Sunday, August 26, 2012

အိမ်ဝေးလူရဲ့..ဖြောင့်ချက်


* လောကရဲ့မာယာရောင်စုံတွေကြားမှာ
   ပြေးလွှားရုန်းကန်ရင်း
   အချစ်ပြတင်းတံခါးလေး ဖွင့်ကြည့်မှ
   ခလုတ်ထိခဲ့ရပြီ...အမေရယ်

* ပုခက်လွှဲပေးခဲ့တဲ့ လက်ချောင်းလေးတွေရဲ့
   အဝေးကမ္ဘာမှာ ရောက်ရှိနေလည်း
   အမေက(ကျွန်တော့်ကို)လှမ်းပြီး လွှဲနေတုန်းပေါ့.။

* အမေ့ရဲ့အေးရိပ်ကို ခွာချ
   အတ္တနဲ့ကြိုးတစ်ချောင်းကျစ်လို့
   သမုဒယသစ်ပင်ဆီတွယ်တက်ကြည့်
   အဆိပ်မိလို့ မိမှန်းမသိအောင် ဆွံ့အခဲ့တဲ့ သားပါ..အမေ

* အိပ်မက်အသေတွေကိုအသက်ပြန်သွင်းလို့ရရင်
   ခဏလောက်ပြန်လိုချင်မိရဲ့..
   တကယ့် လက်တွေ့မဆန်တဲ့အဖြစ်မျိုး
   တည့်တည့်..တိုး..တိုး လာတာဆိုးတယ်..
   အဖိုးမဖြတ်နိုင်တဲ့အမေ့မေတ္တာရိပ်အ​ဝေးက
ကျွန်တော်ဟာ
   ဒေးဗစ်ကော်ပါဖီးရဲ့လက်ထဲက
   ပဉ္စလက်စီးကရက်လေးတစ်လိပ်လို
   အလိုလို လောင်ကျွမ်းနေခဲ့ပြီ...။

* ခေါင်းစဉ်ပျောက်နေတဲ့အိပ်မက်တွေပဲ
   ထပ်တလဲဲလဲ နမ်းရှိုက်မိမှ
   လမိုက်ညတွေကိုကြောက်တတ်လာတယ်..။

   ကိုယ့်မာနနဲ့ကိုယ် ပြန်မာပြီး
   ကဗျာတွေနဲ့ ဘ၀ကိုထုဆစ်နေမိ
   အခုထိ ရုပ်လုံးကြွမလာသေး..
   ခပ်ရေးရေး..မှုန်ဝါးဝါးပါပဲ အမေရယ်...။

* လမင်း မရှိ.ကြယ်စင် မရှိ
   အလင်းရဲ့ တမန်တော်တွေ..မေ့ဆေးမိနေတဲ့ ညတွ
   လေညင်း မရှိ..ရနံ့သင်း မရှိ
   ညရဲ့အလှကို ထိန်းနေတဲ့ ကိုယ်ရံတော်တွေ..
ရီ​ဝေနေတဲ့..ညတွေကြောင့်
   မိုင်တိုင်ရှည်လာတဲ့ သက်ပြင်းမောတွေနဲ့
   လေထဲက အိမ်လေးလည်း တစ်စစီပြိုလဲ..
   ထုဆစ်ဆဲ ရုပ်လုံးတွေလည်း
   အရည်ပျော်လုနီး ဆဲဆဲပါပဲ..အမေ။

* ဖြစ်ချင်တာထက်..ဖြစ်သင့်တာကိုတည်ဆောက်ကြည့်နေဆဲ
   ဖြစ်နေတာတွေက ကာရန် မညီဘူး..
   အရူးတစ်ယောက်ဆိုတဲ့သီချင်းလို..
   ဟို..တစ်စ..ဒီ..တစ်စ ပြန့်ကျဲရှုပ်ပွနေလေရဲ့..။

* အောင်မြင်မှုတွေလိုက်ရှာရင်း
   လူပါလွင့်လွင့်သွားတတ်တဲ့
   စိမ်းဆတ်ဆတ် သားဆိုးလေးကို
   နွေးထွေးနေဆဲ..ဆိုတာသိလေ..
   အ​​မေ့ကို ပို ပိုချစ်လေပဲပေါ့...။

* ဒုက္ခကို ဒုက္ခလို့ သိဖို့မကြိုးစားဘဲ
   ပျားသကာလို ချိုမြိန်ရင်း
   မျက်ကွင်းတွေပဲ ညိုလာတယ်..
   ရေတွင်းထဲက လမင်းကိုဆယ်ယူကြည့်တဲ့
   ငတိလူမိုက်တစ်ယောက်လိုဖြစ်နေပြီလား..
   မစဉ်းစားတတ်တော့ဘူး..အမေ။

* နေ့လည်းလွမ်း..ညလည်း လွမ်းနဲ့
   ​​ရော်ရမ်း ..တမ်းတ မိ
   အငမ်းမရအိမ် ပြန်ချင်နေတဲ့စိတ်ကို
   ဖြေသိမ့်စရာလိုက်ရှာရင်း
   ကဗျာတွေနဲ့..အိပ်..
   ကဗျာတွေနဲ့..စား..
   ကဗျာတွေနဲ့.. နှစ်ပါးသွားရင်း
   ကဗျာသမားတစ်ယောက်အဖြစ်..ရှင်သန်ဖို့
   ကျွန်တော်ရုန်းကန်နေဆဲပါပဲ..အမေရယ်..။

+++++++++++++++++++++++++++

( P.S ) အမေ့အတွက်အောင်မြင်မှုတစ်ခုလောက်တော့ သား လွှင့်ထူချင်သေးတယ် အေမ ။
      သားရဲ့ အောင်မြင်မှုဟာ အေမ့ရဲ့ ဆံချည်မျှင်ဖြူဖြူလေးတစ်ပင်လောက်တောင်
      အဖိုးမတန်နိုင်ဘူး ဆိုတာ..သိနေပေမယ့်..အမေရယ်...သား.......................။


 ရတုသစ်
(26/8/2012...9:20.pm)

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks