ကျွန်တော့် အလင်းမလေး...သို့
အလင်းဝင်ပါစေဆိုပြီး ဖွင့်လိုက်တာ မဟုတ်ဘူး
အလင်းကို မော်ဖူးဖို့ပဲ စိတ်ကူးရှိခဲ့
ကျွန်တော့်ရူးသွပ်ခြင်းပြတင်းပေါက်ကလေး
အခုဆို
အလင်းရဲ့အငွေ့အသက်ကို လိုက်ငေးလို့ ။
လက်ချင်းချိတ်ပြေးမရတဲ့လမ်းကျဉ်းထဲ
ကျွန်တော်ပဲ နောက်ချန်နေခဲ့မယ် ။
ပုံပြင်တွေထဲကလို
သက်မဲ့တွေ စကားဆိုတတ်ရင် ကျွန်တော်သေပြီပဲ
ဟောင်းနွမ်းစ ဒိုင်ယာရီလေးရယ်
ခေါင်းအုံးနံ့လူးနေတဲ့ပို့စ်ကတ်လေးရယ်
အလင်းမလေးဆီ ပါသွားတဲ့ လက်ဗွေရာလေးတွေရယ်
ကျွန်တော်နဲ့အလင်းမလေးရဲ့ဇာတ်လမ်း
သူတို့မှတ်တမ်းတင်ထားခဲ့ကြ ။
အမှတ်တရ စုံစီနဖာထဲ
ကျွန်တော်အသည်းကွဲနေတဲ့အကြောင်း
ဘယ်လမ်းကြောင်းကမှ သူ့ဆီအရောက်မခံတော့ဘူး ။
အလင်းမလေးရေ...
ကျွန်တော့်ပြတင်းပေါက်လေး ဘယ်လိုပြန်ပိတ်ရပါ့
သက်ပြင်းတစ်ချက်ဖြုတ်ချတိုင်း
ယမမင်းကြီးပြုံးနေပါလိမ့်မယ် ။ ။
ရတုသစ်
No comments:
Post a Comment