မန်းမြို့ရွှေပြည် ။ ။ရောင်နေခြည်ဖြင့်၊ ရွှင်ကြည်ချမ်းမြ ၊မြို့ရိုးလှတည့်၊ရွှန်းပစိမ်းဝေ၊
မန်းတောင်ခြေနှင့် ၊ ရစ်ခွေသာမော ၊ကျုံးတော်ကြော၀ယ်၊လွင့်မျော၀ိညာဉ် ၊ခိုနားချင်ခဲ့၊
သို့ပင်စိတ်ကူး၊ ရွယ်ရည်စူးလည်း ၊ ထူးထူးပြားပြား၊ ရောင်စုံခြားလျက်၊ရှက်အားပျောက်ကွယ်၊
မန်းမျိုးနွယ်တို့၊လမ်းသွယ်လမ်းမ၊မြင်ပြန်ရသော်၊ မြန်မာ့ရှေးဟောင်း၊မန်းမြို့ကောင်းသည်၊
ခေတ်ထောင်းသည့်ဒဏ်၊ကြံ့မခံဘဲ ၊လွင့်ပျံပျက်သုဉ်း ၊ စိတ်ဓာတ်နုံးသည်၊
ဆုံးရှုံး ရွှေခြေကျင်းများပါတကား ။ ။
နွမ်းဖို့ပွေလီ ။ ။ သီကရီနှင့်၊နန်းဆီနန်းသွေး ၊ပြောင်အောင်ဆေး၍ ၊ခေတ်ဆွေးခေတ်ကျန်၊
စိတ်မှာကြံလျက်၊ရွှေမြန်မာမျိုး၊ရိုးရာကျိုးကို ၊မြတ်နို်းမရှိ၊ ခေတ်လွန်ဘိသော်၊ ကျွမ်းရိပုပ်ဆွေး ၊
"ခေတ်ဟောင်းတေး"ဟု ၊ယဉ်ကျေးမှုကို ၊မဆယ်လိုဘဲ ၊ခေတ်လိုခေတ်ကြိုက်၊ခေတ်ပျက်လိုက်ကာ၊
လည်ဟိုက်ပေါင်တို၊ဆံ နီ ညို ဖြင့်၊ရင်ဖိုသွေးဆူ၊ ခိုက်အောင်မြှူလျက် ၊ကလူဖမ်းစား၊
ပူပုံပွား၍ ၊ဘိုးဘွားတို့ထုံး ၊ပျက်ပျက်ပြုန်းသည်၊
တုန်းရုန်းပွေ ကြွေဆင်းသွားပါတကား ။ ။
ပန်းတို့ကြွေပြီ။ ။ ခေတ်ခြွေသည်တည့်၊မန်းပြည်ဌာန၊ ရိုးရာလှကို၊ရှုကြချင်လျှင်၊
ရာဇ၀င်နှင့်၊သဘင်,ပြဇာတ် ၊ရှေးစာဖတ်မှ၊ တပ်အပ်မုချ၊ ပြန်တွေ့ရလိ်မ့်၊ သမရောမွှေ၊
ခုခေတ်ခြေကား၊ရှုလေမြင်လေ၊ရင်ကျိုးကြေအံ့ ၊ မန်းမြေလှဓာတ်၊ ရှာဖွေလတ်သော်၊
မြို့ပတ်ချိန်သာ၊ကုန်ဆုံးပါလျက်၊ မြန်မာရွှေမန်း၊ ပျောက်ပုံဆန်း၏ ၊ရွှေနန်းမြို့ရိုး ၊
ကျုံးဘောင်ကိုးနှင့်၊တောင်ခိုးလွင့်ဖုံး ၊မန်းတောင်ကုန်းသည်၊
တုံးလုံး ခွေနေခြင်းများပါတကား ။ ။
ရတုသစ်
၁၃၇၅ ခုနှစ်
နယုန်လဆန်း(၁၀)ရက်၊အင်္ဂါနေ့
ည ၉နာရိီ၊ ၁၀ မိနစ် ။
No comments:
Post a Comment