Friday, April 26, 2013

မောဟနဂ္ဂတစ်နဲ့ရောမွှေထားတဲ့ညဖျော်ရည်ခွက်များ


အာလူးသီး စားခဲ့ဖူးတယ်
ဗင့်ဆင့်ဗင်န်ဂိုးကို မသိဘူး ။
The Iron Lady ဇာတ်ကားကြည့်ဖူးတယ်
မာဂရက်သက်ချာကို မသိဘူး ။
Take me to your heart ကို နားဆင်ဖူးတယ်
မိုက်ကယ်လန်းကို မသိဘူး ။
တက္ကနော်လော်ဂျီနဲ့ဒေါ်လာအများကြီးချမ်းသာသူအကြောင်းဖတ်ဖူးတယ်
ဘီလ်ဂိတ်ကို မသိဘူး ။
အပေါင်း ၊အနှုတ် ၊အမြှောက် ၊အစား တွေ သင်ခဲ့ဖူးတယ်
ပိုက်သာဂိုးရပ်စ်ကို မသိဘူး ။
ပလေးတိုး နိဒါန်း ဖတ်ဖူးတယ်
ဆော့ခရတ္တိကို မသိဘူး ။
မြေမီးခွက်များ ညှိထွန်းဖူးတယ်
အိုရှိုးကို မသိဘူး ။
လှိုင်းတွေ စီးဖူး/နစ်မြုပ်ဖူး/ကျော်ဖြတ်ဖူးတယ်
တော်ဖလာ ကိုမသိဘူး ။
Facebook သုံးခဲ့/သုံးဆဲ/သုံးဦးမယ်
ဇူကာဘတ် ကိုမသိဘူး ။
၁၄၄ ။ ၂၀၅ စတဲ့ ပုဒ်မတွေ လေ့လာဖူးတယ်
ဥပဒေကို မသိဘူး ။
ကဗျာရေးခဲ့/ရေးဆဲ/ရေးနေဦးမယ်
ကဗျာကို မသိဘူး ။
လက္ခဏာရေးသုံးပါးကို ဆင်ခြင်ဖူးတယ်
အနိစ္စ ၊ဒုက္ခ ၊ အနတ္တကို မသိဘူး ။
သစ္စာလေးပါး အကြောင်းမှတ်သားဖူးတယ်
သစ္စာကို မသိဘူး ။
နာရီအမျိုးမျိုးကြည့်ခဲ့ဖူးတယ်
အချိန်ကို မသိဘူး ။
မသိတဲ့အကြောင်းတွေအများကြီးဆိုတာ မသိဘူး
ငါ ၊သူတစ်ပါး ၊အမျိုးသား၊အမျိုးသမီး ၊ နပုံး ပဏ္ဍုက်ဆိုတာလည်း မသိဘူး
မင်း/သင်/နင်/ဒင်း/သင်း/ခင်ဗျားကိုလည်း မသိဘူး
ငါ /ကျွန်တော်/ကျွန်ုပ်/ကျုပ်ကိုလည်း မသိဘူး
သူ/ဟိုဒင်း/ဟိုသင်း/အ၀ှါ /ဟိုဟာ ကိုလည်း မသိဘူး
ရှင်းရှင်းပြောရရင် မသိဘူးပြောပြောနေတဲ့
မသိဘူး ဆိုတာ ကြီးကိုလည်း မသိဘူး ။
ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ ဆိုတဲ့အတိုင်း
ဘူးကွယ်ငြင်းနေရင်း
ဘူးလေးရာ ဖရုံဆင့်လာခဲ့မှန်းလည်း မသိတော့ဘူးးးး ။

ရတုသစ်
22042013
နေ့ ၁း ၁၅ နာရီ

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks