော
ကလေးငယ်တို့၏ရိုးရာကစား၀ိုင်းကိုပွဲသိမ်းခရာသံမှုတ်သွားခဲ့သည်။တိုးတက််သည်လား/ဆုတ််ယုတ်သည်
လားတော့ကျွန်တော်မေ၀ခွဲလိုပါ။ ယောင်္ကျားလေး၊မိန်းကလေးများ၏ဦးခေါင်းမှာဆံပင်ရောင်စစ်စစ်တွေ
ပျောက်ကုန်သည်။အ၀တ်အစားတွေတို/ပါးလာကြသည်။မဟားဒရားလိုက်၍ခေတ်မီချင်သောမိန်းကလေး
တစ်ချို့၏မျက်နှာပြင်မှာသနပ်ခါးတွေမရှိကြတော့။အိမ်မှာပင်ကျောက်ပျဉ်ရှိဟန်မတူတော့ပါ။ ထိုအချိန်မျိုးမှာဆရာမကြီးအမေလူထုဒေါ်အမာ၏မေမေ့ရှေးစကားစာအုပ်များကိုပြန်သတိရသည်။
ထိုစာအုပ်များထဲမှမေမေပြောသောမိန်းကလေးမျိုးကိုပြင်ပလမ်းမတွေထိကျွန်တော်ကဆွဲထုတ်ကြည့်ချင်
နေမိ၏။ခေတ်အပြောင်းနှင့်အတူယဉ်ကျေးမှုပါလိုက်ပြောင်းသင့်/မသင့်ကျွန်တော်မချင့်မရဲတွေးနေမိသည်။
ယဉ်ကျေးမှုပြန်လည်ဦးမော့လာမည့်နေ့ကိုရင်ဘတ်ဖိ၍စောင့်စားနေမိပြန်ပါသည်။ယဉ်ကျေးမှုပပျောက်
လျှင်ဘာတွေဆက်ဖြစ်နိုိင်မည်ဆိုတဲ့အထိကျွန်တော်မတွေးရဲသေးပါ။
+++++++++++++++++++++++++++++++++++++++++

                                    အခုတလောသတင်းစာ/ဂျာနယ်တွေ့သမျှဖတ်ဖြစ်နေသည်။
ဒီရက်ပိုင်းတွေအတွင်းထွက်လာသောသတင်းများကလိုချင်သောအဖြေကိုမပေးသေးပါ။ထိုအခါစောင့်
စားခြင်းဆိုသည်ကအလိုလိုဖြစ်ပေါ်လာ၏။ပရိယာယ်များလှသောလှည့်ကွက်များထဲမှာမီဒီယာတွေပါ/မပါ သိချင်လာမိသည်။အခင်းအကျင်းစုံသောရောင်စုံသတင်းများကြားမှတစ်ခုသောလပြည့်ည၏အဖြေကို
တိတိကျကျသိချင်နေမိ၏။သို့သော်...ဤအဖြေမှန်ကဘီလူးစောင့်သောရေကန်အတွင်းဆင်းသွားသော
သားသမင်တွေလိုဖြစ်နေသည်ထင်မ်ိ၏။ခြေရာသာကျန်ရစ်ပြီးအကောင်အထည်ပျောက်သွားသလို
ခံစားနေရသည်။တရားကိုနတ်စောင့်သည်ဟုဆိုလျှင်ထိုနတ်မင်းတို့အိပ်ယာမှထချိန်တန်ပြီထင်ပါသည်။
                           ကမ်ဘာကြီးပူနွေးလာနေသော်လည်းသိကြားမင်း၏ပဏ္႑ုကမ္ပလာကျောက်ဖြာမ
မပူသေး။မတင်းသေးပါ။အေးနေဆဲ။ပျော့နေဆဲပင်ဖြစ်မည်။ထိုအချိန်ကိုကျွန်တော်တို့ဘယ်အတိုငး်အတာ
ထိစောင့်ရမည်မသိသေးပါ။စလေဦးပုည၏တေးထပ်တစ်ပုဒ်ထဲကလိုပင်၀ရဇိန်လက်နက်ပြင်ဆင်နေရော့
သလား ...ဟုပင်တွေးမိတွေးရာတွေးနေမိပါ၏။
                                    ထို့ပြင်ဆက်သွယ်ရေးကွန်ယက်နှင့်ပတ်သက်၍ကျွန်တော်စောင့်စားနေမိတာ
ရှိသေးသည်။ထစ်ကနဲဆိုစိတ်တိုလွယ်တတ်သောကျွန်တော်သည်လောကကြီး၏သင်ပြပေးမှုနှင့်လောက
ကြီး၏ပရိယာယ်အဖုံဖုံကြားမှာစောင့်စားခြင်းများစွာရင်၀ယ်ပိုက်နေမိသည်။ရင်ဘတ်နှင့်မဆန့်အောင်
ပင်ဖြစ်နေသည်ထင်မိ၏။အကောင်အထည်နှင့်ချပြ၍မရသောကြောင့်ဘာမျှမတတ်နိုင်။
စောင့်စားလက်စနှင့်စိတ်ရှည်ရှည်ထား၍စောင့်စားရုံအပြင်ဘာမျှမရှိပါ။
                                    အချိန်နှင့်တစ်ပြေးညီတိုးတက်နေသောယနေ့ကမ်ဘာမှာအခြားကမ်ဘာအခြမ်းမှ
ကလေးငယ်တွေပင်ဖုန်း၊အင်တာနက်သုံးနေချိန်တွင်ကျွန်တော်တို့ဖက်ခြမ်းမှာပွင့်လင်းမြင်သာမှုတွေ
အားမကောင်းသေးပါ။လိပ်ပြေးသလိုနှေးနေသေးသည်ထင်မိ၏။တရွေ့ရွေ့နှင့်မို့ပန်းတိုင်ပျောက်သွားမှာ
ကိုပင်စိုးရိမ်နေမိသေးသည်အထိပင် ။
                                    ပွင့်လင်းခြင်းဆိုသည်မှာလည်းရိုးရာယဉ်ကျေးမှုကိုချကျေွးရမည့်ပွင့်
လင်းခြင်းမျိုးကိုမဆိုလိုပါ။အိုးနှင့်ဆန်တန်ရုံခပ် သုံးဖို့အသုံးပြုသူဖက်မှာတာ၀န်ရှိသည်ထင်မိ၏။
                                    အခုလောလောဆယ်မှာဆက်သွယ်မှုပိုင်းကအားနည်းနေသေးသည်
ထင်သည်။လုံလောက်သောဆက်သွယ်မှုကိရိယာမျုးိလူတန်းစားမျိုးစုံ၊အလွှာစုံလက်ထဲရောက်ရှိနိုင်မှု
အားမကောင်းသေးပါ။မီဒီယာများမှချပြသောထင်ကြေးများဖြင့်အာသာဖြေနေကြရသည်။ငွေကြေးသိန်း
ဂဏန်းများစွာမှသည် တစ်ရစ်ချင်းကျလာသောအကျများကလိုအပ်သောအကျထိမရောက်သေးပေ။
သိန်းဆယ်ဂဏန်းကျော်မှခြောက်သိန်း ၊ငါးသိန်းအထိကျခဲ့ပြိီးပြီ။အားရဖွယ်မရှိသေးပါ။နှစ်သ်ိန်းခွဲ ၊တစ်သိန်းခွဲထိကျလာသည်။အပြည့်အ၀အားမရသေးပါ။တန်ရာတန်ကြေးထက်ပိုပေး၍အသုံးပြုနေ
ရသောထိုဆက်သွယ်မှုပစ္စည်းလေးကိုကျွန်တော်စိတ်မနာနိုင်ခဲ့။လူတိုငး်ရှိသင့်သည်ထင်ရသော
ထိုပစ္စည်းလေးကိုကျွန်တော်လည်းစောင့်စားနေမိသည်။ကျွန်တော့်လိုစောင့်စားနေသူုတွေတော်တော်
များများရှိလိမ့်မည်ထင်၏ ။
                                    လောကကြီး၏သင်ခန်းစာများထဲမှာသည်းခံတတ်ဖို့တွေပါ၀င်သည်။
 စောင့်နိုင်လျှင်အကျိုးရှိဟုရှေးဆိုရိုးပင်ရှိပါ၏။အကျိုးရှိမည့်အရာတွေအတွက်စောင့်စားရခြင်းကား
မပြောပလောက်ပါ။အကျိုးမရှိပဲစောင့်စားနေရမည့်အဖြစ်မျိုးတော့မလိုချင်မှန်းလူတိုင်းတစ်ထပ်တည်း
ကျသဘောတူမည်ထင်သည်။
                                    သည်းခံခြင်းဆိုရာ၀ယ်စောင့်စားခြင်းလည်းပါ၀င်မည်ထင်သည်။
အကျိုးရှိသောစောင့်စားခြင်းမျိုးတော့ဖြစ်ဖို့လိုပါ၏။မရေရာတတ်သောလူ့ဘ၀အချိန်တိုအတွင်းမှာ
ရေရာသောစောင့်စားမှုရလဒ်လေးတွေတော့လိုချင်နေမိတာအမှန်ပင်။မွေးဖွားသည်မှစ၍သေဆုံးချိန်
ထိစောင့်စားရခြင်းက ကုန်နိုင်မည်မထင်။ တစ်မျုးိပြိီးတစ်မျိုးတစ်ခုပြီးတစ်ခုရှိ ၊ရှိလာနေဦးမည်ပင်
ဖြစ်သည်။စောင့်စားလက်စနှင့်ဆက်လက်စောင့်စားရပေဦးမည်။
                                    နိုင်ငံရေး၊ဘာသာရေး၊စီးပွားရေး၊ပညာရေး၊လူမှုရေး..
အရေးများစွာစောင့်စားရန်လိုနေသေး၏။စောင့်နိုင်သူကစောင့်သလောက်အကျိုးရှိမည့်အရေးတွေ
 ဖြစ်စေချင်မိသည်။


                                   စောင့်စားခြင်းနှင့်ပတ်သက်၍ကျွန်တော်နားထောင်ဖြစ်သောသီချင်း
တစ်ပုဒ်ရှိသည်။နားထောင်ဖြစ်စကတည်းကအဖြစ်သနစ်တွေတိုက်ဆိုင်လွန်း၍နှစ်ခြိုက်ခဲ့သည်။ယခုထိ
ကြိုက်မိနေဆဲပင်ဖြစ်၏။တေးသံရှင်မောင်မောင်ဇော်လတ်၏ရပ်စောင့်ဆိုသောသီချင်းဖြစ်သည်။
ထိုသီချင်းထဲကအတိုင်းကျွန်တော်ရပ်စောင့်ခဲ့ဖူးသည်။အိပ်ရင်းလည်းစောင့်စားခဲ့မိ၏။အတွေးတွေထဲမှာ
ပင်စောင့်စားခြင်းကိုသရုပ်ခွဲနေမိသေးသည်။ထိုသီချင်းကိုအတွေးဖြန့်ကျက်ပြီးအခင်းအကျင်းမျုးိစုံ၊
နယ်ပယ်စုံအထိကျွန်တော်စောင့်စားနေမိပါတော့သည်။
                                 တစ်ခုတော့ရှိသည်။ပိုနေမြဲကျားနေမြဲသီအိုရီကိုတော့အတိုင်းအတာ
တစ်ခုထိပြောင်းလဲရမည်ထင်ပါ၏.။စောင့်စားခြငး်၏အကျိုးရလဒ်ကိုသမိုငး်က
အဖြေပေးနိုင်လိမ့်မည်ထင်ပါသည်။
 ****************************************************
                                      ရတုသစ်
                           ( 9 - 12 -2012 10 40 PM )

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks