စိတ္တဇစင်တာ
__________________
ဖြတ်/သန်းခြင်း ဘဝလက္ခဏာ
အတိုအပြတ် ဖြတ်သားများ
တို့ထိကြည့်မိရုံ
နေသားကျမလားဆိုတဲ့ စိတ်နဲ့ ပြန်လှည့်
တချို့အနှစ်အသားဟာ မရိုးရှင်းတော့
တစ်ချိန်ချိန်မှာ/ တစ်နေရာရာမှာ
တစ်စုံတစ်ရာကို ငေးမော
ဒီနွေဦးဟာလည်း မလင်းသေးဘူး
မီးငြှိမ်းနည်း သရုပ်ပြပွဲတွေက
ကွက်ကျားမိုးလို
လှိုင်းငြိမ့်ငြိမ့်လေးပေါ်မှာ တငြိမ့်ငြိမ့်
ငြိမ့်ငြိမ့်ညောင်းညောင်း စီးခဲ့ရတဲ့ မြစ်တွေ
ရေကြည်ရာ နုခွင့်မသာတဲ့ မြက်တွေ
မျက်စိဆံပင်မွေးစူးစရာ
ဘုရားစူး လောကဓံပါပဲ
ဘုရားစူး အဖြစ်အပျက်ပါပဲ
ဖြစ်ခြင်း/ပျက်ခြင်းများ တဖျတ်ဖျတ်
ဖျတ်ခနဲ မြင်တွေ့နေရမှုများ
ကျုပ်တို့ခမျာ အားတောင့်အားနာ
ကြားနာခံရမှုနဲ့ နာခံရမှုကြားက မျဥ်းတွေ
စိတ်ကို ဖြီးဖြန်းကြည့်တော့လည်း အဆိပ်တွေ တလွင့်လွင့်
ဒီကမ္ဘာဟာ - ဆွမ်းမခံဘဲ ငှက်သင့်ခဲ့
ဝေး/ခြားပြီ တခမ်းတနား သင်ခဲ့ရ၊ မကြုံ/ဆုံရလေသော
ချစ်သော တဒင်္ဂ လွမ်းရပြန်ပြီ
ဒီတွေ့ဆုံမှုဟာ တန်ပါတယ်
စိတ်ထားတတ်ဖို့ လိုအပ်ပေမဲ့
ရောင့်ရဲခြင်းအနားသတ်မျဥ်းမှာပဲ စိတ်ကို ကျောက်ချ
ဟူး...ဘဝတွေ ဘဝတွေ ဘဝတွေ
ဖြစ်ခဲ့ ပျက်ခဲ့ လျော်ခဲ့ စားခဲ့ရ
ဘယ်အချိန် မိုးလင်းမှာလဲဲ မျှော်ခဲ့ရ
မမက်ခဲ့တဲ့ အိပ်မက်တွေ မက်ပါစေလို့
ဆုတောင်းခဲ့ရ ညတွေ...
ပြည့်လေမလား/ မှားလေမလား ဆုတောင်းစကားများစွာ
ကိုယ်ပိုင်အတ္တ,ကိုယ်ပိုင်ဆန္ဒနဲ့ ဘဝတွေ
စိတ်စေရာ
ဝေဒနာ / ကဗျာ / သံသရာ
လည်ခဲ့ ပတ်ခဲ့ ဖြတ်သန်းခဲ့ရ မှုန်ဝါးမှုများ
အနားသတ်မျဥ်းထဲ မုန်တိုင်းကို ခေါ်
မုန်တိုင်းထဲ နွေဦးကို ခေါ်/ အော်သံများ
ကဗျာပေးပါ - ချစ်ခင်မှုများ
တလွင့်လွင့်ဆက်နွှယ်နေခဲ့သော အကြောင်းတရား။
🔳
ဆူးရင့်၊ လင်းနေ၊ မောင်ခန့်မြေ(ထီလာ)၊
ချစ်လွမ်းဝေ(ရွှေမျှောင်)၊ ရတုသစ်
(19112025/ 4:18 PM)

No comments:
Post a Comment