Tuesday, August 21, 2012

ကဗျာမရေးဖြစ်တဲ့..ည


တစ်ယောက်တည်းအထီးကျန်ရင်း
ခမ်းနားခြင်းမရှိတဲ့သီအိုရီတွေနဲ့
အမှတ်တမဲ့တွေက အမှတ်တရတွေဖြစ်ဖြစ်လာ..
ကမ္ဘာငယ်လေးတစ်ခုထဲမှာတောင် ရှာရခက်နေတဲ့
မနက်ဖြန်ချိုချိုလေးများ...
ဝေးဝေးသွားတဲ့အကြင်နာတွေကို
တစ်ကိုယ်ရေလွမ်းဆွတ်ခံစားရင်း
သက်ပြင်းတွေပဲမိုင်တိုင်ရှည်လာတယ်..။

အတ္တနဲ့ထုဆစ်ထားတဲ့..မာနတွေက..
ခဝါချဖို့ခက်နေခဲ့ပေါ့..
ယိုင်နဲ့နေတဲ့ဘ၀အိမ်လေးက..
ခဏ ခဏအချက်ပြနေရဲ့..။

ဘာမှရေရာမှုမရှိတဲ့..အတွေးတွေနဲ့
ရေးနေကျ ကဗျာတွေလည်း မရေးဖြစ်ဘူး..။
တိမ်းမူးစေမယ့်..ကာရန်တွေက.
ငါ့ဆီကနေ ခွာ ခွာသွားကြပြီလေ..။
ရီဝေဝေ..မေ့မူးမူး..
အရူးတစ်ပိုင်းအသဲရိုင်းတစ်ယောက်ရဲ့..
ရူးနှမ်းခဲ့သမျှ အဖြစ်တွေကို..ဘယ်သူတွေနားလည်ပေးလို့လဲ..။
ငါ့ အသဲငါ ကျိန်ဆဲရင်း..
ဆွေးမြေ့ခြင်းမကင်းတဲ့ ဘ၀ကို စိတ်ပျက်မိ..
ခလုတ်ထိမှတော့အမိလဲမတချင်တော့ပါဘူး..

ယစ်မူးနေကျအလွမ်းသီချင်းတစ်ပုဒ်..
ကောက်နုတ်ထားတဲ့မှတ်တမ်းတစ်အုပ်နဲ့
တိမ်မြုပ်နေတဲ့အတွေးတွေ..ဆွဲထုတ်ရင်း
မိုးလင်းသွားတဲ့...ညတစ်ည
ကဗျာတွေမှောင်ရိပ်ခိုတဲ့ည..
ကာရန်တွေတူတူပုန်းတဲ့ည..
အလှပျက်သွားတဲ့ အထီးကျန်ည
ငါ့တစ်ယောက်ထဲ..ကဗျာမရေးဖြစ်တဲ့..ည..ပါပဲ..။

                            ရတုသစ်

 (27.6.2012..wed..10:45am)




1 comment:

Unknown said...

လွလိုက္တဲ့ကဗ်ာမေရးျဖစ္တဲ့ည

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks