Tuesday, September 11, 2012

နွေဦး..သို့...ပေးပို့ဖြစ်သော မျက်ရည်ကဗျာ..


*နေ့တစ်နေ့ဟာ
(၂၄)နာရီထက်မပိုပါဘူး
ဒါပေမဲ့ ကျွန်တော်က
စံတော်ချိန်ကို မေ့နေသူ...

ဆူပူနေတဲ့ အလွမ်းတွေက
ထုံးစံအတိုင်း တလူးလူးလွင့်
သန်းခေါက်ထက်ရင့်တဲ့..ညဥ့်တွေဆို
နိုးနေရင်းအိပ်မက်မက်နေပေါ့
ချော့မော့သူမရှိတဲ့ မျက်ရည်တွေနဲ့
ပေကျံဆဲလေ..။

မတွေဝေပါနဲ့...နွေဦးရေ
လေပြည်ကိုမျှော်လင့်မိမှတော့
မုန်တိုင်းကိုကြံ့ကြံ့ခံရမှာပဲ
ကွဲလက်စအသည်းကို
ခဏခဏ ငုံ့ကြည့်တာတော့ မကောင်းဘူးကွယ်..။

မဟောင်းနွမ်းသေးပါဘူး
မနေ့တစ်နေ့ကအတိုင်း ..စိမ်းလန်းလို့
အိပ်တန်းတက်ချိန်လွဲနေတဲ့ အကျင့်ဆိုးကို
ဘယ်တန်ခိုးရှင်တွေက..ဖျောက်ပေးနိုင်မှာလဲ
ကဗျာလေးတွေနဲ့စကားပြောရင်း
မိုးလင်းသွားတာ ..အကြိမ်ကြိမ်...။

ချိုးနှိမ်လို့မရတဲ့ အလွမ်းကို
စိတ်မနာရက်တာလား
ကျွန်တော်လည်း အလွမ်းကို
မက်မက်စက်စက်ရှိခဲ့ဖူးရဲ့

မျက်ရည်ကို ကဗျာဖွဲ့ရင်း
ခင်းကျင်းဖြစ်တဲ့ အမှတ်တရနေ့စွဲများ
ခါးသီးပေမဲ့ ချိုနေမိတာ အခက်ပေါ့...နွေဦးရယ်
ငိုတယ်ဆိုတာ...
ကလေးဘ၀မှာပဲ ကောင်းတာပါ...။


ဖြေသိမ့်စရာမဲ့တဲ့ အလွမ်းနဲ့
ညှိုးနွမ်းမနေနဲ့လေ
နေသာသလို နေရင်းနဲ့
ခပ်ယဲ့ယဲ့လေးဖြစ်ဖြစ်..ပြုံးလိုက်စမ်းပါ..။

အလွမ်းနဲ့ပဲ ဘ၀ကို အဆုံးမသတ်နဲ့
ရင်ဘတ်က အက်လွန်းရင်
အနာတရ ဖြစ်တတ်လို့ပေါ့
ဝေစို့လာတဲ့မျက်ရည်တွေကို ရင်ထဲမှာပဲ ရွာချရင်း
ညီမျှခြင်းမဖြစ်ခဲ့တဲ့ဘ၀ကို အဝေးနှင်
ရယ်သံလွင်လွင်နဲ့...ဖုံး
တစ်လောကလုံး ရှုံးအောင် ပြုံးလိုက်စမ်းပါလေ...။

ရင်ထဲမှာ ငိုနေသူတစ်ယောက်..သို့...
                                          

ရတုသစ်

(11/9/2012 9-45 PM)


1 comment:

မိုးနတ်ကြယ်စင် said...

နွေဦးကို ပေးဖြစ်တဲ့ ကဗျာလေးခံစားသွားတယ် ရတုရေ.....
နောက်နေ့မှ ကဗျာတွေထပ်လာပြီးဖတ်အုံးမယ်...
ဆက်လက်ထုဆစ်နိုင်ပါစေ..
ခင်မင်နေတဲ့..မိုးနတ်

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks