__________________________________
ဝါဂွမ်းစိုင်လေးတွေ
အချင်းချင်း ပွေ့ဖက် နှုတ်ဆက်နေကြသလို
ရော့ကီးတောင်တန်းကြီးပေါ်
သိုးရိုင်းအုပ်များ အစာအိမ်အတွက် လှုပ်ရှားနေကြသလို
ပင်လယ်ရေမြှုပ်တွေရဲ့ တလှုပ်လှုပ် ရွေ့လျားမှုကို
ဝေဟင်က ငုံ့ကြည့်နေရသလို
စသဖြင့်...
စိတ်ကူးတည့်ရာအတိုင်း
ပုံဖော်ရေးဆွဲလို့ရတယ်
အရုပ်ရေးမရတဲ့ ရေပြင်ပေါ်
တိမ်တွေက အရိပ်ထင်နိုင်တယ်
တောင်တန်းတွေပေါ်
ထီးယောင်ဆောင်ပြီး အုပ်မိုးနိုင်တယ်
နေရောင်ခြည်ကြောင့် တိမ်ဖြစ်သလို
တိမ်ကနေ ပင်လယ်တွေထိ စီးဆင်းတယ်
အိမ်ကိုလွမ်းကြောင်း
တိမ်တွေနဲ့ ဘာသာပြန်ကြတယ်
အရာရာ မတည်မြဲကြောင်း
တိမ်တွေနဲ့ လေးနက်ပြကြတယ်
ခြေသလုံးအိမ်တိုင်ဘဝအကြောင်း
တိမ်တွေနဲ့ ကဗျာမှုပြုကြတယ်
မာယာများခြင်းအကြောင်း
တိမ်တွေနဲ့ ထပ်တူပြုကြတယ်
တိမ်ဆိုတာ ကဗျာပဲ
ဘာဖြစ်ဖြစ် ဖွင့်ဆိုလို့ရတယ်
အခု မော့ကြည့်နေမိတဲ့ကောင်းကင်မှာ
ဘယ်ပုံစံနဲ့ တိမ်တွေ လှနေသလဲ
တစ်ယောက်ချင်းစီမှာ
အဓိပ္ပါယ်တစ်မျိုးစီ ရှိနေကြလိမ့်မယ်
ဒါကိုက
တိမ်ရဲ့အရသာဖြစ်ပါတယ်။
#ရတုသစ်
02012025
2:52PM
(ကဗျာခေါင်းစဥ် - ကဗျာဆရာမခင့်မိုးခင်)
No comments:
Post a Comment