Wednesday, August 27, 2025

တစ်ခုခုဖြစ်ခဲ့သလို မိတ်ဆက်

တစ်ခုခု ဖြစ်ခဲ့သလို မိတ်ဆက်
____________________________


ဘုရားပုံမှန် ရှိမခိုးဖြစ်ပေမဲ့ မေတ္တာပုံမှန် ပို့ဖြစ်ပါတယ်
တရား ခဏခဏ မနာကြားတတ်ပေမဲ့ ပရိတ်,ပဋ္ဌာန်း အမြဲရွတ်ဖြစ်ပါတယ်
မိဘကို မထောက်ပံ့နိုင်သေးပေမဲ့ မိဘစိတ်မဆင်းရဲရအောင် နေထိုင်ပါတယ်
စိတ်ညစ်ရင် တိတ်ဆိတ်နေတတ်ပြီး ပျော်တဲ့အခါ သီချင်းနားထောင်တတ်ပါတယ်
ငြီးငွေ့လာတဲ့အခါ မုတ်ဆိတ်ရိတ်ပြီး စိတ်ဖိစီးနေရင် ဆံပင်တိုတိုညှပ်ပါတယ်
လက်သည်းခြေသည်းတွေ ရှည်လာတာ မြင်ရရင် မနေတတ်ပေမဲ့
မုတ်ဆိတ်ရှည်အောင် ထားပြီး စိတ်လိုလက်ရ ညှဉ်းသိုးသိုးနေတတ်ပါတယ်
စကားပြောရင် တိုးတိုးညင်းညင်း အေးအေးဆေးဆေး ပြောတတ်ပေမဲ့
တစ်ယောက်တည်း ရယ်မိတဲ့အခါ ဟက်ဟက်ပက်ပက် အသံကျယ်နေတတ်ပါတယ်
အကူအညီတောင်းရမှာ ဝန်လေးတတ်ပြီး တတ်နိုင်တဲ့နေရာက ကူညီချင်လေ့ရှိပါတယ်
ကဗျာ မရေးတတ်တော့ဘူးလို့ တစ်ယောက်တည်း မကြာခဏ ပြောနေတတ်ပြီး
မရေးတတ်တော့တဲ့ ကဗျာတွေကို စိတ်ကူးပေါ်တိုင်း ရေးနေမိတတ်ပြန်ပါတယ်
ရေချိုးပြီး မှန်ကြည့်ဖြစ်တဲ့တစ်နေ့က “ကျွန်တော်က ဘယ်သူပါလဲ ရတုသစ်”လို့
ကိုယ့်ကိုယ်ကိုယ် ပြန်မေးရင်း မိုးမဆုံးမြေမဆုံး တွေးတောဖြစ်ခဲ့ဖူးပါတယ်
တစ်ခုခုဖြစ်ခဲ့တာ သေချာပေမဲ့ ဘာဖြစ်မှန်း မသိခဲ့တာလည်း သေချာခဲ့ပါတယ်
လောကဓံတချို့ကို ကဗျာနဲ့တွန်းကန်ရင်း လူသားပီပီသသ နေထိုင်ချင်ပါတယ်
ကဗျာတွေကို ရခဲ့မိတဲ့အတွက် နောင်တမရခဲ့ဖူးတာလည်း ဝန်ခံခဲ့ပါတယ်
ကဗျာတွေဆီကနေ ခံနိုင်ရည်တွေ ပြန်လည်ရရှိနေတာကိုလည်း ကျေးဇူးတင်ပါတယ်
ဘဝထဲ ကဗျာတွေ ရှိနေသေးသရွေ့ လောကကြီးထဲ နေပျော်အောင် နေပါတယ်
ကဗျာယဉ်ကျေးမှု မြင့်တက်လာမယ့်နေ့ကို မပျင်းမရိ စောင့်နေချင်ပါသေးတယ်။

ရတုသစ်

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks