Monday, October 1, 2012

ကျွန်တော့်ဘက်မှာ မေမေရှိသေးသမျှ


မေမေ
ကျွန်တော်ကလောကကြီးကိုအရွဲ့တိုက်နေတာမဟုတ်ခဲ့
ရွဲ့နေတဲ့လောကကြီးကကျွန်တော့်ကိုခလုတ်တိုက်သွားတာ
ကျွန်တော်မာယာမများတတ်တာ အမေလည်း အသိ
ငြိ ငြိလာတဲ့မာယာတွေရှောင်တိမ်းရလွန်းလို့
အစွန်းထွက်အဖြစ်အလှည့်အပတ်တော့ကျွမ်းနေပြန်ပေါ့..။
ကျွန်တော့်ရဲ့လျှောက်လမ်းများဟာ
အမြဲတမ်းနေမှိန်နေတတ်ခဲ့
အရိပ်မဲ့ကျိန်စာတွေများလား...မေမေရယ် ။
သဝေထိုးလုပ်မရတဲ့အခါ ခခွေးလေးလုပ်ပစ်လိုက်ဖို့လွယ်ပေမဲ့
ခေါင်းမာလွန်းခဲ့တာက အမေ့သားပါ မေမေ ။
တကယ်ဆိုကျွန်တော်က ခေါင်းမာချင်တာ မဟုတ်
ခဏ ခဏလာပုတ်တဲ့လောကဓံလှိုင်းတွေကြောင့်
အရိုင်းဆန် ဆန်သွားတာလေ ။

အပေအတေကောင်လေးတစ်ယောက်အဖြစ်
သမုတ်ပစ်လိုက်တဲ့လောကထဲမှာ နေသားတကျ
လဲကျလိုက် ရုန်းထလိုက်နဲ့ တစ်၀ဲ၀ဲလည်ပတ်ရင်း
မိုက်မလင်းတဲ့နယ်ပယ်မှာပျော်မွေ့မိ
အခုထိ အလင်းမေ့နေမိဆဲပေါ့ မေမေရယ်...။
ငတ်မပြေတဲ့ရေကို သောက်လိုက်ချိုးလိုက်
အရိုးခိုက်အောင်စိမ့်ပေမယ့်
နှုလုံးသားကခေါင်းငြိမ့်နေတော့ အခက်သားပဲလေ
ဒီ စိမ်ရေ ကိုကျွန်တော်ဘယ်လိုဖြတ်ရပါ့
လမ်ပြပါဦးလား မေမေရေ...။

လေပြေပြာတစ်ချက်သိမ့်တိုင်း
တလိမ့်လိမ့်လှိုက်ခုန်
ညရဲ့မာယာဘုံမှာ တိုး၀င်ရင်း
လမင်းကိုတေးဆိုပြခဲ့
ကြယ်ပွင့်လေးတွေနဲ့အတူကြွေခဲ့တယ် ။
ပြာလဲ့လဲ့ကောင်းကင်မှာပိုက်ကွန်ဖြန့်ပြီး
သက်တန့်ကိုကြိုးညှိလို့
ကီး မမိတဲ့ကဗျာတစ်ပုဒ်ကို ရွတ်
ကော့ဒ် အလွတ်တီးခတ်တတ်ခဲ့ပြီ မေမေ..။
ကျွန်တော်နဲ့ညီမျှခြင်းထိုးမရတာက ပတ်၀န်းကျင်လေ
ဆန့်ကျင်တာ မဟုတ်ခဲ့ရင်တောင်
မျက်တောင်မွှေးတစ်ဆုံးစာအမြင်တွေက်ိုလိုက်ပြီးပေါင်းသင်နေရရင်
လျှာပြင်မှာ ကန္တာရ ဆူးပင်တွေခြေချင်းလိမ်နေမလားပဲ
မတရားတွေက တရားဖြစ်လာခဲ့ပေါ့ မေမေ ရယ်..။

အခုဆို
ကျွန်တော် လူတွေနဲ့ ဝေးဝေးသွားခဲ့
နားမကြားတဲ့ကြယ်ပွင့်လေးတွေရှေ့မှာ
ကဗျာရွတ်ပြရတာ ခံတွင်းတွေ့လာတယ်
ရှက်သွေးဖြာအြ့ပုံးနဲ့ကမ်းလင့်တဲ့ပန်းပွင့်လေးတွေက်ို
တေးဆိုပြရင်း ခိုးနမ်းတတ်လာခဲ့
ဒြပ်မဲ့တဲ့ တစ်စုံတစ်ရာတွေကိုပဲမျှော်လင့်ကြည့်
အရှိုက်ထိအောင်ရူးခဲ့မိပေါ့
မထူးဇာတ်ခင်းရတဲ့အဖြစ်ကထိရှလွန်း
စိတ်ထဲမှာပဲ ပွန်းပဲ့လို့နေခဲ့တယ် မေမေ...။

တချို့ရောင်းရင်းတွေက ကျွန်တော့်ကို
ထေ့သလို ငေါ့သလို စကားနာနဲ့
ကဗျာဆရာလို့ ကင်ပွန်းတပ်
အရူးနံပါတ်ချိတ်ပေးထားကြပေါ့
ချော့မော့သူမရှိဘဲ အငိုတိတ်တတ်ဖို့
သတ္တိတွေပေးပါဦး မေမေရယ် ။

ကျွန်တော့်ဘက်မှာ မေမေ ရှိသေးသမျှ
ဒုက္ခနဲ့သုခကြားက အလွှာလေးမှာ
နှလုံးသွေးနဲ့ရေးထားတဲ့အက္ခရာတွေကို
ခပ်ပြေပြေမှင်ရောင်လိုက်ထပ်ရင်း
အတင်းအဖျင်းပြောတတ်သူတွေကြားမှာ
ရပြီးသားကိုယ့်ကဗျာ ကိုယ်ပြန်ကျက်လို့
ဦးတည်ချက်တစ်ခုဆီ တစ်လှမ်းချင်း တက်
ညနက်တိုင်း ခရီးဆက်နေဆဲပါပဲ မေမေ ရယ် ။

                                   ရတုသစ်
                    (1-10-2012 / 2-50 PM)

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks