Tuesday, August 28, 2012

ဒီနေ့..အဖေ အိမ်ပြန်တာ..စောလွန်းတယ်...


* "ဘ၀ဆိုတာ ဖြောင့်ဖြောင့်သွားလို့မရရင်..
   ကွေ့ကောာက်ပြီးသွားရတယ်...
   ဘယ်တော့မှ ဘ၀ကို တသမတ်တည်းမမှတ်နဲ့" တဲ့့
   အဖေ  ပြောခဲ့ဘူးတယ်...။
*အဖေ ဘယ်လိုသွားတယ်ဆိုတာ ကျွန်တော်မမြင်လိုက်ရ
   ဖြောင့်ဖြောင့်တန်းတန်းလား ?
   ကွေ့ကွေ့ကောက်ကောက်လား ?
   ဘ၀ကိုတသမတ်တည်း မမှတ်ခဲ့တဲ့ အဖေ.
   လောကရဲ့ တသမတ်တည်းသောနောက်ဆုံးလမ်းပေါ်မှာ...။
* ဆူညံသံတွေတိတ်ဆိတ်..သက်ငြိမ်
   ခပ်ကြိတ်ကြိတ် ငိုကြွေးနေတဲ့ အမေနဲ့..
   အမေ့ရဲ့သား သမီးများ..
   အဖေကိုယ်တိုင်လက််တွဲခေါ်ခဲ့တဲ့ အဖေ့ရဲ့လက်ရုံးများပေါ့..
* ပြောရဦးမယ်..အဖေ
   အခုတလော..မိုး ခဏ ခဏ ရွာနေတယ်...
   မိုးရေလည်း ချိုးဖြစ်တယ်..အရင်လိုပါပဲ..
   အဖေ သင်ပေးခဲ့တဲ့ ကိုင်ဇာရဲ့" မိုး "သီချင်းကိုမဆိုရုံလေးပါပဲ...
   ဒီမှာလေ..အဖေ
   ဓားတစ်လက်နဲ့ အုန်းသီးတစ်လုံး
   ကျွန်တော်တို့ကိုပြုံးကြည့်နေတယ်..
   အုန်းသီးခွဲပေးမယ့် အဖေက ဘယ်မှာလဲ?တဲ့
   ကျွန်တော်တို့ဘာမှ မပြောနိုင်ခဲ့...
   အဖေမရှိတဲ့ အိမ်ထောင်တစ်ခုဟာ..ဒီလိုပဲ..
   မထီမဲ့မြင်ပြုခံရတတ်သလား.?.အဖေ...။
* အခုတစ်လော..ကျွန်တော် သီချင်းတွေကို ကြောက်တတ်လာတယ်..
   ကိုလေးဖြူရဲ့ "အဖေ" သီချင်းကြားရင်သိမ်ငယ်တယ်..
   ဓီရာမိုရ်ရဲ့ "အိမ်"သီချင်းကြားရင် မချင့်မရဲဖြစ်မိ
   ရဲလေးရဲ့ ရှိုက်သံသဲ့သဲ့နဲ့ "အိမ်"သီချင်းကိုလဲ မကြားရဲဘူး...အဖေ
   အဖေဟာ ဖီးနစ်ငှက်လိုမျိုး မဟုတ်ဘူးဆိုတာ သိလေ
   အေဖ့ ကို ပြန်လာစေချင်လေပဲ...။
* သခင်ပျောက်သွားတဲ့ အိမ်ဦးခန်းလေးဟာ
   အဖေ့အငွေ့အသက်နဲ့လဲလျောင်းနေပေါ့..
   ချော့ချော့မော့မော့နဲ့ပြောနေတဲ့ နောက်ဖေးခန်းကအမေ့ရဲ့အသံတွေ
    ကြားနေရတာ ရင်ဘတ်နဲ့မဆန့်တော့ဘူး..
    ညီလေးကကျောင်းမတက်ချင်တော့ဘူးတဲ့
   ညီမလေးကလည်းအရယ်အပြုံးမဲ့နေတာ ကြာပြီ
   ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ မသိခဲ့လို့လား.?..အဖေရယ် ။
* အဖေ့အပြန်ကိုစောင့်ရင်း အဖေ့လက်တစ်ဖက်စီမှာ ခိုဆွဲဖို့
   အိမ်အ၀င်ပေါက်ဆီကြည့်ကြည့်နေတတ်တဲ့မျက်၀န်းလေးများ
   ဘယ်လို အင်အားနဲ့လင်းလက်တောက်ပစေရမှာလဲ?
   ဘ၀သင်္ခန်းစာတွေ မနိုင်မနင်းနဲ့ကျွန်တော်တို့ကို
   လောကအလယ်မှာ လူအ အိပ်မက်မက်သလိုအဖြစ်မျိုးနဲ့ထားရစ်ခဲ့
   စိတ်ချနိုင်ခဲ့လို့လား.?..အဖေရယ်...။
* ကကြိုးပျောက်သွားတဲ့ရုပ်သေးရုပ်လေးများလို
   ကစဥ့်ကလျား ယိမ်းထိုးလို့နေတဲ့ ကျွန်တော်တို့..
   ဘယ်လိို ကကွက်နဲ့ရှေ့ဆက်ကပြရမှာလဲ?
* ခဏ ခဏ ငိုရလွန်းလို့မျက်ရည်ရဲ့စီးဆင်းရာလမ်းကြောင်း
   ရင်ဘတ်မှာ ပြောင်းခဲ့ ပြီ..အေဖ..
* ရီေ၀ေ၀နဲ့ အိမ်ပြန်ချိန်နောက်ကျတိုင်း
   "ဒီနေ့ ..အဖေ အိမ်ပြန်တာနောက်ကျတယ်ကွာ "လို့ ပြောတတ်တဲ့ အဖေ.
   အခုတော့.....
   လောကရဲ့ဧည့်သည် တစ်ယောက်အဖြစ်
    ခြားနားခြင်း မြစ်တစ်ဖက်ကမ်းဆီ ကူးခပ်သွားခဲ့
   ဦးခင်၀မ်း ရဲ့" နှုတ်ဆက်ခဲ့ပါတယ်"သီချင်းလေးညည်းနေမလား..မသိ...။
* မျက်ရည်ပြည့်နေတဲ့ရင်ဘတ်နဲ့
   ၀မ်းနည်းပက်လက် ကျွန်တော်ပြောနေမိတယ်...
   "ဒီနေ့..အဖေ အိမ်ပြန်တာ စောတယ်..
   အိမ်ပြန်တာ စောလွန်းပါတယ်."..အဖေရယ်...။
-----------------------------------------------------------------
***အဖေမရှိတော့တဲ့ သား /သမီး များအတွက်ရည်ညွှန်းပါသည်...။


ရတုသစ်
( 28/8/2012...9:04 Pm)
  
   

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks