ဖုံးထားတဲ့ ရင်ဘတ်ကိုဖွင့်လိုက်တော့
သော့ ပျောက်သွားတဲ့ တံခါးတစ်ချပ်ကိုထပ်တွေ့ရ
လွလွပပ ကျန်ရစ်မယ့် အမာရွတ်ကိုထုပ်ထားဆဲ
ဒီ တစ်နွေထဲ ပိတောက်တွေ ငိုဦးမယ် ။
အလိုလိုကြွေပါတယ်ဆိုမှ
ဒီနွေက အရှိန်ပြင်းပြင်း ၀င်လာခဲ့
တည်နေလို့မရတော့တဲ့အခါ
ကြွေချလိုက်ပစ်လိုက်ရတာ အကောင်းဆုံးပဲ
ဒီ အသည်းရဲ့ နောက်ဆုံး စက္ကန့်မှာ
တစ်ချက်လောက် ရပ်တန့် ကြည့်ပေးပါ..မမဝေ ။
နွေ နေ ဆိုမှတော့ ပူပြီးသားပဲ
ဒီကြားထဲ ကျွန်တော်က မီးမွှေးမိသူလား
စကားပြောမတတ်တိုင်း ကျွန်တော့်ကို မဆူပါနဲ့
လူကြားသူကြား လူပေါင်းရှားလာတော့
ကျွန်တော့်စကား ခါးချင်ခါးမယ်
မှားချင်စရာများတဲ့လောကကြီးထဲ
ဘယ်သူ့လက်တွဲပြီး ကျွန်တော်ချိုပြရမလဲ
ဒီအဆိုတင်သွင်းဖို့နောက်တွန့်နေခဲ့တာ
ဟော..ဟိုမှာ..ပိတောက်တွေခြေချလာခဲ့ပြီ ။
အရာရာ အကောင်းအတိုင်းမြင်တတ်ဖို့
ကျွန်တော့်မျက်၀န်းတွေ ချို့တဲ့ပါတယ်
လွယ်လွယ်ကူကူ ပျော့ညံ့ပြတတ်ဖို့
ကျွန်တော့် ခေါင်းက သံချပ်ကို ခွါပေးပါ
ကျိန်စာစူးခဲ့တဲ့ နှလုံးသွေးအိုင်မှာ
ထောက်တိုင်ပျောက်သွားမယ့်လူတစ်ယောက်အဖြစ်
ကျွန်တော်တစ်ယောက်တည်း နစ်နေရစ်ပါရစေ ။။။
ရတုသစ်
( 12/3/2013 ။ 2-45 )
2 comments:
နစ်ပြီးရင်းနစ်ရင်းနဲ့ ကျိန်စာနှလုံသွေးအိုင်ထဲက ရုန်းထွက်နိုင်ပါတော့မလား အစ်ကိုရေ ... :)
ကိုရတုရေ...ကဗျာလေးလာဖတ်ရင်း.ရင်ထဲမှာစူးရှသွားတယ်.စိတ်လဲမကောင်းပါဘူး...
*ကျိန်စာနှလုံသွေးအိုင်ထဲမှအမြန်ဆုံးပြေးထွက်
နိုင်ပါစေနော့*
Post a Comment