Thursday, November 8, 2012

အခု ကျွန်တော်လေ..ကဗျာ့ရပ်၀န်းမှာ...

မနုဿတ္တဘာ၀ကို ဒုလ္လဘ အဖြစ်လက်သင့်ခံခြင်း/မခံခြင်း
ဆန့်ကျင်ခြင်းအပြိုင်ပြတ်ရွေ့ကြောတွေကြားလူးလာခေါက်တုံ့
ခေါင်းငုံ့ /ခေါင်းမော့ ရစ်သမ်တွေအချိုးကျနမှု ရွိ /မရွိ
ပကတိ/၀ိကတိသီအိုရီတွေထဲမှာ မရှာချင့်ရှာချင် လိုက်ရှာ
"သစ္စာ"ဆိုတာ ပန်းတစ်မျိုးရဲ့နာမည်လား.?.
သီချင်းတစ်ပုဒ်ရဲ့နာမည်လား ?...။

ကျွန်တော်ရှာဖွေဖူးတယ် ၊ သူများတွေလဲရှာဖွေခဲ့ကြ
"သန္တိသုခ "ဆိုတာ ဆရာမောင်ချောနွယ်ရဲ့ကဗျာတစ်ပုဒ် မဟုတ်လားဗျာ
သင်္ခါရတွေရဲ့ပေါင်းသင်ခါထုတ်ခြင်းခံလိုက်ရတဲ့ပင်ပေါက်ကလေး
နိရောဓစိုက်ခင်းက ဝေးသထက် ဝေးလာသလိုဖြစ်ရဲ့ ။

မြစ်တစ်စင်းအတွင်းနှစ်ကြိမ်ပြန်ဆင်းလို့မရတဲ့သဘောက
မြစ်ရေကျလို့လား? /မြစ်ရေလျှံလို့လား?
တရားတော့ တရားပဲ..သက္ကာယဒိဋ္ဌိဆိုတာ..
" ငါ "အစွဲပြုတ်အောင် "ကျွန်တော် " လို့ပြောင်းသုံးနှုန်းလိုက်တယ် ။

လမ်းဆုံးနဲ့ပန်းတိုင်တူပါသလား?...သဘောထားပြညွှန်ချက်
လူ့အသက်တစ်ချောင်းရဲ့ပန်းတိုင်ကို မရဏ လို့စပွန်ဆာပေးလို့ဖြစ် /မဖြစ်
နီးလာခဲ့ပြီ..တစ်ထစ်ပြီးတစ်ထစ် လှေကားမှာ
လျှောက်နေပါတယ်..ဆင်းနေတာလား?/တက်နေတာလား?
ခွဲခြား သိစိတ်မရှိလောက်အောင်မောဟက မှောင်တယ် မေမေ ..။

အခု ကျွန်တော်လေ..
ကဗျာရဲ့သင်္ခါရနဲ့နိယာမက်ိုချိတ်ဆက်ဖို့
ကွန်နက်ရှင်ကောင်းတဲ့ နှလုံးသားတစ်ခု လိုအပ်နေတယ်၊
ပရော်ဖက်ရှင်နယ် နဲ့ အုံနာ ညှိနှိုင်းဖို့
မဇ္ဈိမပဋိပဒါ နှလုံးသားလည်း လိုအပ်နေတယ်၊
အော်ရီဂျင်နယ် နဲ့ အင်ကို စမ်းသပ်ဖို့
အာလ်ထရာဆောင်းနှလုံးသားလည်း လိုအပ်နေတယ် ၊
ကျွန်တော်..လိုအပ်နေပါတယ် ။

ကျွန်တော့် လူ့သက်တမ်းကိုဂရုပြုမိ
ဆယ်စုနှစ်သုံးခုပြည့်ဖို့( ၄၈ )လလောက်ပဲလိုတော့တယ်
လောကဓံရဲ့စနောက်ခြင်းအဖြစ် ကျွန်တော့်ဦးခေါင်းမှာ မရဏတံခွန်တွေစိုက်ထူလာကြ
မဃဒေ၀မင်းကြီးရဲ့ အနုသယမျိုးကျွန်တော့်ဆီမှာ မကိန်း၀ပ်ဘူး မေမေ..
ဘလက်ခ်ကာလာတွေ စွန်းပေလိမ်းကျံနေမိပေါ့..
ထားပါတော့ မေမေရေ..အခု ကျွန်တော်လေ
အမှားတွေကို အသားပွန်းခံပြီးဖျက်ပေးတဲ့ခဲဖျက်လေးဖြစ်ချင်နေမိ
သူများတွေထက်ဖို့အပါးခံပွတ်တိုက်ပေးတဲ့ဓားသွေးကျောက်ဖြစ်ချင်နေမိ
အမှားတွေဖျက်ပြီးအဖြူရောင်လေးပါခြယ်ပေးတဲ့ကော်ရက်ရှင်ပင်(န်)လေး ဖြစ်ချင်နေမိ
စိတ်ကူးကြည့်နေတာပေါ့ မေမေ..
အဆင်မပြေခြင်းတွေပဲ ရေလဲသုံးနေရတဲ့ဘ၀မို့
စိတ်ကူးတွေဆေးရောင်မစုံသေး.
တဖြည်းဖြည်း ..တရွေ့ရွေ့ တမေ့တမော
ဘာပဲပြောပြောပေါ့ မေမေရယ်..ကျွန်တော်ချီတက်နေပါတယ် ။

လူတွေကိုလူတွေလိုပဲမြင်တတ်တဲ့အမြင်
ကြည်ပြာချိုလွင်တဲ့ကဗျာချစ်စိတ်
သာယာချိုမြတဲ့ ဂီတမြတ်နိုးစိတ်
မဖိတ်/မကျန်အောင်ပြောရရင်
ရင်ခွင်တစ်ခုလုံးအနုပညာတွေနဲ့ဖုံးထားချင်တဲ့စိတ်တွေ
ထိုးသိပ်မျှဝေ ထည့်ပေးလိုက်တဲ့ မေမေ့ဆီ..
ကျေးဇူးတင်စိတ်တွေ ဦးတည်နေတယ်..။

ပလီပလာများတဲ့လောကကို ချိုမြိန်တတ်ဖို့
ကဗျာ့ရပ်၀န်းမှာ အတတ်ဆန်းတွေရှိတယ်..
ကတိမတည်တဲ့လောကကို လှောင်ပြောင်တတ်ဖို့
ကဗျာ့ရပ်၀န်းမှာ သရော်စာ/ဟာသတွေရှိတယ်..
မသိမသာတွေများတဲ့လောကမှာလိုက်လျောညီထွေနေတတ်ဖို့
ကဗျာ့ရပ်၀န်းမှာ ညီမျှခြင်းမိုးတိုးမတ်တတ်တွေရှိတယ်..

ဒီလိုပါပဲ ..မေမေ..အခု ကျွန်တော်လေ..
ကဗျာ့ရပ်၀န်းမှာ..အသားကျဖို့
နှစ်ချို့မာနတွေ လက်ညှိုးထိုးအန်ချရင်း
ခြေသံလုံလုံနင်းပြီး ချီတက်နေဆဲပါ ..မေမေ..။

                                     ရတုသစ်
                        ( 9/11 /2012 ..2 :30 AM)
                      http://yatuthit.blogspot.com/

မကြာခင်ရောက်တော့မဲ့ကျွန်တော့်မွေးနေ့အကြိုအတွက်အမှတ်တရပါ မေမေ ။









3 comments:

ရိုးမြေကျ said...

အမလေးရတုရယ် ကဗျာထဲမှာ သုံးနှုန်းထားတဲ့စာသားတွေသိပ်မိုက်တာပဲ။ ဘယ်စာသားကအမိုက်ဆုံးဆိုတာ ထုတ်ပြဖို့ခက်တယ်။ ကောင်းလိုက်တာ ကဗျာလေးက

မိုးနတ်ကြယ်စင် said...

အခု ကျွန်တော်လေ..
ကဗျာရဲ့သင်္ခါရနဲ့နိယာမကိုချိတ်ဆက်ဖို့

မမရိုးမြေကျပြောသလို စာသားတိုင်းက မိုက်တော့
ဘယ်ဟာက အကောင်းဆုံးဆိုတာပြောဖို့ခက်တယ်
ရတုရေ..မိုးနတ်တော့ တစ်ပုဒ်လုံးကို နှစ်သက်မိတာ
ပဲကွယ်...အားပေးနေတယ်နော်ရတု..
ဆက်လက်ထုဆစ်နိုင်ပါစေဟယ်..
ခင်မင်နေတဲ့..မိုးနတ်

စံပယ်ချို said...

ရတုရေ ကောင်းတယ်ဟ....

ကဗျာ့ရပ်ဝန်းမှာ ညီမျှခြင်းမိုးတိုးမတ်တပ်တွေရှိတယ်

စာသားတွေ လန်းနေတာပဲ
ခင်တဲ့ jasmine

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks