Monday, November 3, 2025

အသက်ငင်နေတဲ့လိပ်ပြာ

အသက်ငင်နေတဲ့လိပ်ပြာ
________________________

တွေးသမျှတွေကလည်း
ထွေးမရတဲ့ အဆိပ်လိုဖြစ်
ငေးသမျှတွေက
ပြေးမရတဲ့ ဝဲလိုနစ်ခဲ့

မြင်မိလေသမျှ
ရင်မချိစရာ ပုံရိပ်တွေ တဖွဲဖွဲ
အသည်းနဲ့ ဆွဲယူကြည့်တော့
အလွဲပေါ် အလွဲတွေ တစ်ဆင့်ပြီး တစ်ဆင့်

ငံ့လင့်ဖူးသော မျက်ဝန်းတစ်ညို့ကိုလည်း
ခပ်ယို့ယို့လေး ဥပေက္ခာပြုခဲ့ရ
ကမ်းလင့်လာသော လက်တစ်ကမ်းကိုလည်း
မစွဲလမ်းခြင်းနဲ့ ဖယ်ထုတ်ခဲ့ရ
ဒုက္ခရဲ့အခြားနာမည်ဝှက်တစ်ခုမှာ
လိပ်ပြာဟာ လိပ်ပြာလွင့်ခဲ့ပြီ

နှင်းကလေးရေ...
​အတင်းပြေးလိုက်ခဲ့ပေမဲ့
မမီတော့တဲ့ခြေလှမ်းလေးကို မေ့ပါ
အသံနင်အောင် ခေါ်ခဲ့ပေမဲ့
မကြားမိတဲ့ နားရွက်ကလေးကို ထေ့ပါ

ရာဇဝင်အထပ်ထပ်ကို ပြန်လှန်ကြည့်လည်း
အသည်းကွဲသမားတွေရဲ့သမိုင်းက
ဂုဏ်ပြုခံရတာ နည်းလွန်းပါတယ်
မင်းမသိလေသော လျှို့ဝှက်သက်ပြင်းလေးကို
နောက်ဆုံးထွက်သက်လေးလို ယုယထားရတာ
တကယ် မလွယ်ပါဘူး
အချိန်မရွေး လွင့်ထွက်သွားနိုင်တဲ့ အသံကလေးနဲ့
တုန်ခါနေရတဲ့ဘဝကိုလည်း ငြီးငွေ့ပါပြီ

တမလွန်သူလေးရေ...
အလည်လွန်နေရခြင်းမှာ
အလွန်လည်နေရတာ ပျော်ပါရဲ့လား
ပြေးလိုက်မှ မီမယ်ဆိုလည်း
မီရာခြေလှမ်းနဲ့ မိုင်ကုန်မောင်းထွက်ခဲ့ပါ့မယ်
ရှင်သန်ရတာ မောလွန်းပါပြီကွယ်။

#ရတုသစ်
04112022
5:20PM

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks