Wednesday, December 19, 2012

နက္ခတ်ငြိတဲ့ အလွမ်း


ခူးဆွတ်ချိန်လွန်ကာမှ
ဒီအလွမ်းက မပျိုးဘဲ ပွင့်လာခဲ့ပေါ့
ခြေရာမခံချင်တဲ့စိတ်ကို တိတ်တိတ်ကလေး
အိပ်ဆေးခပ်ထားလိုက်တယ်
မသိဆိုးဝါးတဲ့ အိပ်မက်မြစ်ထဲမှာ
အလွမ်းဟာရေစီးနဲ့အတူ လူးလူးလွန့်လွန့် ။

တိုက်တိုက်ဆိုင်ဆိုင် တိုးတိုက်မှုတဒင်္ဂ
ကွယ်၀ှက်မရတဲ့ အလွမ်းက တွန်သံပေးခဲ့ ၀ဲဘက်ရင်အုံမှာ ။

အိပ်ရေးပျက်တာ ဆန်းပါသလား
အလွမ်းမဲ့အိပ်ပျက်မှုမှာ
အဓိပ္ပါယ်ရှာမရခဲ့ လေးလေးနက်နက် ။

မာယာမပါတဲ့သတိရမှုဖြတ်စများအမျှင်တန်းခဲ့ပေါ့
ဖြူစင်တဲ့အလွမ်းလို့သတ်မှတ်ချက်ကိုယ်တိုင်ချမိ
ကန့်သတ်ချက်ဆိုတာရင်ခုန်သံကို ခါးသီးစေသတဲ့
ရေခြားမြေခြားမှာရင်ဘတ်နဲ့တဲ့တဲ့လူတစ်ယောက်
အလွမ်း၀တ်မှုန်သောက်နေခဲ့ ညနက်ထဲမှာ ။

အေးခဲဆောင်းည မြည်တမ်းခြင်း လင်္ကာထဲ
အသည်းကို တေယာ လုပ်ပြီးထိုးလိုက်ရဲ့
သောင်းတိုက်မှာ ပဲ့တင်မထပ်လဲနေပါစေ
လွမ်းစေသူတစ်ယောက်သိရုံ ဒီအလွမ်းက
ဆောင်းညနဲ့ အတူ သို၀ှက်ထားရပေါ့ ။

ညရဲ့ချော့မြှူသံထဲ အလွမ်းတွေစွန်းထင်းပေကျံခဲ့
ရင်ခုန်ဖက်မဲ့ ရင်ကိုမှ တမ်းတစိတ်ဖိတ်စင်တယ်။

တိတ်တဆိတ်လေးပါပဲ
သဲ့သဲ့လေးကြားလိုက်မိ
ဆောင်းညလက်ခတ်သံပေါ့ ။
''နက္ခတ်ငြိတဲ့အလွမ်းမှာ ဖြေစရာ နတ္ထိ
''အဆိပ်မရှိတဲ့အလွမ်းမှာ ဖြေဆေးမသိ"
အဲဒီ.. သင်ခန်းစာ
ဘယ်မှကျ ကျန်ခဲ့မှန်း
ဒိုင်ယာရီမှတ်တမ်းက အိုးတိုးအမ်းတမ်းမေ့နေတယ် ။

                     ရတုသစ်
   ( 20/12/2012==12:28 AM)




1 comment:

Unknown said...

ကဗျာလေးရဲ့ ခံစားချက်တွေကို အသေအချာဖမ်းယူကြည့်သော်လည်းဘယ်သူလဲ ဟုမမှန်းဆနိုင်ပါကြောင်း အဲလေ ယောင်လို့ ဒီလိုရေးနိုင်မည့်သူဟု ကိုယ့်ကိုယ်ကို မထင်မိ၍ စိတ်အားငယ်သွားပါကြောင်း အားကျတယ် ရေးတဲ့ ပုံစံကို
(ပြထားတဲ့ ပုံလေးက ဘယ်သူပါလိမ့်လို့ တွေးချင့်မိစရာလေး
:P )

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks