Monday, April 1, 2013

စိတ်ငုံပါးစပ်ပိတ်အတွေး


စိတ်ကူးနဲ့သာရောက်ခဲ့ပေါ့
လျော့ရဲရဲနိုင်တဲ့သားတစ်ယောက်ရဲ့ အလွမ်း
ဘယ် ခမ်းနားပါ့မလဲ ။

ဒုက္ခကိုမှ ကစားချင်မိသူ
နွေပူပူမှာ တစ်ယောက်ထဲ တစ်မျက်နှာ
တစ်ရွာထင်စရာမရှိမှတော့
ဘဝက
ထင်သလိုနေ မြင်သလိုပြော ။

သဘောကောင်းတယ်
စိတ်ဆတ်တယ်
အမှန်တရားဖက်ကရပ်တယ်
အချစ်ငတ်တာကိုထည့်ထည့်မပြောတော့ဘူး ။

အရူးတစ်ယောက်လို
ခြေထောက်မှာစိတ်ကပ်ပြီးလွင့်ချင်ရဲ့ 
ဘယ်တော့များမှအဆင်သင့်မယ် မသိ
နေမထိထိုင်မသာ ညများဆို
လူးလှိမ့်ပြီးဟားတိုက်ချင်တယ် မေမေ ။

တေပေတတ်လွန်းတဲ့ စိတ်
သွေးတိတ်အောင် ဘယ်လိုကုမလဲ
အစွဲကြီးလွန်းတဲ့ရင်အမြစ်
နှုတ်ပစ်ရခက်ခဲ့ပေါ့
ရွဲ့ ရွဲ့ ပြီးပြောတတ်တဲ့အကျင့်က
လောကရဲ့  စလောင်းပဲ့အောက်မှာ...။

တစ်ခါ တစ်ခါ
မာယာကိုကိုးကွယ်ရမလား
ပရိယာယ်ကိုမြတ်နိုးရမလား
မိုးထားတဲ့ ဓားတွေ ရှေ့ 
တေ့တေ့ဆိုင်ဆိုင်လည်စင်းပေးချင်ရဲ့ 
ဒါပေမယ့်
လူကိုပဲသတ်လို့ရမယ့်အကြောင်း
သတင်းခေါင်းကြီးပိုင်းမှာမကြေငြာတော့ဘူး

လ-မြင့်ရင်လည်းအရူးရင့်တတ်တဲ့သဘော
လူတွေကြားမှာမပြောတော့ဘူး မေမေ ။

ရတုသစ်
၀၁၀၄၂၀၁၃
ည ၉း၃၅ နာရီ

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks