ဟိုတုန်းက ဗုဒ္ဓဟူး
____________________
ဆုံမှတ်မှာ ပြန်ကျလာလိမ့်နိုး လိပ်စာ
အိပ်မက်ယောင်သူ လမ်းဆုံးထဲက ချောက်ကမ်းပါး
နက်သထက် နက်လာတဲ့ ခံစားမှုရေသောက်မြစ်တွေ
တွေဝေစဥ်းစားလိုက်တိုင်း တစ်ဖြတ် နှစ်ဖြတ်
သုံးလေးဖြတ် လမ်းများ တစ်လမ်းဝင် တစ်လမ်းထွက်
ဖြတ်လမ်းက ကျော်တက်ဖို့ လိပ်ပြာကို ကွေ့ချလိုက်တော့
အူယားဖားယား ပြေးထွက်လာတဲ့ ကျောက်ဆောင်
ဆောင်ထားသမျှ ဂါထာမန္တရားတွေလည်း ကုန်ပြီ
တတ်သမျှ မှတ်သမျှ အော်ကြည့်တော့လည်း
အသံထဲမှာ အသံအစစ်က ပီပီသသ မမြည်
မြည်တမ်းငိုကြွေးလိုက်ဖို့ စိတ်လျှော့လိုက်မှ
သက်ပြင်းရဲ့ အဓိပ္ပါယ်ကို အောင်မှတ်ရခဲ့တယ်
စိတ်က, စားလိုက်တဲ့ အစာနဲ့ စိတ်ကစားလိုက်တဲ့ အဆာ
ဘယ်ဟာက ပိုပြီး နင်သလဲ နင်းကြည့်ဖူးသလား
လားလားမျှ မဆိုင်တာတွေ လာမပြောပါနဲ့ ဟေ့လူ
ခင်ဗျား အိတ်ကပ်ထဲက မာယာချိုပြင်းတွေအကြောင်း...
ထားပါ
ဟိုတုန်းက တနင်္ဂနွေ တနင်္လါ အင်္ဂါတွေ
ရေရာမှု မရှိတဲ့ လမ်းထဲ ခဏခဏ ကျွံကျဖူးလို့
ဒီလမ်းတွေရဲ့ တွင်းဆုံးကျမှုကို ဘယ်ဖော်မြူလာနဲ့
ကယ်ထုတ်ရမှန်း မသိသေးတဲ့ ညနက်အပုပ်အသိုးတွေ
တွေဝေစဥ်းစားလိုက်တိုင်း တစ်ဖြတ် နှစ်ဖြတ်
သုံးလေးဖြတ် လမ်းများ တစ်လမ်းဝင် တစ်လမ်းထွက်သံစဥ်နဲ့
မြည်တမ်းငိုကြွေးလိုက်ဖို့ စိတ်လျှော့လိုက်မှ
သက်ပြင်းရဲ့ အဓိပ္ပါယ်ကို အောင်မှတ်ရခဲ့တယ်။
#ရတုသစ်
01012026
8:08PM