Monday, September 3, 2012

အလွမ်းတွေ...ပေးထားခဲ့မယ်...ဆိုရင်..


* ဝေးရမယ်ဆိုတာ...သိလျက်နဲ့
  တရှိုက်မက်မက် ငါတို့ ရစ်တွယ်ခဲ့ကြ
  ဆက်နွယ်နေတဲ့...နှလုံးသားတွေကို
  အလွမ်း ဓားပါးပါးလေးနဲ့...
  တအား မွှန်းခံရတာ..ရင်နာတယ်...။

*တစ်ယောက်ထဲပါပဲ...
  မင်းတစ်ယောက်ထဲကို..အသဲစွဲနေမိတဲ့..ငါ..
  အလွမ်းနာ အသင်္ချေကို ရင်စည်းခံရင်း
  အလွမ်းသီချင်းတွေ...ဆိုရလွန်းလို့
  ဟော...ဟို က မိုးတွေတောင် ညို့လာပြီ...။

*သိပ်သည်းလွန်းတဲ့ အလွမ်းက
  တစ်ခန်းရပ်ပြဇာတ် မဟုတ်ခဲ့တော့...
  ဇာတ်ထုပ်ရှည် အလွမ်းဘွဲ့မှာ...
  ငါ...ငိုမဲ့မဲ့ ဖြစ်ကျန်ခဲ့မှာ...မင်း သိသင့်တယ်..။

*ပြဌာန်းထားတဲ့ ဘဝက တစ်လမ်းသွား...
  အလွမ်းများက ကုဋေကုဋာ..
  မင်း နဲ့ ငါ အတွက်တော့ ကမ္ဘာပြိုပြီထင်ရဲ့...
  ကောင်မလေး ရေ...
  မင်းရော..ငါ့လို ..ငိုခဲ့ရရဲ့လား...။

*မျက်ရည်က သက်သေလို့ဆိုရင်မှားမယ်..
  နှလုံးသားကတိတ်တဆိတ်ရှိုက်ငိုနေတဲ့..
  အမှောင်အို ရင်ခွင်တွေကို မင်း မြင်နိုင်ရင်ကောင်း ရဲ့..။

*တကယ်ဝေးကွာသွားတာ မဟုတ်ဘူးလို့
  (ဘယ်လိုပဲ) အရူးအမူးဖြေသိမ့်ပေမယ့်..
  ကမူးရှူးထိုး ပွင့်ကျလာတဲ့ ရင်အက်သံတွေကို..
  မင်း ..သောတ မဆင်လိုက်ရဘူးလေ...။

*အဝေးတစ်မြေမှာ...
  အတွေးတွေ ယောက်ယက်ခတ်ရင်း
  အလွမ်းရဲ့ညှဉ်းပမ်းမှုမှာ...
  မင်း နာမည် လေးကို..တမ်းတ ကျန်နေရစ်မယ့်
  ငါ့ အတွက်.....
  အလွမ်းတွေပေးထားခဲ့ မယ်ဆိုရင်...
  အစကတည်းက ကြိုတင်ပြင်ဆင်ဖို့...
  ရှင်သန်ခြင်းသင်္ခန်းစာတွေ...
  မင်း ငါ့ ကို ..သင်ပေးထားခဲ့ သင့်တယ် ..
  ကောင်မလေး ရယ်...။

 (1/9/2012)

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks