မြုပ်လိုက် ပေါ်လိုက်နဲ့ အနိမ့်အမြင့်စီးဆင်းရာ
ဗလာမပါကံစမ်းမဲလက်မှတ်တစ်စောင်ကိုင်ရင်း မျှော်တလင့်လင့်
တနင့်နင့်နေအောင် မျှောချလာသောမျက်ရည်များ၏မြစ်ဖျားခံ
ရန်မဖြစ်ချင်သဘောနဲ့နောက်ဆုတ်ပေးလိုက်တဲ့ခြေတစ်လှမ်း
ကြိုးပမ်းသမျှအရာထင်မလိုလိုနဲ့တိမ်ဖြစ်သွားကာတအုံ့အုံ့
မလုံ့တလုံစာရိတ္တများအတွက် မိုးစရာ ကာစရာမဲ့
သူရွဲ့မှတော့ကိုယ်လည်းစောင်းမယ်စိတ်ထားနဲ့မာန်တွေဖီ
မပြီမသထွက်ကျလာတဲ့ဆန္ဒပြုမှုများရဲ့အစွန်းအထွက်
မငဲ့ကွက်တတ်တဲ့နှလုံးမာလူသားတွေရဲ့ခြေရင်းမှာ တငိုင်ငိုင်
ထိုင်နေရုံကလွဲပြီး ဘာများတတ်နိုင်မှာလဲ အတွေးနဲ့အိပ်ရေးပျက်
အသံထွက်မညီတော့တဲ့ခေါင်းလောင်းလေးတွေရဲ့အနာဂတ်
သတ်မှတ်ချက်မတည်ငြိမ်သေးသမျှ မှတ်ချက်ကမရှိသေး
ရေးတေးတေးဖြစ်နေတဲ့မနက်ဖြန်များအတွက်တဗျစ်တောက်တောက်
လွင့်ပျောက်သွားမှာစိုးရိမ်ပြီးဖက်တွယ်ထားရတဲ့မှုန်ပျပျအလင်းစက်များနဲ့
အဖြစ်အပျက်များသည်...။
၀ဋ်သုံးပါးက မလွတ်နိုင် မကျွတ်နိုင်သမျှတော့
ဒုက္ခ သမုဒယေတြပဲ တစ်လှည့်စီပြန်လာ
အသိမှန် အမြင်မှန်လည်း မရနိုင်သေး
ရေးသမျှ အဖတ်မတင်တဲ့ရေလွှာပေါ်ကအရုပ်လိုဘ၀များက
ရုန်းထဖို့လိုပါသေးရဲ့
ထို့ကြောင့်...။
တစ်နွယ်ငင်ပေမဲ့ တစ်စင်လုံးပါနေတဲ့ဘ၀တဏှာက
ဖြတ်ချဖို့ခက်လောက်အောင် အယောင်ယောင်အမှားမှား
ကျက်စားလာတဲ့သံသရာအထုံကဆွဲငင်ထားပေါ့
ဘယ်လိုအား ဘယ်လိုတရားနဲ့ ဖြတ်ရပါ့
အမတရဲ့လမ်းက သူစိမ်းတရံဆန်လို့နေဆဲ
သို့သော်လည်း...။
မေးပါများစကားရသလို သွားပါများခဲ့လျှင်
အလျင်စလိုမလုပ်ပါနဲ့ ဖြည်းဖြည်းချင်းတစ်နေ့ တစ်လံ
ပုံမှန်ချီတက်နေသူအတွက် လမ်းကြောင်းများဟာပီပြင်မှာပဲ
တစ်၀ဲလည်လည်ဖြစ်မနေဖို့သာ အဓိက
ရှိသမျှ ကံ/ဉာဏ်/၀ီရိယဖြည့်စွက်
မပျက်ကွက်သင့်သောခရီးလမ်းတွေမို့
ဆက်လက်၍...
အပြီးလှမ်းကြပါစို့လေ..။
ရတုသစ်
3/10/1/2012 200 PM
1 comment:
ကဗျာထက် စာတစ်ပုဒ်လို့ခံစားမိလိုက်တယ်...ဝေဖန်ကြည့်တာပါ..:P
ကိုယ်ကဖြင့် အဲလောက်အရည်အချင်းမရှိသေးပဲနဲ့..မိမိုးနတ်..
သူများကိုလိုက်ဝေဖန်နေတယ်..ဟာဟ...စတာပါရတု
ကဗျာပဲဖြစ်ဖြစ်..စာပဲဖြစ်ဖြစ်ကောင်းပါတယ်နော်..အားပေးလျက်.
ခင်မင်နေတဲ့...မိုးနတ်
Post a Comment