ကဗျာတစ်ပုဒ်ရဲ့နူးညံ့ခြင်းမှာ ဘ၀ကို ပုံအပ်ထားမိ
အဆိပ်အပြည့်ရှိမယ်ဆိုရင်တောင် ငါသောက်လိုက်တယ်..
အမောဖောက်ဖောက်လာတဲ့ ငါ့ အိပ်စက်ခြင်းဟာ တုန်ရီနေခဲ့
ပီတိလောက်ပဲ ပိုင်ဆိုင်နိုင်မယ့်လမ်းကို ငါရွေးထားရဲ့
တကယ့်အဖြစ်အပျက်မှာ ငါ ဆိုးခဲ့တာလား..ငါမသိ
အငိုက်မိခံထားတဲ့ ကဗျာရဲ့ဖြားယောင်းခြင်းမှာ ရင်ခုန်တယ်..။
ပုံပြင်တွေထက်တောင် ငါစွဲလမ်းခဲ့တာပေါ့ ကဗျာ
ဒဏ္ဍာရီမဆန်တဲ့ အတောင်ပံတပ်ဆင်ရင်း လေဟုန်ခွင်းခဲ့ရ
ဘ၀ကို မြင်နေတဲ့အတွေးမှာ..ငါ အထီးကျန်ချင်ကျန်လိမ့်မယ်
ငါ့ဘက်မှာကဗျာရှိနေသေးရင် ကဗျာရဲ့ကမ္ဘာမှာ ငါနေမယ်...။
မြင်လွှာအထပ်ထပ်ကြားမှာ ထွေပြားအာရုံတွေ ရှိတယ်..ကဗျာ
ဆေးသောက်ဖို့အခါခါမေ့မိတာတောင်ကယောင်ကတမ်းညမှာ ကဗျာနဲ့လမ်းလျှောက်နေမိ
ညရဲ့တိတ်တဆိတ်ဖေးမမှုမှာ လွတ်လပ်ပေါ့ပါးရင်း အိပ်စက်ခြင်းကို ငါမတပ်မက်ခဲ့
ငတ်နေတဲ့ဆာလောင်အာဟာရဟာ..ကဗျာပဲ ကဗျာ..။
ငါ့အနာဂတ် ငါရွေးရမယ်ဆိုတာ ငါမသိလို့မဟုတ်ဘူး
တိမ်းမူးနေတဲ့ ယိမ်းယိုင်အရွှေ့အပြောင်းမှာ ဒိီဂရီအများကြီးတိမ်းစောင်းနိုင်တယ်။
အပြိုင်အဆိုင်မကြိုက်တဲ့ ငါဟာ ကဗျာနဲ့အပြေးပြိုင်နေမိခဲ့
အိပဲ့အိပဲ့ နှေးကွေးခြေလှမ်းနဲ့လည်း ငါ အပြိုင်ကြဲပြီးလိုက်ခဲ့တာလေ
ငါ့ ကိုစောင့်ပါဦး ကဗျာ ။
ငါ လိုက်နေချင်သေးရဲ့ မင်းနောက်မှာ
ရေရာမှုမရှိမှန်းသိနေတာတောင် ငါ့အစွဲအလမ်းကို ငါ မဖြေနိုင်သေး
မင်းပေးတဲ့ အိပ်မက်တစ်ခုနဲ့ ငါနွေးထွေးနေချင်သေးလို့ပါ ကဗျာ ။
ရတုသစ်
No comments:
Post a Comment