Tuesday, October 16, 2012

ကြိုးငြိနေတဲ့လူ

သက်ရှိ/ သက်မဲ့၀န်းဖွဲ့ထားတဲ့ပတ်၀န်းကျင်က
မရှိချင်လို့မရအောင်ဖွားဘက်တော်လိုဖြစ်နေခဲ့
သူရွဲ့ ကိုယ်ရွဲ့နဲ့အတောမသတ်နိုင်အောင်ခင်းကျင်းနေရ
ဘ၀နိကန္တိကဇောကအမောမဖောက်သေးဘူးထင်ရဲ့
လှုပ်ရှားခြင်း / ငြိမ်သက်ခြင်းမှာတစ်သားတည်းကျလို့
ဘ၀ နဲ့ပတ်၀န်းကျင်ကိုသံယောဇဉ်ကတင်းတင်းတုပ်နှောင်ထားပေါ့
စေစားရာအတိုင်းခေါင်းညိတ် / ခေါင်းခါလုပ်ရင်း
တပ်မက်ခြင်းတွေပဲ သက်တမ်းရင့်လာပြန်တယ်..။

ဥပါဒါန်ကြောင့်ဥပါဒ်ရောက်တယ်ဆိုတာမသိမဟုတ်
ဒီခလုတ်ကု်ိဖြုတ်ချဖို့တွန့်နေတဲ့လက်ချောင်းတွေမှာခွန်အားမဲ့နေသေး
တကယ့်အရှိတရားအပေါ်မှာလော်မာဖောက်ပြားမှုတွေလွှာချင်းထပ်ခဲ့
တစ်သတ်တည်းသတ်နေရမယ့်အဇ္စျတ္တ ဗိုင်းရပ်စ်တွေကို
ချိုမြိန်နေသရွေ့မျောရမယ့်ကမ်းမဲ့မြစ်တစ်စင်းအဖြစ်
တစ်ရစ်ရစ်စီးဆင်းတိုက်စားခဲ့ရ..
အတ္တ /အနတ္တစံလွဲမှုကြား ဗျာများနေရင်း
အသင်းအပင်းဖြစ်နေတဲ့ပတ်၀န်းကျင်နဲ့ဘ၀ကို
ဖြတ်ချမယ့်ဓားချက်ကအသက်မ၀င်သေးဘူး..။

အမြဲတမ်းစူးနေတတ်တဲ့ဥပါဒါန်ဆူးတွေက
တူးဖြိုချဖို့ခက်နေတာမဆန်းကျယ်သယောင်ယောင်
အမှောင်ကန့်လန့်ကာချမယ့်နောက်ကွယ်ကတဏှာကို
ချိုနေမိတဲ့တရားခံ..ဘယ်သူလဲ
မှန်ထဲမှာပြန်ကြည့်ရင်းမြင်လိုက်မိ
ငြိနေတဲ့ကြိုးတွေများလို့လောလောဆယ်မဖမ်းရသေး
အေးအေးဆေးဆေး ငြိမ်နေလိုက်ရတယ်လေ..။

                                       ရတုသစ်
                    ( 16 /01 /2012 ..10: 05 PM)

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks