Monday, April 1, 2013

အတိတ်ပြခန်းထဲမှာအရိပ်တွေကျန်ခဲ့တယ်

အဆင်မပြေတာ မဟုတ်ပါဘူး
ပြေလည်မှု ဝေးနေတာ
ကလေးတစ်ယောက်လို တေးဆိုချော့လို့ရရင်
ဘယ်လောက်ကောင်းမလဲကွယ် ။

လွဲနေတဲ့အခိုက်အတန့်တိုင်း
စိတ်က ခဏခဏ လိုင်းကျတယ်
ဘယ်လိုမှ ပြန်ဖမ်းလို့မရဘူး
ငါ..ရူးသွားပြီလား..မသိ ။

တိတ်တဆိတ်ငြိတဲ့ မျက်၀န်းအမျှင်ထိ
ရှင်သန်လွန်းခဲ့တဲ့ သံယောဇဉ် ညှို့အားများ
ဗို့အားထိန်းကိရိယာတပ်လို့ရရင်ကောင်းမယ် ။

အလဲအလှယ် မလိုတဲ့ ပေးဆပ်ခြင်းနဲ့
တံတားခင်းထားမယ့် လမ်းတစ်လျှောက်
ပိတောက်တွေ အရင်လိုေ၀ဦးမလား
နွေစားထားတဲ့အလွမ်းက မမွှေးမြတော့ဘူး ။

ဆွေးပြနေရတာကြာတော့
ရင်အိုဇုန်းလွှာ ပါးတယ်
နားကြားလွဲသွားတဲ့ စိတ်အကန့်မှာ
အထိတ်တလန့် ထပျံသွားတဲ့နှလုံးသားက
ထိန်းထားခွင့် မရနိုင်တော့ဘူးလား
၀ိညာဉ်မဲ့တေးသွားတစ်ပုဒ်နဲ့ ဒီည
မိုးလင်းအောင် ကခုန်မ်ိဦးမယ် ။

ပိတောက်တွေ ဖူးပြန်ပြီ...(..... )
ရောက်တဲ့နေရာက လှည့်ကြည့်ပါ
မသိခြင်းတရားအောက်က နယ်မြေမှာ
သစ္စာတွေ ပျိုးထားတဲ့ အိမ်တစ်လုံးထဲ
ခုထိ..
သမင်လည်ပြန်ခြေလှမ်းလေးကိုမျှော်ငေးတုန်း
အပြုံးလက်လက် ပွင့်ေ၀မှုကို မြင်ယောင်တုန်း ။

အမုန်းသီချင်းဆိုတော့မယ်ဆို
ငါ့ကို..
ရင်ဘတ်ချုပ်ရိုးဖြေနည်းပေးခဲ့ပါ
တခုတ်တရ ဖြစ်တိုင်းပြန်ဖွင့်ကြည့်ဖို့လေ ။ ။


ရတုသစ်
02042013
2:25 AM



No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks