ပိတောက်လည်းပွင့် ၊လရောင်လွင့်၍
ခွန်းဆင့်လေပြေ(ပြည်)၊ မှာတမ်းခြွေသော်
ရင်မြေကမ္ဘာ ၊ အသည်းလွှာ၀ယ်
ရှည်ကြာစွဲထင် ၊ပုံရိပ်ရှင်ကို
ဆွတ်ကျင်တမ်းတ..မှန်းဆရည်..။
လူခြေတိတ်ဆိတ် ၊နေမင်းအိပ်ချိန်
လရိပ်အောက်မှာ ၊ သူ့ ခြေရာကို
ဖွေရှာနေမိ ၊ သူ..မသိလည်း
ည၏ရောင်းရင်း ၊ ကြယ်တစ်သင်းက
ချင်းချင်းမျက်ကွယ်..လှောင်ရယ်ပြီ..။
ပိတောက်ရွှေဝါ ၊ ချိုးယူလာလည်း
ကေသာဦးတွင် ၊ ဆင်မြန်းတင်မည့်
သခင်မမှာ ၊ တစ်နေရာသို့
ဖယ်ခွါရှောင်ထွက် ၊ စိမ်းကားချက်ကြောင့်
၀င်းလက်ပိတောက် ၊ ပန်သူပျောက်ခဲ့
စိတ်ခြောက်ချားကာ ၊ ညကမ္ဘာ၀ယ်
ရင်နာ ငိုကြွေး..လွမ်းတေးသီ..။
သြော်...
ပိတောက်ပွင့်ကာ ၊လမင်းသာသော်
ကြင်နာသူဝေး၊ ကံကျိုးပေးကို
ပြန်တွေး နာကျင် ၊ မေ့ထားချင်လည်း
စိတ်လွင်ပြင်ထဲ ၊ လရောင်ကြဲ၍
ပွင့်ဆဲပိတောက် ၊ ရွှေရည်သောက်က
ရူးလောက်မတတ် ၊ လွမ်းပူဟပ်လျက်
ကျိုးပြတ်အသည်း..မီးစွဲပြီ..။ ။
ရတုသစ်
21042013
No comments:
Post a Comment