နီယွန်မီးရောင်ဖျော့ဖျော့ထဲက
ညပါး၀တဲ့ ညကို စူးစူးစိမ်းစိမ်းဆွဲထုတ်လို့
ချုပ်ရိုးပြေလျော့စအရုဏ်ဆီ ပစ်တင်လိုက်ရ
အမေ့အိမ်မျက်နှာစာက မြတ်လေးပန်းရုံဟာ
ခုလိုချိန်မှာ
ရနံ့တွေ ဝေဆာနေရောပေါ့ ။
ခြေချော်လက်ချော်သိပ်များတဲ့မြို့ပြနဲ့
ကျွန်တော့်အတ္တနဲ့စေ့စပ်မရတိုင်း
လက်သီးတွေပဲ ရောင်ကိုင်းလာတယ် ။
အစစ အရာရာ
ပါးလွှာလာတဲ့မြို့ပြ၀တ်ရုံမှာ
ကျွန်တော်သာ ထူထဲတင်းကြပ်နေသလား မသိ
ဘယ်နေရာကြည့်ကြည့်
ပွင့်လင်း..မြင်သာ ဖြစ်နေမိတဲ့အချိန်
အမေ့အိမ်မှာ ကျန်ရစ်တဲ့ဖျင်ကြမ်းအင်္ကျီလေး
ချောင်ကွယ်မှာ ဆွေးနေမလား ။
ကိုယ့်တရားနဲ့ကိုယ် မှန်နေကြသူတွေကြား
အမေလူကြုံပါးလိုက်တဲ့ လောကနီတိစာအုပ်လေး
လောကကြီးကို တွေတွေဝေဝေ ပြန်ငေးလို့ ။
လူကြီးလူကောင်းတွေနဲ့စာရင်
အမေ့သားဟာ ကလေးလေးတစ်ယောက်ထက်မပိုမှန်း
အမေ့အိပ်ခန်းက
ကျွန်တော့်ဓာတ်ပုံဖြူမည်းလေးကို ပြန်ကြည့်ပါ အမေ။ ။
ရတုသစ်
1 comment:
လောကကြီးကိုတွေတွေဝေေ၀ ပြန်ငေးလို့
(အားပေးသွားတယ် ကိုရတုသစ်)
Post a Comment